စိတ်ခံစားမှုတို့ အလွန်

0
509

လွန်ခဲ့သည့် တစ်လခန့်က မှတ် သားစရာ စကားတစ်ခွန်း ရခဲ့သည်။ အင်္ဂလိပ်စကား Beyond the emotion ဆိုတာ ဖြစ်သည်။ မြန်မာမှုပြုလျှင်တော့ စိတ်ခံစားမှုတို့ အလွန်ဟု ဆိုနိုင်မည်။ သည်စကားကို ပြောခဲ့သူက အိန္ဒိယမှ နိုင်ငံ ရေးသိပ္ပံပါမောက္ခ စန္ဒိရှစထရီ(Prof. Sandeep Shastri) ဖြစ်သည်။ ကျောင်း ၏ စီစဉ်ပေးမှုဖြင့် ကျွန်တော်တို့ ကျောင်းသား များ သူ၏ဆွေးနွေးပို့ချမှုအချို့ကို သီးသန့် နားထောင်ခွင့်ရပြီး မေးမြန်းဆွေးနွေးခွင့် လည်း ရခဲ့သည်။ သူလာရောက် ဟော ပြော ဆွေးနွေးသည်က အိန္ဒိယပညာရေး နှင့် ဖက်ဒရယ် ကိစ္စဖြစ်သည်။ အိန္ဒိယ သည် အမျိုးသား ဘာသာစကား(National Language) နှစ်ခုနှင့် တရားဝင်ရုံးသုံး ဘာသာ ၂၂မျိုး သုံး၏။

သိကြသည့်အတိုင်း လူမျိုးများစွာ၊ ဘာ သာစကားများစွာနှင့် နယ်မြေက လည်း ကျယ်သည့် အိန္ဒိယသည် ပြည်နယ်လည်း ၂၉ ခု ရှိနေသည်။ ဤသို့ အခြေအနေတွင် ပညာရေးကို တိုးတက် အောင် ကြိုးပမ်းသည့်ကိစ္စ၊ ကြုံရတွေ့ရ သည့် နိုင်ငံရေးအခက်အခဲများကို လာ ပြောပြသည်။ အဖြေထုတ်ပြခြင်း ဖြစ် သည်။
ကျွန်တော်တို့ ကျောင်းသားအနက် အချို့က သူတို့ တိုင်းရင်းသားစာပေများကို သင်ကြားနိုင်ရေးကို ဇောင်းပေး၍ မေး ကြသည်။ လက်ရှိသုံးနေသည့် စာကို မသုံးဘဲ မိခင်စာပေကို သုံး၍ အမျိုးသား ကျောင်းများ တိုးတက်ရန် ကိစ္စမျိုးအတွက် အိန္ဒိယမှ နမူနာကို မေးကြသည်။
ဤတွင်Beyond the emotion ဆို သည့် စကားကို ပါမောက္ခထံမှ စကြား ရသည်။

သူက မြန်မာပြည်သည် လွန်စွာ အမျိုးအစားစုံလင်သော တိုင်းရင်းသား ပေါင်း များစွာရှိသည့်အတွက် အရင်ဆုံး အားလုံး ညီညွတ်ရေးအတွက် ကြိုးပမ်း သင့်ကြောင်း၊ မိမိ၏ ဘာသာစကား၊ စာပေကို ချစ်မြတ်နိုး ထိန်းသိမ်းရန်မှာ အရေးကြီးကြောင်း၊ သို့သော်လည်း မိမိတို့အဖို့ မိခင်ဘာသာစကား စာပေမှာ နောက်ဆုံး စကား၊ စာပေ မဖြစ်သင့်။ အခြားသော စကား၊ စာပေများကို သင်ယူလေ့လာခြင်းမှာလည်း အချည်း နှီးမဖြစ်ကြောင်း ယခုလက်ရှိ ရေးသား ပြောဆိုနေသည့် ဘာသာ စကားမှာလည်း လက်တွေ့အားဖြင့်ပင် တိုင်းရင်းသား အားလုံးနီးပါး နားလည်သော ဘုံဘာသာ စကားဖြစ်နေကြောင်း၊ အချို့သော ပညာ ရပ်ဆိုင်ရာ စာပေများမှာ မိမိတို့ မိခင် ဘာသာ အသီးသီး၌ ရှိချင်မှရှိမည်ဖြစ်၍ ပညာရှာရာတွင် ကန့်သတ်ချက်မထားဘဲ မည်သည့် ဘာသာစကားဖြစ်စေ လေ့လာသင့် ကြောင်း အကြံပြုလေသည်။

“ငါ့ဘာသာစကားစာပေမှ ငါသင် မယ်ဆိုရင် ငါ့ဘာသာစာပေမှာ မရှိတဲ့ ပညာရပ်တွေကို ဘယ်လိုသင်မလဲ၊ စိတ် ခံစားမှုတွေကို ခဏထားပါ။ စိတ်ခံစား မှုကို ကျော်ပြီး တွေးကြည့်ပါ။ မြင်ကြည့် ပါ။ ကျွန်တော် အခုအင်္ဂလိပ်စကားပြော နေ တယ်။ နိုင်ငံရေးပညာအချို့ သိထား တယ်။ ကျွန်တော်သာ ကျွန်တော့် မိခင် ဘာသာနဲ့ပဲ ပညာသင်လာရင် အင်္ဂလိပ် စကားတောင်တတ်မှာ မဟုတ်ပါဘူး”ဟု ဆို၏။ ပါမောက္ခကတော့ ပညာသင်ရာ တွင် အကန့်အသတ်မထားရန် ပြော သွားခဲ့ပြီ။ ကျွန်တော်မှာတော့ ဆက် တွေးဆရန် အတွေးလက်ကျန်အချို့ ကျန်ခဲ့သည်ကော။

လူဆိုသည်ကလည်း စိတ်နဲ့ကိုယ်နဲ့။ စိတ်ဆိုသည်ကလည်း ခံစားမှုလေး အမြဲ လိုလို အရောင်စုံနေတာမျိုး ဖြစ်လေတော့ ဘာပဲလုပ်လုပ် ခံစားမှုလေးဖြင့် လုပ်ကြ တာမျိုး ဖြစ်သည်။ ဆိုတော့ ပါမောက္ခ ကြီးပြောခဲ့သည့် စိတ်ခံစားမှုကို မည်သို့ အဓိပ္ပာယ်ဖွင့်ရပါ့မလဲဟု တွေးမိပြန် သည်။ စေ့စေ့တွေးကြည့်တော့ ခပ်ရေး ရေး ပေါ်လာသည်။
ဖြစ်ချင်သည့် ဆန္ဒအတိုင်း သတိ လက် လွတ်လုပ်မိ၊ တွေးမိသည်မျိုးကို သူက ညွှန်းခြင်း ဖြစ်သည်။ ထိုအတွေး များတွင် “ငါ”ဟူသည့် အတ္တကိုလည်း ဗဟိုပြုလွန်းနေလိမ့်မည်။ ဆိုတော့ ကျွန်တော်တို့ တွေးသည့်အခါ စဉ်းစား ကြသည့်အခါ တတ်နိုင်သမျှ သတိထား ကြရန်၊ ဘက်မျှရန်၊ လက်တွေ့ကျရန် လိုပေသည်။ နေရာတကာ ကိုယ်ဖြစ်ချင် သည့် ဆန္ဒများချည်း ရှေ့တန်းတင်နေ ၍မဖြစ်။ သို့သော်လက်တွေ့တွင်မူ လူ အတော်များများက စိတ်ခံစားမှုကို ဦးစား ပေးလွန်း နေကြသည်။ နေရာတိုင်းမှာ ကိုယ့်အထင်နှင့် ကိုယ်ပြောကြဆိုကြ ဖြေရှင်းနေကြသည်။

ဥပမာ ဆိုကြပါစို့ လူတယောက်။ အမြဲတမ်း သူလုပ်သည်ကို အမှန် ထင်နေ တတ်သည်။ အကြံပြု၍မရ၊ ဝေဖန်မခံ ဆိုတာမျိုး ဖြစ်သွားသည်။ သူက အမြဲမှန် ၍ အခြားသူများက အမြဲမမှန်ဟုဆိုသည့် သဘောမျိုး ဖြစ်သွားတတ်သည်။ ထိုအခါ မျိုးတွင် ထိုသူအနေနှင့် အခြားသူဘက်ကို မစဉ်းစားပေးတော့။ သူ့ကိုယ်သူလည်း ပြန်မသုံးသပ်နိုင်တော့။ အတ္တကို ဗဟိုပြု လွန်းသည်ကိုး။ သည်လိုလူတွေ အများ စုပါသည့် အဖွဲ့အစည်းသည်လည်း လက်တွေ့နှင့် ကင်းကွာလာတတ်သည်။

ဖြစ်သင့်ဖြစ်ထိုက်သည်နှင့် အံချော်လာ တတ်သည်။ တကယ်တော့ သေချာ တွေးကြည့်လျှင် ထိုစိတ်ခံစားမှုဆိုတာ ကြီးက သတိမထားမိလျှင် အတော်ဒုက္ခ ပေးတတ်သည့်အရာမျိုး ဖြစ်သည်။ တစ် လောလေးက ကျားမရေးရာနှင့် ပတ် သက်၍ စကားရည်လုပွဲတစ်ခုကို ကြည့် ရာ အတော်များများသော ပြင်ပ ပရိသတ်က တစ်ဖက်တည်းက ရပ်၍ တစ်ဖက်ကို အပြစ်ဖို့ ကြသည်။ တစ်ဘက် ကလည်း ပြန်၍ အပြစ်ဖို့သည်။ သည်လို နှင့်ပင် အပြန်အလှန်အပြစ်ဖို့ရင်း မပြီး စီးနိုင်ဖြစ်ရသည်။ တကယ်တော့ ပြဿနာ နှင့် စပ်ဆိုင်သည်” ကျား”ကော”မ”ပါ လက်တွေ့ကျကျ ဆွေးနွေး၍ မျှမျှတတ ဖြေရှင်းကြမှ အဖြေတွေ့မည် ဖြစ်သည်။

ပြဿနာနည်းလာမည် သို့မဟုတ် ပပျောက်မည် ဖြစ်သည်။ သို့သော် ယခုမူ ထိုသို့မဟုတ်။ အပြန်အလှန်ပြစ် တင်ကြရင်း ပြဿနာက ကြာလာ၊ ကြီးလာတော့သည်။ ယနေ့အချိန်တွင် အလားတူ ပြဿနာများစွာ တွေ့နေရ သည်။ စိတ်ခံစားမှုကို ရှေ့တန်းတင်၍ ပြောကြဆွေးနွေးကြ ဖြေရှင်းနေကြ ခြင်းက အဖြေနှင့်ဝေးလာသည်ကို တွေ့နေရသည်။ ဥပမာအားဖြင့် လယ်ယာမြေပြဿနာ၊ အလုပ်ရှင် အလုပ်သမား ပြဿနာ၊ စသည်အားဖြင့် ပြဿနာ များစွာတွင် နှစ်ဖက် ပါဝင် သူများအနေဖြင့် စိတ်ခံစားမှုကို ထိန်း၍ ဖြေရှင်းရန် ကြိုးပမ်းလျှင် ပို၍ ခရီးတွင် မည်ဟု ထင်သည်။

စကားပုံတစ်ခု ကြားဖူးသည်။ ဝေဖန်ခံနိုင်သောသူ လိမ္မာသည်ဟူ၏။ ဤနေရာတွင် လိမ္မာသည်ဟူသည့် အသုံးကို ကျွန်တော်နားလည်သည်မှာ ချင့်ချိန် ဆင်ခြင်တတ်သူ၊ ဉာဏ်ပညာ ရှိသူ၊ ရင့်ကျက်သူဖြစ်သည်။ ဝေဖန် သည့် သူက ဝေဖန်မည်။ ဝေဖန်ခံရသူ ကတော့ အနည်းနှင့်အများ စိတ်မသက် မသာ ဖြစ်မည်။ စိတ်ခံစားမှုကို မထိန်း နိုင်သူတွေကတော့ ဆတ်ဆတ်ထိမခံ ဒေါသတကြီး တုံ့ပြန်မည်။ အသေအချာ သတိထားတွေးတတ်သူ များတော့ လိုအပ်မှ လိုအပ်သလောက် အကောင်း ဆုံးနည်း ဖြင့် တုံ့ပြန်ပေမည်။ ဆိုတော့ လိမ္မာသူ များက ဝေဖန်ခံနိုင်သည်ပေါ့။ ဝေဖန် မခံနိုင်သူများကရော။
အကြောင်းအကျိုးနဲ့ ခြေခြေမြစ်မြစ် ဝေဖန်သူများကတော့ လိမ္မာတယ်လို့ ဆိုရမပေါ့။ ကိုယ့်စိတ်နဲ့မတွေ့တိုင်း တွေ့သမျှ ဝေဖန်နေသူများကရော။
အချိန်ရလျှင် ပြန်တွေးကြည့်ကြ စေချင်လှသည်။ ကျွန်တော်တို့ ဘ၀တွင် စိတ်ခံစားမှုကို ဦးစားပေးမိ၍ ဖြစ်သင့် ဖြစ် ထိုက်သည့်အရာများနှင့် မည်မျှပင် လွဲခဲ့ပြီးပြီနည်း။

စာဖတ်သူအားလုံး စိတ်ခံစားမှုကို လွန်၍ (Beyond the emotion) လက် တွေ့ကျကျ တွေးဆဆင်ခြင်နိုင်ကြပါ စေ။
ဖိုးကြာရိုး