တန်ဆောင်တိုင်ပွဲတော်ကာလ ယာဉ်တိုက်မှုကြောင့် လူလေးဆယ်နီးပါး ဒဏ်ရာရ

0
453

ထားဝယ်ဒေသတွင် တန်ဆောင် တိုင်ပွဲတော်ကာလအတွင်း ယာဉ်တိုက်မှု များကြောင့် ဒဏ်ရာရသူ လေးဆယ် နီးပါးကို ကူညီသယ်ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ် ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကာလ ဖြစ်သည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ လေးရက် တာကာလအတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၃၈ဦးကို ထားဝယ် ဆေးရုံကြီးသို့ သယ်ဆောင်ပေးခဲ့ရပြီး သေဆုံးမှု မရှိကြောင်း ဇမ္ဗူသီရိ အရေး ပေါ်လူနာကူညီသယ် ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

“သင်္ကြန်ကာလထက် ဖြစ်ပွားမှု ပိုများနေတယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၃၇ ဦးကို သယ်ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူ သီရိ အရေးပေါ်လူနာအဖွဲ့ စာရင်းအရ သိရသည်။

ဒဏ်ရာရသူအများစုမှာ အသက် ၂၀ နှစ်မှ ၃၀ နှစ်အကြားရှိ လူငယ်များ ဖြစ်ပြီး မနက် ၁၀ နာရီမှ ၁၁ နာရီ ကြားနှင့် ည ၇ နာရီမှ ၈ နာရီ ကြားတွင် ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။
အဆိုပါ သယ်ဆောင်ပေးခဲ့ရသည့် စာရင်းတွင် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဘဲ့မတတ်တောင်တွင် ဖြစ်ပွားခဲ့သည့် ကားမှောက်မှု ဖြစ်စဉ်မှ ဒဏ်ရာရသူ အရေအတွက် မပါဝင်ပေ။