ကျွန်းနှင့် ကမ်းခြေရွာများတွင် ဒေသအခြေခံ ခရီးသွားလုပ်ငန်း ကော်မတီစဖွဲ့

0
489

ဒေသအခြေခံ ခရီးသွားလုပ်ငန်း ကော်မတီများကို ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် သုံးခုရှိ ကျွန်းနှင့် ကမ်းခြေရွာများတွင် စတင်ဖွဲ့စည်းလျက် ရှိသည်။
ကော့သောင်းခရိုင်တွင် ဘိုချိုကျွန်း ရှိ မကြုံဂလက် ကျေးရွာနှင့် မြိတ်ခရိုင် တွင် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်းကျေးရွာ တို့တွင် ဒေသအခြေခံ ခရီးသွားလုပ်ငန်း ကော်မတီများကို ယခုလအတွင်း ဖွဲ့ စည်းခဲ့ပြီး ထားဝယ်ခရိုင်တွင်မူ စမ်း လှမ်းကျေးရွာတွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ဒေသအခြေခံ ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) လုပ်ငန်းလုပ်ကိုင်ရန် ပထမဆုံး ခြေလှမ်းအနေဖြင့် ကော်မတီကို ဖွဲ့စည်း ခြင်းဖြစ်ပြီး ခွင့်ပြုချက်ရရန် လုပ်ဆောင် ရမည့် အဆင့်များစွာ ကျန်သေးသည်ဟု တိုင်းဟိုတယ်/ခရီးမှ တိုင်းဦးစီးမှူး ဦးညိုအေးက ပြောသည်။
“CBT အကောင်အထည်ဖော်ဖို့ အတွက်ကို ကော်မတီဖွဲ့တဲ့အခါမှာ သက်ဆိုင်ရာ ရွာရဲ့အားလိုတယ်၊ ရွာရဲ့ အားမရှိရင် ကော်မတီလည်း အလုပ် မဖြစ်ဘူး။ ဒါက CBT လုပ်ဖို့အတွက် ကို ကနဦးစပြီး လှမ်းခဲ့တဲ့ ခြေလှမ်း တစ်ခုပဲ”ဟု ဦးညိုအေးက ဆိုသည်။

စမ်းလှမ်းနှင့် မကြုံဂလက်တွင် လာမည့်ခရီးသွားရာသီ မီအောင် ကြိုးစားမည်ဖြစ်ပြီး ဒုံးညောင်မှိုင်းကိုမူ လက်ရှိ ခရီးသွားရာသီအမီ လုပ်ဆောင် နိုင်ရန် မျှော်မှန်းထားသည်ဟု ဦးညိုအေး က ပြောသည်။
အဆိုပါ ကော်မတီ၏ သက်တမ်း မှာ ၃ နှစ်ဖြစ်ပြီး အာဆီယံ CBT စံချိန် စံညွှန်းအတိုင်း အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဆီယံCBT စံညွှန်းအတိုင်းဝန် ဆောင်မှု ပေးနိုငရန် လိုအပ်ချက်များအား ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ကော့ သောင်းမြို့နယ် ဟိုတယ်/ခရီးမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
“CBTရဲ့ သဘောက ခုဆို နိုင်ငံ ခြားသားတွေ ကျွန်းတွေသွားရင် တည်းခိုခန်းမရှိတဲ့အတွက် ညအိပ်ခွင့် မရှိဘူး၊ အကယ်၍CBT လုပ်ခွင့်ကျ ပြီးဆိုရင် တရားဝင် တည်းခိုခွင့်ရမယ်၊ အဲ့ဒီပရောဂျက်ကို ဒေသခံထဲကပဲ ကြီးကြပ် ဆောင်ရွက်ပြီး ဘယ်ဌာနမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ကော်မတီများကို သက်ဆိုင်ရာ ဟိုတယ်/ခရီးဦးစီးဌာန တာဝန်ရှိ သူများက သွားရောက်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဒေသရတဲ့က ဝင်ငွေတွေကို ကျွန်တော်တို့ ကိုယ်တိုင် စီမံနိုင်မယ်ဆိုတော့ သဘောတူတယ် ကျေနပ်တယ်”ဟု မကြုံဂလက်ကျေးရွာ တွင် ကော်မတီ ရွေးချယ်ပွဲတက်ရောက် ခဲ့သည့် ဒေသခံ ဦးသန်းလွင်က ပြော သည်။

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်း များနှင့် ကမ်းခြေများကို လည်ပတ်ရန် ပြည်တွင်း/ပြည်ပ ခရီးသွားများ က စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။