ထားဝယ်တွင် ထွေ/အုပ် ကောက်ခံသည့် အခွန်လေးမျိုးအနက် ယစ်မျိုးအခွန် အများဆုံးရ

0
419

ထားဝယ်ခရိုင်တွင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်လေးမျိုးအနက် ယစ်မျိုးအခွန် ကောက်ခံ ရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ထွေ/အုပ်ဌာနက ယစ်မျိုးအခွန်၊ မြေခွန်၊ တာတမံအခွန်နှင့် ဓာတ်သတ္တုအခွန်များ ကောက်ခံနေပြီး လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာလအထိ ယစ်မျိုးအခွန်မှ ငွေကျပ်သိန်းပေါင်း ၁၄၀၀ နီးပါး ကောက်ခံ ရရှိခဲ့ကြောင်း ခရိုင်ထွေ/အုပ်ရုံးမှ ဦးစီး အရာရှိက ဆိုသည်။
“ယစ်မျိုးက အခွန်ရတာ အများဆုံးပဲ၊ လိုင်စင်က အသစ်ချ မပေးတော့ဘူး၊CS-2A (အရက်ဖြူရောင်းခွင့်လိုင်စင်)ကို အဆင့် မြှင့်တာပဲရှိတယ်”ဟု ခရိုင် ထွေ / အုပ်ရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက ပြောသည်။

ယင်းအခွန် ၄ မျိုးအတွက် ကောက်ခံ ရရှိသည့် ငွေများကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေအဖြစ် ပေးသွင်းရကြောင်း ၎င်းက ဆိုသည်။
မြေခွန်ကောက်ခံရမှုမှ ဒုတိယ အများ ဆုံးရရှိပြီး တာတမံခွန်မှာ ငွေကျပ်သောင်း ဂဏန်းသာရရှိကာ အနည်းဆုံး ဖြစ်သည်။
ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ ခုတွင် ယစ်မျိုးလိုင်စင် ၂၄၃ ခုရှိကြောင်း ခရိုင်ထွေအုပ်ရုံး မှတ်တမ်းအရ သိရသည်။

ယစ်မျိုးလိုင်စင် အမျိုးအစားအလိုက် လိုင်စင်ကြေးမှာ ငွေကျပ် ၁ သိန်းမှ ၇၆ သိန်း (အရက်ချက်စက်ရုံဖြင့် ချက်လုပ်ခွင့်) အထိ ဈေးအမျိုးမျိုး ရှိသည်။

၂၀၁၇-၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ ကောက်ခံရရှိသည့် ငွေ(ကျပ်)
ယစ်မျိုးအခွန် မြေယာအခွန် ဓာတ်သတ္တုအခွန် တာတမံအခွန်
၁၃၉၆၄၀၀၀၀ ၆၃၀၅၈၃၂.၂၈ ၈၂၁၉၆၂၀၀ ၂၃၀၃၉.၂၅