တပ်မတော်ပါဝင်သည့် မူးယစ် အထူးစစ်ဆင်ရေး လာမည့်နှစ် စမည်

0
625

တနင်္သာရီတိုင်းအတွင်း မူးယစ် ဆေးဝါးကို ထိထိရောက်ရောက်နှိမ်နင်း နိုင်ရန် တပ်မတော်နှင့် ပူးပေါင်းပြီး အထူး စစ်ဆင်ရေးစီမံချက်ဖြင့် လာမည့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဘုတ်ပြင်းမဲဆန္ဒနယ် ကိုယ်စား လှယ် ဦးနေလင်းထွန်း၏ မေးမြန်းချက် အပေါ် ပြည်ထောင်စု ဒုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေလင်းထွန်းက တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ် များရှိ ကျွန်းအခြေစိုက် ကျေးရွာများ၊ ပင်လယ်ရေလုပ်ငန်းခွင်များတွင် တစ်နေ့ တခြား ဆိုးရွားစွာ တိုးပွား ဖြစ်ပေါ်နေ သည့် မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူး သုံးစွဲနေကြခြင်းကို အထူးစီမံ ချက်များ ရေးဆွဲ၍ တိုက်ဖျက်နှိမ်နင်း ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့သည်။

“တနင်္သာရီတိုင်းဒေသကြီးအတွင်း ဘုတ်ပြင်းမြို့နယ်အပါအဝင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး စစ်ဆင် ရေးကို တပ်မတော်နှင့် ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်အတွင်း စီမံချက်ရေးဆွဲ သက်ဆိုင်သည့် အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းကာ မြန်မာ့ ပင် လယ်ပြင်တွင် အဓိက တိုက်ဖျက်စေလို ကြောင်း ၎င်းက ဆိုသည်။
ပင်လယ်ဒေသတွင် နေထိုင်ကြ သည့် ပြည်သူလူထူအများစုမှာ ဖွံ့ဖြိုးမှု နောက်ကျနေသော ဒေသတွင် နေထိုင် ရခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်း ပြီး အကာအကွယ်မဲ့သည့် ပင်လယ်ပြင် ကြီးအတွင်း မူးယစ်ဆေးဝါးများကို လွတ်လပ်စွာ ဝယ်ယူရရှိနေခြင်း အစရှိ သည့် အချက်များကြောင့် ပင်လယ် ရေလုပ်သား ၉၀ ရာခိုင်နှုန်းနီးပါးမှာ မူးယစ်ဆေးဝါး သုံးစွဲပြီးမှ အလုပ်လုပ် နိုင်သည့် အခြေအနေကို ရောက်ရှိနေ သည်ဟု ဦးနေလင်းထွန်းက ပြောသည်။

“ပင်လယ်ကျေးရွာများမှာလည်း အခြေစိုက် အမြဲတမ်းရဲစခန်းများ ဖွင့်လှစ်ထားမှု နည်းပါးသည့်အတွက် ကျေးရွာ လူငယ်များ၏ ၈၀ ရာခိုင်နှုန်း ခန့်ဟာ မူးယစ်ကျေးကျွန်များ ဖြစ်နေ ကြပြီးတော့ အခြေခံပညာကျောင်းများ အထိ ပျံ့နှံ့ လျက်ရှိပါတယ်”ဟု ဦးနေလင်းထွန်းက ပြောသည်။
အဆိုပါ ရာနှုန်းများသည် သုတေ သနပြုထားသည့် ရာနှုန်းများမဟုတ်ဘဲ ၎င်း၏ အတွေ့ အကြုံအရ ခန့်မှန်းခြင်း ဖြစ်ကြောင်း ဦးနေလင်းထွန်းက ပြောသည်။
ကျွန်းစုမြို့နယ်တွင်လည်း မူးယစ် ဆေးဝါးကို လွတ်လပ်စွာရောင်းနေကြ သောကြောင့် ယင်းသို့ရောင်းချခွင့်ရှိ သည်ဟုအထင်ဖြင့် ရွာသားအချို့က တရားဝင်ရောင်းချခွင့်ပေးရန် တင်ပြ တောင်းဆိုသည်အထိ ကြုံဖူးကြောင်း ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက အမျိုးသား လွှတ်တော်ပုံမှန်အစည်းအဝေး တွင် ၂၀၁၆ခုနှစ် ဩဂုတ်လ ၁ ရက်က ပြောဆိုခဲ့ဖူးသည်။

မူးယစ်ဆေးဝါးက ပင်လယ်ကျေး ရွာများသာမက တနင်္သာရီတိုင်း တစ်ခု လုံးတွင် ပျံ့နှံလျက်ရှိသည်။
ဈေးကွက်တွင် WY ဆေးပြားမှာ ဝယ်ယူရလွယ်ကူသည့် အနေအထား တွင်ရှိနေပြီး တစ်ပြားလျှင် ကျပ် ၄၀၀၀ ပေါက်ဈေး ရှိနေကြောင်း WY ဆေးပြား မကြာခဏ သုံးစွဲလေ့ရှိသည့် အသက် ၂၈ နှစ် အရွယ် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုင်းအတွင်း မူးယစ် ပညာပေးလုပ်ငန်းများ၊ ရပ်ရွာများ အတွင်း ပြည်သူအခြေပြုအဖွဲ့များဖြင့် မူးယစ်သတင်းများရယူခြင်း၊ ဖမ်းဆီး ခြင်းနှင့် မူးယစ်ဆေးဖြတ်လုပ်ငန်းများ လုပ်ဆောင်နေပြီး စစ်ဆင်ရေးစီမံချက် ဆွဲရန် ညွှန်ကြားလာပါက အထက်ဌာန ၏ ညွှန်ကြားချက်နှင့်အညီ အသေးစိတ် စီမံချက်ရေးဆွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

“နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့အတွက် ညွှန်ကြားချက်တွေ လာ မှာပေါ့၊ ညွှန်ကြားချက်အတိုင်း ဆက် လုပ်ရမှာပေါ့”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
တိုင်းအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးရေး၊ အသိပညာပေးရေး၊ ကုသ ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း များ ဖွင့်လှစ်ရေးတိုက်တွန်းကြောင်း အဆိုကို တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင် ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က တင်သွင်း ခဲ့ဖူးပြီး အဆိုအောင်မြင်ထားသည်။

အဆိုအောင်ပြီးပြီးချင်း ကာလ တစ်ခုတွင် ကျွန်းစုတွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုအပေါ် အားရခဲ့ပြီး နောက်ပိုင်း အဖျားရှုးသွားခဲ့သည်ဟု ဒေါက်တာ ထူးနေအောင်က ဆိုသည်။
ယင်းကြောင့် တိုင်းလွှတ်တော်တွင် ထပ်မံဆွေးနွေးရာ နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ဖမ်းမိမှုများခဲ့သော်လည်း ဒိုင်ကြီးများကိုမမိဟု ၎င်းက ပြောသည်။
“တပ်မတ်ာက ၂၀၁၈မှာ စီမံချက် ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ ကြိုဆိုပါတယ်၊ ဒါပေမဲ့ တပ်မတော်သည် နိုင်ငံတော်ရဲ့ ကာ ကွယ်ရေးနဲ့လုံခြုံရေးစတဲ့ အရေးကြီးတဲ့ တာဝန်ယူထားတဲ့ အတွက် ရဲတပ်ဖွဲ့သာ အဓိကဆိုင်မှာပါ”ဟု ဒေါက်တာ ထူးနေ အောင်က ပြောသည်။

တိုင်းအတွင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါးဖမ်းမိသည့် အမှုပေါင်း ၅၁၇ မှုမှ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေး များဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အောက်တိုဘာလအထိ အမှုပေါင်း ၅၀၈ မှုမှ ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးနိုင်ခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။