အနည်းဆုံးလုပ်အားခ တစ်ရက် ကျပ် ၅၆၀၀ တောင်းဆို

0
427

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားများက အနည်းဆုံး လုပ် အားခကို တစ်ရက် ကျပ် ၅၆၀၀ တောင်းဆိုခဲ့ကြကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ ကော်မတီ တာဝန်ရှိသူနှင့် အလုပ်သမား အချို့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပ သော တနင်္သာရီတိုင်းဒေသကြီး အနည်း ဆုံးအခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ ကော်မတီ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း၏ ကုန်ဈေးနှုန်း အခြေအနေအရ ယင်းသို့ တောင်းဆို ရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက် ရောက် ဆွေးနွေးခဲ့သူ လောင်းလုံးမြို့နယ် အလုပ်သမားနှင့် ရေလုပ်သားသမဂ္ဂ (ယာယီ)ဥက္ကဌ ဦးကိုကိုဦးက ပြောသည်။
“၄၀၀၀ ကျော်လောက်နဲ့ဆို အဆင် မပြေနိုင်လောက်ဘူး၊ အလုပ်သမား ဈေးကနိမ့်နေပြီး ကုန်းဈေးနှုန်းက မြင့်နေ ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာမှာ ပူရတယ်”ဟု ဦးကိုကိုဦးက ပြောသည်။

အလုပ်ရှင်တစ်ဦးကမူ ကျပ် ၄၈၀၀ သတ်မှတ်သင့်ကြောင်း ဆွေးနွေးခဲ့ သည်ဟု တနင်္သာရီတိုင်းဒေသကြီး အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
“အလုပ်ရှင် အလုပ်သမားတွေရဲ့ အသံကို ရယူတဲ့ပွဲပါ။ ဆွေးနွေးချက် တွေကို အနည်းဆုံး အခကြေးငွေ သတ် မှတ်ခြင်းဆိုင်ရာ တိုင်းဒေသကြီး ကော် မတီကတစ်ဆင့် အမျိုးသားကော်မတီကို ပြန်တင်ပြရပါမယ်”ဟု ဦးခင်မောင်ဝင်း က ပြောသည်။

လွန်ခဲ့သည့် ဩဂုတ်လအတွင်းက တိုင်းတွင်း ခရိုင် ၃ ခုတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆွေးနွေး ပွဲများ ကျင်းပခဲ့ဖူးသည်။
ယင်းဆွေးနွေးပွဲများတွင် ကော့ သောင်းခရိုင်မှ အလုပ်သမားများဘက်မှ ကျပ်၇၂၀၀၊ အလုပ်ရှင်ဘက်မှ ကျပ် ၄၅၀၀၊ ကျပ် ၅၀၀၀၊ မြိတ်ခရိုင်မှ အလုပ် သမားများရော အလုပ်ရှင်ပါ ကျပ် ၅၂၀၀၊ ထားဝယ်ခရိုင်မှ အလုပ်သမားများ ဘက်မှ ကျပ် ၆၀၀၀၊ အလုပ်ရှင်ဘက်မှ ကျပ် ၄၀၀၀ အသီးသီး တောင်းဆိုခဲ့ ဖူးသည်။

တိုင်းဒေသကြီး အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ ကော်မ တီမှ ယင်းတောင်းဆိုချက်များကို ခြုံငုံ သုံးသပ်ကာ တနင်္သာရီတိုင်းအနေ ဖြင့် အနည်းဆုံးအခကြေးငွေကို ကျပ် ၅၀၀၀ သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ကာ အမျိုးသားကော်မတီတွင် တင်ပြဆွေးနွေး ခဲ့ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

အမျိုးသားကော်မတီမှ ပြည်နယ် နှင့်တိုင်းအသီးသီး၏ တင်ပြဆွေးနွေး မှုများကို ပြန်လည်စုစည်းကာ ကျပ် ၄၀၀၀နှင့် ကျပ် ၄၈၀၀ ကြား သတ်မှတ် သင့်/မသင့် အလုပ်ရှင် အလုပ်သမား များအား ပြန်လည်ရှင်းပြ ဆန္ဒရယူရန် ဆုံးဖြတ်သဖြင့် ယခုကဲ့သို့ တိုင်းဒေသ ကြီးအဆင့် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ ထားဝယ်မြို့တွင် ပြု လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ တစ်ရက် ၃၆၀၀ ကျပ် သတ်မှတ်ခဲ့သည်။

အမျိုးသားကော်မတီအနေနှင့် သတ်မှတ်ပြီး အနည်းဆုံးအခကြေးငွေ နှင့်ပတ်သက်၍ လက်ရှိပြောင်းလဲလာသောအခြေအနေနှင့်အညီ စိစစ်ပြီး ၂ နှစ်လျှင် အနည်းဆုံး ၁ ကြိမ် ပြင်ဆင် သတ်မှတ်ခြင်း၊ အတည်ပြုခြင်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်နိုင်သည်ဟု ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၅(ဇ)တွင် ဖော်ပြသည်။