ပြဒါးပါ အလှကုန်ပစ္စည်း ရောင်းသူများ ခံဝန်လက်မှတ်ထိုးရ

0
385

သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန် ထားသည့် ပြဒါး(မာကျူရီ) ပါဝင်သည့် အလှကုန်ပစ္စည်းများ ရောင်းချနေသည့် တနင်္သာရီတိုင်းအတွင်းမှ အလှကုန် ပစ္စည်း အရောင်းဆိုင် ၂၀ ကျော်ကို ခံဝန် ထိုးစေခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) ထံမှ သိရသည်။
ထားဝယ်မြို့ရှိ အလှကုန် ပစ္စည်းဆိုင် ၁၁ ဆိုင်၊ မြိတ်မြို့တွင် ၄ ဆိုင်နှင့် ကော့သောင်းမြို့ရှိ အလှကုန်ပစ္စည်းဆိုင် ၁၁ ဆိုင်တွင် သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်း (မျက်နှာ လိမ်းခရမ်)များ ရောင်းချနေ သည့်အတွက် သိမ်းဆည်းကာ စီမံခန့်ခွဲ မှု နည်းလမ်းအရ အရေးယူခဲ့ကြောင်း အထက်ပါဌာန ဒုကြီးကြပ်ရေးမှူး (အစားအသောက်) က ဆိုသည်။

အဆိုပါ သုံးစွဲရန် မသင့်ကြေညာ ထားပြီး ပြဒါး (မာကျူရီ) ပါဝင်သည့် အလှကုန်ရောင်းချနေသည့် ဆိုင်များကို အောက်တိုဘာလ တတိယအပတ်တွင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေး ကော်မတီက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“နောက်ထပ်လည်း အချိန်ခါအား လျော်စွာ ပုံမှန်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်”ဟု တိုင်းဒေသ ကြီးFDA မှ ဒုကြီးကြပ်ရေးမှူး (အစား အသောက်) ဦးဟိန်းစည်သူက ပြောသည်။

အဆိုပါ အလှကုန် ရောင်းချနေ သည့် ဆိုင်ရှင်များကို ခံဝန်လက်မှတ် ရေးထိုးစေကာ ပစ္စည်းများကို သိမ်းဆည်း ခဲ့ကြောင်း ၎င်းက ဆိုသည်။
သုံးစွဲရန်မသင့်သည့် အလှကုန်များ ကို ပြည်သူများ သုံးစွဲမိပါက အန္တရာယ် ရှိလာနိုင်သည့်အတွက် ထိထိရောက် ရောက် ကြပ်မတ်တားဆီးရန် လိုအပ် ကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ဦးရဲထွဋ်လွင်က ဆိုသည်။

“လက်ရှိလုပ်နေတာက ထိရောက် မှု အားနည်းနေပြီး ဒီထက် ပိုပြီးကြပ် မတ်ဖို့ လိုသေးတယ်လို့ မြင်တယ်”ဟု ဦးရဲထွဋ်လွင်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း တရား မဝင်တင်သွင်းလာသည့် အလှကုန်ပစ္စည်း များနှင့် စားသောက်ကုန်များကို တွင် ကျယ်စွာ ရောင်းဝယ်သုံးစွဲနေကြပြီး ထိ ရောက်စွာ အရေးယူမှု အားနည်းနေသည့် အပေါ် ပြည်သူများအကြား ဝေဖန်မှုရှိခဲ့ သည်။