အာဏာရှင်ဆန်တာ ကောင်းသလား

0
496

“အာဏာရှင်လည်း ဖြစ်ရင် ဖြစ်စေ ဦးတော့၊ စစ်အာဏာရှင် မဖြစ်ရင် တော်ပြီ”
လူမှုကွန်ရက်ပေါ်မှာ မိတ်ဆွေ တစ်ယောက်ရေးတဲ့ ထင်မြင်ချက်ကို ဖတ်ပြီး အတွေးလှိုင်း ထန်ခဲ့တယ်။ တွေးဆို . . . တွေးလည်း တွေးစရာကိုး။ အာဏာရှင်ဆိုတာ ဘာလဲ။ စစ်အာဏာ ရှင်ဆိုတာ ဘာလဲ။ အဲဒီနှစ်ခုက။

ဘာကြောင့် အာဏာရှင်က စစ် အာဏာရှင်ထက်တော့ ကောင်းသေး တယ်လို့ တွေးနေကြတာလဲ။ အဲလို တွေးနေသူတွေ ဘယ်လောက်တောင် များသလဲ စသဖြင့် မေးခွန်းပေါင်းများစွာ။
ဒါကြောင့် အာဏာရှင်စနစ်၊ အာဏာရှင် အစိုးရ (Dictatorship)ဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက်ကို ရှာဖတ်ကြည့်တယ်။ ဟိုရှာဒီရှာ ရှာရင်းနဲ့ BBC ရဲ့ ဝက်ဘ်ဆိုက်မှာ ကျောင်းသူ ကျောင်းသားတွေ လေ့လာသင်ယူမှု အတွက် အထောက်အကူဖြစ်အောင် လုပ်ထားတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့Bitesize ဆိုတဲ့ ကဏ္ဍအောက်မှာ ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ရဲ့ အဓိက ကွာခြားချက်တွေကို ဖော်ပြထား တာ တွေ့လိုက်ပါတယ်။

အာဏာရှင်စနစ်၊ အာဏာရှင် အစိုးရဆိုတာက တစ်တိုင်းပြည်လုံးရဲ့ အာဏာကို လူတစ်ဦးတစ်ယောက် တည်းက အလုံးစုံ ချူပ်ကိုင်ထားတယ်။ ပြီးရင် သူ့ကို သူရဲကောင်းသဖွယ် ချီးမြှောက် ဝါဒဖြန့်ကြတယ်။
တိုင်းပြည်ရဲ့ အရေးအရာ ကိစ္စ တိုင်းကို တင်းတင်းကြပ်ကြပ် ထိန်းချူပ် တယ်။ လူတွေ စုစုရုံးရုံးလုပ်တာ မျိုးကို လည်း ထိန်းချူပ်တယ်၊ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အခွင့်အရေးကိုလည်း အသိအမှတ်မပြုဘူး စသဖြင့် ဖော်ပြ ထားပါတယ်။
အခြားအချက်တွေလည်း များစွာ ရှိပါတယ်။

ဒီနေရာမှ လှစ်ပြလိုတာက အာဏာ ရှင်စနစ်၊ အာဏာရှင် အစိုးရဆိုတာရဲ့ သရုပ်သကန်ကိုပါ။
ချူပ်ပြောရရင်တော့ တစ်စုံ တစ် ယောက်က အခြားသူတွေရဲ့ အခွင့် အရေး၊ အမြင်အတွေး၊ အိပ်မက်၊ မျှော် လင့်ချက်၊ စိတ်ကူး စိတ်သန်း၊ ပါဝင် ပူးပေါင်းမှု စတာတွေကို နားမထောင်ဘဲ (သို့မဟုတ်) ထည့်သွင်းမစဉ်းစားဘဲ ကိုယ့်တစ်ဦး တစ်ယောက်တည်းရဲ့ သဘောဆန္ဒနဲ့ လုပ်ပြီဆိုရင် အာဏာရှင် ဆန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆိုရင် စစ်အာဏာရှင်ဖြစ်ဖြစ်၊ လူအာဏာရှင်ဖြစ်ဖြစ်၊ မိဘ အာဏာရှင် ဖြစ်ဖြစ်၊ ခင်ပွန်းအာဏာရှင်ဖြစ်ဖြစ်၊ ဇနီးအာဏာရှင်ဖြစ်ဖြစ်၊ ဆရာအာဏာ ရှင်ဖြစ်ဖြစ် အာဏာရှင်သည် အာဏာ ရှင်သာဖြစ်ပြီး အာဏာရှင်တို့ရဲ့ လုပ် နည်းလုပ်စဉ်အတိုင်း အနည်းနဲ့ အများ လုပ်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဘယ်သူကိုမဆို အာဏာရှင်တွေလုပ်တဲ့ လုပ်နည်းလုပ်စဉ် အတိုင်းလုပ်သူ၊ တွေးနည်းတွေးစဉ် အတိုင်း တွေးသူတိုင်းကို အာဏာရှင်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကိုယ့်သဘောထား၊ စိတ်ကူး စိတ်သန်းတွေကို ပြောခွင့်ဆွေးနွေးခွင့် မရဘဲ မိဘရဲ့ သဘောဆန္ဒတိုင်း မဖြစ် မနေ လုပ်ရတဲ့ အချိန်တွေမှာ “အဖေတို့ အမေတို့က အာဏာရှင်ဆန်တယ်”လို့ ပြောဖူးတာကို မှတ်မိကြမယ် ထင်ပါ တယ်။
ကျောင်းမှာဖြစ်ဖြစ်၊ အိမ်ထောင်ရေး ဘ၀မှာ ဖြစ်ဖြစ်၊ အလုပ်မှာ ဖြစ်ဖြစ် ကြုံဖူးတာကို မှတ်မိမယ် ထင်ပါတယ်။
ဘာကြောင့် အာဏာရှင်စနစ်၊ အာဏာရှင်ရဲ့ လုပ်နည်းလုပ်စဉ်ကို ကန့် ကွက်နေတာပါလဲ။
အကြောင်းများစွာ ရှိမယ်။

အဲဒီအနက်က အပြောင်းအလဲကို ဖော်ဆောင်တဲ့အခါ အောင်မြင်မှုမအောင် မြင်မှု ရှုထောင့်ကနေပြီး အာဏာရှင် ဆန်မှုကို ချဉ်းကပ်ပြချင်ပါတယ်။
၂၀၁၇ ခုနှစ် ၊ ဩဂုတ်လ ၁၇ ရက် ထုတ်၊ တနင်္သာရီ အပတ်စဉ် အတွဲ ၅ အမှတ် ၄ မှာတော့ “၂၀၂၀ အတွက် ပြင်နေပြီလ”ခေါင်းစဉ်နဲ့ အပြောင်း အလဲကို ဖော်ဆောင်တဲ့အခါ လိုအပ်တဲ့၊ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ အကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီဆောင်းပါးထဲက အချက်တွေ ကို ပြန်ကောက်ရမယ်ဆိုရင် အပြောင်း အလဲတစ်ခုဖြစ်ဖို့အတွက် အနာဂတ် အမြင်ရှိမှု၊ တစ်စုတစ်စည်းတည်း ဖြစ်မှု(တစ်နည်း) အများဆန္ဒဖြစ်မှု၊ ကျွမ်းကျင်လိမ္မာမှု၊ မက်လုံး၊ လူ/ ပစ္စည်း အရင်းအမြစ်၊ လုပ်ငန်းအစီအစဉ် အဲဒီအချက်တွေက ထောက်ကန်ပေးပါ တယ်။

ဆိုလျှင် အကယ်၍ အာဏာရှင် ဆန်ဆန် အပြောင်းအလဲတစ်ခုကို လုပ်ပြီဆိုရင် အပြောင်းအလဲဖြစ်ဖို့အတွက် လိုအပ်တဲ့၊ ထောက်ကန်ပေးတဲ့ အချက် တွေထဲက ဘယ်ဟာတွေကို ထုတ်ပယ် လိုက်သလို ဖြစ်ပါသလဲ။
အာဏာရှင်ဆန်တဲ့အခါ အများဆန္ဒ ကို လျစ်လျူရှုလေ့ ရှိပါတယ်။ ဒါကြောင့် စိတ်ကူးစိတ်သန်းတွေ၊ အနာဂတ်အမြင် တွေဟာ စုစည်းထားတဲ့ ဘုံဆန်တဲ့ဟာမျိုး မဟုတ်ဘဲ လူတစ်ဦး တစ်ယောက်က ကောင်းမယ်ထင်လို့ စီစဉ်တဲ့ဟာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့် အာဏာရှင်တစ်ယောက် ယောက်ရဲ့ လက်အောက်မှာ (သို့မဟုတ်) အာဏာရှင်တစ်ယောက်ယောက်နဲ့ တွဲပြီး အလုပ်လုပ်ရတဲ့အခါ ကိုယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ထည့်သွင်း စဉ်းစားခံရမှာ မဟုတ်ဘူး။ ဆိုတော့ စုစည်းထားမှု မရှိဘူးလို့ ကောက်ချက်ချ နိုင်တယ်။
ဆိုတော့ လုပ်နေတာတွေက ကိုယ် လုပ်ချင်တာ၊ ကိုယ့်စိတ်နဲ့ ငြိတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ခေါင်းဆောင်၊ ကိုယ့်ရဲ့ အထက်လူကြီးက ကောင်းမယ် ထင်လို့ လုပ်ခိုင်းတဲ့ဟာမျိုး၊ မိုးပေါ်က ကျလာတဲ့ လုပ်ငန်းအစီအစဉ်တွေကိုပဲ လုပ်နေရတာ ဖြစ်တဲ့အတွက် ပါဝင် ပတ်သက်သူအများစုရဲ့ အနာဂတ်အမြင် မဟုတ်ဘူးလို့ ကောက်ချက်ချလို့ရတယ်။
အပေါ်က ခိုင်းတာကိုပဲ လုပ်နေ ရပြီး ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ရဲရဲဝံ့ဝံ့ လုပ်လို့မရတာဖြစ်တဲ့အတွက် စိတ် အားထက်သန်မှုလည်း မရှိဘူး။
စိတ်အားထက်သန်မှု မရှိတာ၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ်မလုပ်ရဲတာက ကျွမ်းကျင်လိမ္မာမှုကို ထိခိုက်ပါတယ်။ ဆိုရင် အပြောင်းအလဲကို ဖော်ဆောင်ဖို့ အတွက် အရေးကြီးတဲ့ အချက်တွေထဲမှာ အာဏာရှင်ဆန်မှုက မဖယ်ထုတ်တာ ဘာကျန်ပါသေးသလဲ။

မက်လုံးနဲ့ လူ/ပစ္စည်းအရင်း အမြစ်ပဲ ကျန်ပါတယ်။ ဒါတောင် သိပ်မသေချာ။ မက်လုံးလို့ ဆိုရာမှာ ငွေရေးကြေးရေးအရ မက်လုံးတစ်ခုတည်းမဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာအရ လုံခြုံပျော်ရွင်မှု မက်လုံး၊ သင်ယူခွင့်၊ ကိုယ့်အရည်အသွေးကို ပြပိုင်ခွင့် စတာတွေပါတာဖြစ်တဲ့အတွက် မက်လုံးကိုလည်း အာဏာရှင်ဆန်မှုက ဖယ်ထုတ်လိုက်တယ်လို့ ပြောလို့ရပါ တယ်။
လူ/ပစ္စည်းအရင်းအမြစ်ဆိုတာ မျိုးကလည်း ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ်သိမှ ပြင်ဆင်နိုင်၊ ဖြည့်ဆည်း နိုင်တာမျိုး ဖြစ်တဲ့အတွက် မိုးပေါ်က ကျလာတဲ့ အစီအစဉ်တွေပဲ စောင့်နေရ မယ်ဆိုရင် လူ/ပစ္စည်း အရင်းအမြစ် လုံလောက်မှုအတွက်ကလည်း ရင်လေး စရာပါပဲ။ ဘာလို့ဆို “အားလုံးကောင်း ပါသည် ခင်ဗျား”တွေ ဘာတွေက လာဦးမယ် မဟုတ်လား။
ဒါဆို အပြောင်းအလဲကို ဖော်ဆောင် ဖို့အတွက် အရေးကြီးတဲ့ အချက်တွေ ဘာကျန်ဘာသေးလဲ။
ဘာမှ မကျန်တော့ သလောက်ပါပဲ။

“ပြောင်းလဲချိန် တန်ပြီ”လို့ ပြောခဲ့ ကြသူတွေကို မဲပေးခဲ့ကြတယ်။
ပြောင်းလဲကြမယ်လို့ အားခဲခဲ့ ကြတယ်။
အပြောင်းအလဲကို မျှော်လင့်ကြတယ်။
နို့ . . . ဘာကြောင့်
“အာဏာရှင် လည်း ဖြစ်ရင် ဖြစ်စေဦးတော့ စစ်အာဏာရှင် မဖြစ်ရင် တော်ပြီ” ဆိုတဲ့အတွေးက ရှိနေရသေး တာလဲ။