ပြောင်းလဲချိန်တန်ခဲ့ပြီးနောက်

0
642

အခုတစ်လော တိုင်းဒေသအစိုးရ အဖွဲ့နဲ့ လွှတ်တော်တာဝန်ရှိသူများအပေါ် ပြည်သူကြားမှာရော လူမှုကွန်ရက် စာမျက်နှာများမှာပါ အားမလိုအားမရ ဝေဖန်သံများ ခပ်စိပ်စိပ်(ခပ်စပ်စပ်) ထွက်ပေါ် နေပါတယ်။
ဒါဟာ နိုင်ငံရေး ဖြစ်စဉ်မှာ ပြည်သူ ပါဝင်မှု မြင့်မားလာတာလို့ ယူဆနိုင် သလို အစိုးရတာဝန်ယူထားသူများ ကလည်း စွမ်းဆောင်ရည် မြင့်မားလာဖို့ လိုအပ်နေပြီဆိုတာ အချက်ပြနေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရနဲ့ တည်ဆဲအခြေ အနေတစ်ခုဖြစ်ပေါ်လာအောင် ပြည်သူ တစ်ရပ်လုံး အားကြိုးမာန်တက် ပါဝင် ပတ်သက်ခဲ့တာကို ထောက်ရှုပါက ဒီနေ့ ဖြစ်ပေါ်နေတဲ့ အားမလို အားမရ ဝေဖန် သံများဟာ အကျိုးအကြောင်း ဆီလျော် လှပါတယ်။
ဒီမိုကရေစီ အစိုးရနဲ့ ပြည်သူအကြား မှာ အခါအားလျော်စွာ အကြောင်းအရာ ခေါင်းစဉ်အပေါ် မူတည်ပြီး သဘောထား ကွဲလွဲ ဝေဖန်ထောက်ပြမှုများ ဖြစ်လေ့ ဖြစ်ထ ရှိတတ်ကြပါတယ်။ အကြောင်း အရာ ခေါင်းစဉ်ပေါင်းစုံ ဆက်တိုက် ဝေဖန်သံ ဆူညံလာပြီဆိုပါက စိုးရိမ်ဖွယ် အခြေအနေတစ်ခုဆီ ဦးတည်သွားလေ့ရှိ တာလည်း သဘာဝဖြစ်ပါတယ်။
အနိမ့်ဆုံးအဆင့် အစိုးရနဲ့ပြည်သူ ကြား ယုံကြည်မှုတွေ ပျက်စီးသွားပြီး ကျွန်တော်တို့ ရင်းနှီးခဲ့ကြရတဲ့ အားထုတ် မှု၊ အချိန်ကာလများ အဟောသိကံ ဖြစ် သွားနိုင်ပါတယ်။

ယနေ့ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အကြောင်းအရာ ခေါင်းစဉ်များကို အကျဉ်းရုံးရမယ်ဆိုရင် မူးယစ်ဆေးဝါး၊ သိမ်းဆည်းခံ လယ်ယာမြေ၊ တရားဥပဒေ စိုးမိုးရေး၊ လျှပ်စစ်၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်မှ သည် ဘယ်သူက ဘယ်နေရာမှာ ဘာ ပြောလိုက်တယ်ဆိုတာအထိ တစ်နေ့ တစ်မျိုး မရိုးရအောင် ကြားနေမြင်နေရတဲ့ အခြေအနေပါ။
ကျွန်တော်အနေနဲ့ ကျွန်တော်တို့ ထောက်ခံခဲ့တဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ အစည်းမှာ ပြည်သူအတွက် ပိုမိုကောင်း မွန်တဲ့စနစ်တစ်ခုကို သွားဖို့ တိကျတဲ့ မူဝါဒလမ်းစဉ်တွေ ရှိလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့်လည်း ပြောင်းလဲချိန် တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့လို့ ကြွေးကြော်ခဲ့တာကို အားလုံးက ပျော်ရွှင် စွာ လိုက်ပါခဲ့ကြတာပါ။

လက်ရှိ တိုင်းဒေသကို တာဝန်ယူ နေကြသူတွေ ကိုယ်တိုင်လည်း ကြုံတွေ့ ခံစားသိရှိပြီးသားကိစ္စတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောင်းလဲချိန်တန်ခဲ့ပြီး နောက်တိုင်းဒေသ အစိုးရအဖွဲ့နဲ့ လွှတ် တော် တာဝန်ရှိသူများဟာ အိမ်စာ မကြေကြတာလား၊ ယုံကြည်ချက် ပျောက် ဆုံး နေကြတာလား၊ ခေါင်းဆောင်ကို မှီခိုလွန်းတာလားတော့ မသိပါ။ အစိုးရနဲ့ ပြည်သူအကြား အငြင်းပွားဖွယ် အခြေ အနေကလွဲလို့ တိုးတက်မှု မည်မည်ရရ မရှိတာတော့ အမှန်ဖြစ်ပါတယ်။
အချို့ကိစ္စတွေမှာ”အရပ်ရပ် နေပြည်တော် ကြားလို့မှမတော်”ဆိုတာ မျိုး ဖြစ်နေပါတယ်။

တရားဥပဒေစိုးမိုးရေးကို အကောင် အထည်ဖော်မယ့် အဖွဲ့အစည်းက “လက်ရှိ မြေယာပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်း လို့ မရဘူး” ၊ “ကံဆိုးလို့ ဝန်ကြီးချုပ် ဖြစ်နေရတာပါ” အစရှိတဲ့ ပြောစကား တွေဟာ ကြားရသူရင်ကို ထိရှစေသလို အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေ ပါတယ်။
ပြည်သူထောက်ခံတဲ့ ခေါင်းဆောင် ကြီးက အသက်အရွယ်နဲ့မမျှ ရုန်းကန် ကြိုးပမ်းနေချိန် သူယုံကြည်စွာ မျက်နှာ လွှဲခံရသူများက “ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်” လုပ်နေကြတာမျိုး တော့ မလုပ်သင့်ပါ။

ခေါင်းဆောင်လုပ်သူဟာ မူဝါဒနဲ့ ဆောင်ရွက်ရမည့် မူဘောင်ကိုသာ ချပေးပါလိမ့်မယ်။ ဆောင်ရွက်ရမည့် လုပ်ငန်းများကို မိမိတို့ဒေသနဲ့ ကိုက် ညီမည့် လုပ်နည်းလုပ်ဟန်များ၊ ဆုံး ဖြတ်ချက်ဖြင့် အကောင်အထည်ဖော်ရမှာ မိမိတို့ တာဝန်ဖြစ်ပါတယ်။
အောင်မြင်မှုရခြင်း မရခြင်းဟာ မိမိတို့ အရည်အသွေး ဖြစ်ပါတယ်။ ဒီဒေသအတွက် အဆုံးအဖြတ်ပေးသူတွေ မှာ မိမိတို့ ကိုယ်တိုင်သာဖြစ်ကြောင်းကို မမေ့သင့်ပါ။
တစ်နိုင်ငံလုံး အတိုင်းအတာအရ လိုအပ်ချက်များသည် ဒေသတစ်ခုနဲ့ တစ်ခု တူညီကြမည် မဟုတ်ပါ။

ဥပမာအားဖြင့် ငြိမ်းချမ်းရေးသည် အခြားဒေသအတွက် သေရေးရှင်ရေး ဖြေရှင်းရမှာ ဖြစ်သော်လည်း ဒီဒေသ အတွက် ပုံမှန်အနေအထား ထိန်းထားရုံ သာ ဖြစ်ပါတယ်။
လျှပ်စစ်ပြဿနာဟာ အခြားဒေသ မှာ လည်းဖြစ်နေတဲ့ အရေးအရာဆိုသော် လည်း မိမိတို့ဒေသဟာ ဂက်စ်ထွက်ရှိ နေတာကို အကြောင်းပြုကာ နိုင်ငံရေး အသွင်ဆောင်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းဟာ ထူးခြားလက္ခဏာ ဖြစ်ပြီး ဒေသနဲ့ကိုက်ညီအောင် တီထွင် ဖန်တီးရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။
သိမ်းဆည်းခံ လယ်ယာမြေ ပြဿ နာဟာ ဧရိယာကြီးမားတဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလဲ ဖြစ်နေဆဲ ဖြစ်စဉ်တူ ပုံမှန်ကိစ္စတစ်ခုသာဖြစ်ပေမယ့် ဒီဒေသ အတွက် ကြီးမားသော စိန်ခေါ်ချက်ကြီး အသွင်ဆောင်နေခြင်းမှာ အံ့ဩဖွယ် ကောင်းလှပါတယ်။

နိုင်ငံအနှံ့အပြား ဖြစ်ပေါ်နေတဲ့ လယ်ယာမြေပြဿနာများကို ဖြေရှင်း နိုင်ဖို့ ဒုတိယသမ္မတ ဦးဆောင်သော လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော် မတီကို အောက်ခြေအဆင့်အထိ ဖွဲ့စည်း ထားပြီး ဆောင်ရွက်ရမည့် နည်းလမ်းများ လည်း တိတိကျကျညွှန်ကြားပြဋ္ဌာန်း ဆောင်ရွက်နေကြပါတယ်။
ဒါ့အပြင် အခြားဘယ်တိုင်းနဲ့ပြည် နယ်များမှာမှ မရှိတဲ့ မြေယာကိစ္စများ အထူးကော်မတီကို တနင်္သာရီတိုင်းမှာ ဖွဲ့ပြီး လုပ်ကိုင်နေတဲ့ကြားက ပြဿနာ တွေ ပြေလည်မသွားဘဲ တစ်နေ့ တစ်ခြား ကြီးမားလာတာဟာ အစိုးရရဲ့ ချဉ်းကပ်မှု (ဥပမာတစ်နေရာမှာ လယ်ထဲမြေဖို့တာ ခွင့်မပြုသော်လည်း အခြားနေရာမှာ ထင် ထင်ရှားရှား မြေဖို့ နေကြတာမျိုး၊ ဥယျာဉ် ခြံမြေများကို အကွက်ရိုက် ရောင်းချခွင့် မရှိကြောင်း ကွင်းဆင်းဟန့်တားလိုက်မှ အရောင်း အဝယ် ပိုမိုမြန်ဆန်သွားတာမျိုး)နဲ့ အပြောအဆို မသိမ်မွေ့မှုများကြောင့် ဖြစ်နေရတာ ထင်ရှားပါတယ်။

မိမိတို့ကို ဆန္ဒမဲပေးရွေးချယ် လိုက်တဲ့ ပြည်သူများရဲ့ အရေးဟာ မိမိ တို့အရေး ဖြစ်ပါတယ်။ ဘယ်အရေး ကိစ္စက ငါတို့ လုပ်ပေးလို့ မရဘူးဆိုတဲ့ အသံများလည်း ကြားရပါတယ်။
ဥပမာ ကမ်းနီးကမ်းဝေး ကိစ္စ၊ သစ်တော ကျူးကိစ္စတွေ ဖြစ်ပါတယ်။ ပြည်ထောင် စုအဆင့်၊ တိုင်းအဆင့်ဆိုပြီး ပြည်သူကို အကြောင်းပြနေတာမျိုး မကြာခဏ ကြားနေမြင်နေရပါတယ်။ သာမန် ပြည်သူတစ်ယောက်ကို ဒီလို အကြောင်း ပြချက်နဲ့ နှစ်သိမ့်လို့ မရ ပါဘူး။ ကိုယ့် မလုပ်နိုင်ရင် လုပ်နိုင်သူကို ထပ်ဆင့် ဆက်သွယ်အကြောင်းကြားလုပ် ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တချို့ လွှတ်တော် ကိုယ်စားလှယ်တွေက မိမိ ကိုယ်ကိုဝန်ကြီးလို့ ထင်နေပြီး တချို့ ဝန်ကြီးတွေက လွှတ်တော်ကိုယ်စား လှယ်ဆီကို ဘော်လီဘောပုတ်နေမျိုး လည်း တွေ့နေရပါတယ်။ ဒါဟာ မိမိ တို့ အိမ်စာမကြေကြောင်း ထင်ရှားပါ တယ်။

မော်တော်ကားလမ်းတွေ ကောင်း လာတာ၊ စာသင်ကျောင်းတွေ ဆောက် နေတာလောက်နဲ့ တာဝန်ကျေလှပြီ မထင်ကြစေလိုပါ။ ဒါတွေက ဘယ် အစိုးရတက်တက် ပြည်သူ့ဘဏ္ဍာနဲ့ ဝန်ထမ်းတွေက ပုံမှန်လုပ်နေကြလုပ်ငန်း တွေ ဖြစ်ပါတယ်။
ဘယ်ခေတ်မှာမှ မရဖူးတဲ့ ပြည်သူ့ ဝန်းရံမှုကို မှန်ကန်စွာ အသုံးချ သင့်ပါ တယ်။ အလုပ်အကိုင် အခွင့်အလမ်း တွေရရှိစေမဲ့ အကျိုးရှိတဲ့ စီမံကိန်းတွေ ရဲရဲဝံ့ဝံ့ချမှတ် အကောင် အထည်ဖော် သင့်ပါတယ်။ ပြည်သူတိုင်ကြား တင်ပြ စာတွေကို ကိုယ်ချင်းစာတရားနဲ့ အသိ အမှတ်ပြု ဆောင်ရွက်ပေးပြီး ဆောင်ရွက် မှု အခြေအနေတွေကို အခါအားလျော်စွာ ပြန်ကြား ရှင်းလင်းသင့်ပါတယ်။

မိမိတို့နဲ့ လုပ်ငန်းသဘောအရ မလွှဲ မရှောင်သာ နီးစပ် ပတ်သက်နေရသူများ ရဲ့ ပကတိ အရှိတရားကို သိရှိထား ပြီး အများပြည်သူ အထင်အမြင် မလွဲ မမှားအောင် ပြုမူဆောင်ရွက်သင့်ပါ ကြောင်း အကြံပြုပါတယ်။
တစ်ချိန်တည်းမှာပင် ဝန်းရံပြည်သူ များကိုလည်း မေတ္တာရပ်ခံလိုတာက တည်ဆဲ အစိုးရဖြစ်ပေါ်လာဖို့အတွက် ပြည်သူအနေနဲ့ ၁၀၀ ရာခိုင်နှုန်းအားထုတ် ကြိုးပမ်းခဲ့ကြတာ ငြင်းမရသော အချက် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ပြည်သူ များက ဝေဖန်ထောက်ပြနေကြတာလဲ သဘာဝကျပါတယ်။ သို့သော်လည်း အချိန်နဲ့အမျှ အရာခပ်သိမ်းကို ဝေဖန် ပြောဆိုနေပါက ထောက်ပြရာ မရောက် ဘဲ ချောက်ချသလိုဖြစ်သွားမှာ စိုးရိမ်ပူ ပန်မိပါတယ်။

နှစ်ဦးနှစ်ဖက်သံသယတွေနဲ့ ယုံကြည်မှု တွေကင်းမဲ့ပြီး ကြားလူတွေ ဝမ်းသာစရာ လက်ညှိုးထိုးစရာ မေးငေါ့ စရာတွေ ဖြစ် နေရပါလိမ့်မယ်။
ကျွန်တော်တို့ ထောက် ခံနေတဲ့ ခေါင်းဆောင်ဟာ တော်ရုံ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကြောင့် အမှန်တရားကို လျစ် လျူရှုတတ်သူ မဟုတ်ပါ၊ လုံလောက် သော အကြောင်းပြချက်နဲ့ မှန်ကန်တဲ့ တင်ပြချက်တွေဆိုရင် ထိုက်တန် အောင် ဆုံးဖြတ်သွားလိမ့်မယ်ဆိုတာ သတိပြုကြ စေလိုပါတယ်။

ကျွန်တော် ဒီနေ့ရရှိနေတဲ့ နိုင်ငံရေး အခြေအနေဟာ တစ်ဦးတစ်ယောက် စွမ်းဆောင်ချက်နဲ့ ရရှိခဲ့တာ မဟုတ် ပါဘူး။ ပြည်သူအားလုံးက တက်ညီ လက်ညီနဲ့ ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ လို့ ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေ များဟာ လမ်းဆုံ လမ်းခွကို ဦးတည်နေ တာ ထင်ရှားပါတယ်။ သက်ဆိုင်သူ အားလုံးက အချိန်မီ ပြုပြင်နိုင်ကြပါ စေကြောင်း အကျိုးမျှော်လို့ နှိုးဆော် လိုက်ရပါတယ်။
ဧသုနိုင်