ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အလှူငွေ ယခင်နှစ်ထက် ကျပ်သိန်းနှစ်ရာနီးပါး ပိုရ

0
461

တန်ဆောင်တိုင်ကာလက ကျင်းပ ခဲ့သည့် ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပွဲတွင် ရရှိသည့် အလှူခံရ ငွေမှာ ယမန်နှစ်ထက် ငွေကျပ် သိန်း နှစ်ရာနီးပါး ပိုမိုရရှိခဲ့ကြောင်း ဘုရား ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ် ကျင်းပသည့် ၁၀၈ ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတွင် အလှူငွေကျပ် သိန်းခုနစ်ရာကျော် ရရှိ ခဲ့ပြီး ယမန်နှစ်က ကျပ်သိန်း ငါးရာ ကျော် ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုသည်။

“ဘုရားပွဲလာတဲ့ ဧည့်သည်တွေ ပိုများလာသလို ဂေါပကအဖွဲ့ကလည်း အလှူမဏ္ဍပ်ဖွင့်ပြီး အလှူခံလို့ပိုများလာ တယ်”ဟု ဦးထွန်းကြည်က ပြောသည်။
ရရှိသည့်အလှူငွေ အများစုကို ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရာတွင် အသုံးပြုသွား မည်ဖြစ်ပြီး အချို့ကို ကျောက်ပြားခင်း ခြင်းကဲ့သို့သော ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲသည် ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် အထူးစည်ကားသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။