ဘာသာရေး အတ္တကြီးခြင်းသည် ဘာသာရေး ကိုင်းရှိုင်းခြင်း မဟုတ်

0
657

ဗုဒ္ဓဘာသာရဲ့ အဓိကရည်မှန်း ချက်ကို ပုံစံမျိုးစုံနဲ့ ဖော်ကျုးကြတဲ့အထဲမှာ အတ္တကို ဖယ်ခွာဖို့ဆိုတာလည်း တစ်ခု အပါအဝင်ပါ။ ဒါပေမယ့် အတ္တဟာ နည်း မျိုးစုံနဲ့တွယ်ကပ်နေတတ်ပြီး အန္တရာယ် အများဆုံးနဲ့ ငြိတွယ်မှု အခိုင်မာဆုံး ကတော့ ဘာသာရေးအတ္တဖြစ်မယ်ထင် ပါတယ်။ အကြောင်းရင်းကတော့ ဘာသာရေးလို့ ပြောလိုက်တာနဲ့ အလို လိုနေရင်း မြင့်မြတ်သွားသလို ခံစား ကြရလို့ပါပဲ။ ဒါကြောင့်မို့လို့ ဘာသာရေး ကိုမှီပြီး အတ္တရှိတယ်ဆိုတာ မတွေးမိကြ တာများပါတယ်။

ဒါကြောင့်လည်း လတ်တလော ဖြစ်ပျက်နေတဲ့ ဘာသာရေး အတ္တကြီးမှု တွေကို ဘာသာရေးကိုင်းရှိုင်းမှုအဖြစ် ထင်မှတ်မှားပြီး တလွဲဂုဏ်ယူမှုများ၊ တလွဲကြည်ညိုမှုများ များပြားနေတာကို တွေ့ရတာကြောင့် စိတ်မကောင်း ဖြစ်ရ ပါတယ်။ ဘာသာရေး အတ္တကြီးမှုဟာ ပုဂ္ဂိုလ်ရေး အတ္တကြီးမှုလိုမျိုးပဲ ဗုဒ္ဓအဆုံး အမတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်။ ဘာသာရေးအတ္တကြီးမှု ဆိုတာ ဒီဘာသာ ငါ့ဘာသာလို့ စွဲစွဲ လမ်းလမ်း ခံယူပြီး အဲဒီစွဲလမ်းမှု အခြေခံ နဲ့ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ပိုမိုများပြားလာခြင်း ဖြစ်ပါတယ်။ ဥပမာ၊ ဒေါသစိတ်ဖြင့် သူများဘာသာကို နှိမ့်ချစော်ကား ပြောဆိုမှုများ ပြုလုပ်ခြင်း၊ ဗုဒ္ဓဘာသာကို ကာကွယ်ရန် လိုအပ်လျှင် တခြားဘာသာ ဝင်များကို ချေမှုန်းသုတ်သင်ရမယ် စတဲ့ ပြောဆိုမှုများ ပြုလုပ်ခြင်းတွေက ဘာသာရေး အတ္တကြီးမှုကို ထင်ဟပ်စေ ပါတယ်။

ဘာသာရေး ကိုင်းရှိုင်းမှုနဲ့ မတူရ ခြင်းကတော့ ဘာသာရေး အတ္တကြီးမှုဟာ ဘာသာရေးရဲ့ သင်ကြားမှုကို အပတ် တကုတ် လေ့လာကျင့်ကြံဖို့ အာရုံ မထားဘဲ ဘာသာရေးရဲ့နာမည်ကို “ငါ့ဘာသာ”ဆိုပြီး အုပ်စု ဝိသေသ (group identity) အဖြစ်ဖြင့်သာ အဓိက မှတ်ယူသုံးစွဲကြခြင်း ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ဆိုလျှင် “ငါ”ဆိုတဲ့ အတ္တအစွဲအလမ်း ပိုသေးသွားတာ မဟုတ်ဘဲ “ငါ့ရဲ့”(ဘာသာ)ဆိုတဲ့ အတ္တ အကြီးစားက အပေါ်ကနေ ဝင်အုပ်ထား ခြင်းသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ နာမည်ခံကာ ဗုဒ္ဓရဲ့ အဆုံးအမ လမ်းစဉ် ကို မကျင့်ကြံဘဲ မေ့မေ့လျော့လျော့ နေခြင်းက မိမိရဲ့သန္တန်မှာ ဘာသာရေး အတ္တကြီး စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါ တယ်။

ဘာသာရေး အတ္တကြီးသူများဟာ ဘာသာရေးနဲ့ ပတ်သက်၍ ပညတ်နဲ့ ပရမတ် မကွဲကြတာကိုလည်း တွေ့ရပါ တယ်။ ဆိုလိုတာက အပေါ်ယံ ပြယုဂ်များ (ပညတ်များ) ဖြစ်တဲ့ စေတီပုထိုးများ၊ ဘာသာဝင်ဦးရေ၊ သင်္ကန်းဝတ်ဦးရေ စသည်တို့အပေါ်မှာသာ ဂုဏ်ယူ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းများ ဖြစ်ကြပြီး၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ သဘောတရားများ (ပရမတ်များ) ဖြစ်တဲ့ ကိလေသာ အညစ်အကြေးများ နည်းပါးစေခြင်း၊ ဗြဟ္မာစိုရ် တရားများ ထွန်းကားစေခြင်း၊ ပညာဉာဏ်များ ထက်မြက်စေခြင်း၊ လောကဓံရှစ်ပါးကို ခံနိုင်တဲ့ စွမ်းရည်များ တိုးပွားစေခြင်း စတဲ့ လုပ်ဆောင်မှုများကိုတော့ ခက်ခဲ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ဖြစ်၊ မိမိမှာ နိုင်ငံ့အရေး၊ လူမျိုးရေး၊ ဘာသာ၊ သာသနာရေး၊ မိသားစုအရေး စတာတွေ အတွက် လုပ်ဆောင်နေရတာကြောင့် အချိန်မရှိဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖြစ်ဖြစ် ဆိုင်းငံ့လျစ်လှူ ရှုထားကြပါ တယ်။

ဥပမာတစ်ခုကို ပြရရင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်းမှာ မသီတာထွေး အနိုင်ကျင့် သတ်ဖြတ်ခံရပြီးနောက် ပထမဆုံးဖြစ်တဲ့ လူမျိုးရေးပဋိပက္ခများ ဖြစ်နေချိန်အတွင်းမှာ တချို့ဗုဒ္ဓဘာသာ ဝင်များက “ငါတို့ကတော့ ဒီလိုအချိန် မျိုးမှာ တစ်ကိုယ်ကောင်း ဆန်ဆန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းတွေ ဘာတွေ မလုပ်နိုင်ဘူး။ ရရာလက်နက်ကိုင်ပြီး အမျိုးဘာသာသာသနာအတွက် ကုလား တွေကို ပြန်ချရမှာပဲ”ဆိုပြီး အကြမ်း ဖက်မှု လုပ်တာကိုပဲ ဗုဒ္ဓဘာသာအတွက် လုပ်သယောင် ဂုဏ်ယူဝံ့ကြွားစွာ ပြောကြတာကို စိတ်မကောင်းစွာ ကြားခဲ့ ရပါတယ်။

နိဗ္ဗာန်နဲ့ပတ်သက်ပြီး အယူလွဲမှား နေတာကိုလည်း ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။ နိဗ္ဗာန်ဆိုတာ ကိလေ သာတွေ လုံးဝကင်းစင်မှ ရောက်ပါတယ်။ ကိလေသာနည်းပါးလေ စိတ်ကြည်လင်မှု ရှိလာလေဖြစ်ပြီး မိမိတို့ လုပ်ဆောင် ရမယ့် ကိစ္စရပ်တွေကို ထိထိရောက်ရောက်၊ ဘေးထွက်ဆိုးကျိုး နည်းနည်းနဲ့ ဆောင် ရွက်နိုင်လေ ဖြစ်ပါတယ်။ ဒါကြောင့် ကိလေသာ နည်းပါးခြင်းဟာ မိမိအတွက် ရော မိမိပတ်ဝန်းကျင်အတွက်ပါ ကောင်း ပါတယ်။ သာဓကအားဖြင့် ပြောရရင် ပုဂ္ဂိုလ်တစ်ဦး ကိလေသာ ပယ်ပြတ်ပြီး နိဗ္ဗာန် မျက်မှောက်ပြုနိုင်ခြင်းက ဘိန်း စားတစ်ယောက် ဘိန်းပြတ်တာနဲ့ တူပါ တယ်။ ဘိန်းစားဘိန်းဖြတ်ဖို့ ကြိုးစား ခြင်းကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ မရပါဘူး။ ဘိန်း တကယ်ပြတ် သွားခဲ့ရင် သူ့အတွက်သာမက သူ့မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက်ပါ ကောင်းပါတယ်။ ဒီသဘောတရားကို ဘာသာရေး အတ္တကြီးသူများ နား မလည်တဲ့အတွက်ကြောင့်သာ အထက် မှာပါသလို မဂ်၊ ဖိုလ် နိဗ္ဗာန်အတွက် ကြိုးပမ်း အားထုတ်နေသူတွေကို ကဲ့ရဲ့ရှုံ့ချမှုတွေ လုပ်ကြခြင်း ဖြစ်တယ်။

သူတို့အတွက်က ထင်သာမြင်သာ တဲ့ အပေါ်ယံ ပညတ်များသာ ဗုဒ္ဓ ဘာသာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်နေ ပါတယ်။ ဥပမာ သင်္ကန်းခြုံရုံနဲ့ အလိုလို မြင့်မြတ် သွားသယောင် မှတ်ယူကြပါ တယ်။ တစ်ခုသတိပြုသင့်တာက ဒေ၀ဒတ် လည်း မြေမြိုချိန်အထိ သင်္ကန်းဝတ်ကြီးနဲ့ ဆိုတာပါပဲ။ သင်္ကန်းဝတ်လိုက်တာနဲ့ အဲဒီပုဂ္ဂိုလ်ကို လုံးဝဆန့်ကျင်ကန့်ကွက် လို့ မရသလို ပြောဆိုလာကြပါတယ်။ မြင့်မြတ်မှုရဲ့ သင်္ကေတဟာ မြင့်မြတ်မှုနဲ့ ထပ်တူထပ်မျှ မဟုတ်ကြောင်းကို မေ့လျော့နေတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာရဲ့ သင်္ကေတအမှတ်အသား တွေကို မလေး မစား ပြုကျင့်ရမယ်လို့ မဆိုလိုပါဘူး။ ဒီသင်္ကေတ ပြယုဂ်တွေရဲ့ နောက်ကွယ်မှာ ရှိတဲ့ ပိုမိုနက်ရှိုင်းတဲ့ အနှစ်သာရ သဘော တရားတွေကို မေ့မနေဖို့ကိုသာ အဓိက ဆိုလိုတာပါ။ မဟုတ်ရင် အနှစ်ကိုပစ်ပြီး အကာကိုချစ်သလိုဖြစ်ပြီး ဘာသာရေး အတ္တကြီးမှုဘက်ကို ယိမ်းသွားနိုင်ပါ တယ်။

ဥပမာ ပြောရရင် တခြားဘာသာဝင် တစ် ဦးက မိမိတို့ အထွတ်အမြတ်ထားတဲ့ ဆင်းတုတော်ကို မရိုမသေ ပြုမူတယ် ဆိုပါစို့။ ဒါကို မြင်ပြီး ထွက်လာတဲ့ ဒေါ သကို တရားသဘောနဲ့ နှလုံးသွင်းကာ ပြေလျော့အောင် လုပ်ဖို့ မကြိုးစားဘဲ ဒေါသအလျောက် “ငါ့ဘာသာကို ကာ ကွယ်ဖို့”ဆိုပြီး အကြမ်းဖက်မှုတွေ လုပ် တယ်ဆိုရင် အကာကို ချစ်လွန်းအားကြီး လို့ အနှစ်ကို ပစ်ပယ်လိုက်တဲ့ သဘော ရောက်သွားပါတယ်။ အဲဒီ ဆင်းတုတော် တွေက ဘာတွေသင်ပေးဖို့ ဖြစ်ပေါ်လာ ပါသလဲ။ ငြိမ်းချမ်းခြင်း သဘောတရား တွေ၊ စစ်မှန်တဲ့ ချမ်းသာမှုရဲ့ အဓိပ္ပာယ် တွေ၊ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ် စွမ်းအင် ဉာဏ်စွမ်းအင်တို့ရဲ့ သဘော တွေကို သတိပေးဆုံးမ ဖို့အတွက်သာ ဖြစ်တည်လာရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆင်းတုတော်တွေ စော်ကား ခံရခြင်းကို အကြောင်းပြုပြီး သူတို့ညွှန်ပြနေတဲ့ တရားသဘောတွေရဲ့ ဆန့်ကျင် မှုတွေကို လုပ်မိနေခြင်းက ဘာသာရေး အတ္တကြီးသူတွေ လုပ်ဆောင်မိတတ် ကြတဲ့ အမှားအယွင်းတစ်ခု ဖြစ်ပါတယ်။

ဒီသဘောတရားကို ဩစတြေးလျ နိုင်ငံမှာသီတင်းသုံးနေတဲ့ ထေရဝါဒ ဆရာတော်တစ်ပါးက အင်တာဗျူး တစ်ခုမှာ ရှင်းပြသွားပါတယ်။ စာနယ် ဇင်းသမား တစ်ယောက်က အဲဒီတုန်းက လောလောလတ်လတ်ဖြစ်ခဲ့တဲ့ အဖြစ် အပျက်လေး တစ်ခုအပေါ် ဆရာတော်ရဲ့ ထင်မြင်ချက်ကို မေးပါတယ်။ အဖြစ် အပျက်ကတော့ အမေရိကန်စစ်သား တစ်ယောက်က အစ္စလာမ်ဘာသာဝင် များရဲ့ အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းကို အိမ်သာအိုးထဲ စွန့်ပစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဒီသတင်း နိုင်ငံတကာကို ပြန့်သွားပြီး ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လိုတုန့် ပြန်မလဲ ဆိုတာ သိချင်ကြတဲ့ ဩစတြေးလျနိုင်ငံ က သတင်းထောက်တွေက ဘာသာ အသီးသီးရဲ့ ခေါင်းဆောင်တွေကို ဖုန်းဆက်မေးကြခြင်း ဖြစ်ပါတယ်။

စာနယ်ဇင်းသမားက ဆရာတော်ကို မေးတဲ့ မေးခွန်းက “တကယ်လို့များ ဗုဒ္ဓဘာသာရဲ့ ကျမ်းဂန်တွေကို တစ် ယောက်ယောက်က အိမ်သာအိုးထဲ ထည့်ပြီး ရေဆွဲချခဲ့ရင် ဘာလုပ်မလဲ”တဲ့။ ဆရာတော်က မဆိုင်းမတွဘဲ “ရေပိုက်သမား အရင်ခေါ်ရမှာပေါ့”လို့ ဖြေလိုက်တယ်။ တဖက်က ရယ်သံရပ် သွားတော့မှ ဆရာတော်က ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့တရားများဟာ စာအုပ်ထဲမှာ မရှိကြောင်း၊ စေတီ၊ ပုထိုး၊ ဆင်းတုတော်၊ ကျောင်းကန်များတွင်လည်း မရှိကြောင်း၊ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရကို ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ နှလုံးသားများထဲတွင်သာ တွေ့ရမှာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ဘာသာခြားများက မည်သည့်နည်းနဲ့မှ မဖျက်ဆီးနိုင်ကြောင်း၊ ဗုဒ္ဓဘာသာကို အမှန်တကယ် ဖျက်ဆီးနိုင်သူများမှာ ဗုဒ္ဓဘာသာဝင်များပင် ဖြစ်ကြောင်း၊ ၎င်းတို့ရဲ့ နှလုံးအိမ်မှာ မေတ္တာ၊ ကရုဏာ တရားများ ပျောက်ဆုံးတဲ့နေ့ဟာ ဗုဒ္ဓဘာသာ ပျက်ဆီးတဲ့နေ့ ဖြစ်ကြောင်း အကျယ်တဝင့် ဖြေကြားပေးခဲ့ပါတယ်။

ဒီနေရာမှာ သူများစော်ကားသမျှကို ဘာမှမလုပ်ဘဲ အမြဲငုံ့ခံနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ပြဿနာရဲ့ အတိမ်အနက်၊ အခြေအနေနဲ့ အချိန် အခါပေါ်မူတည်ပြီး တစ်ခါတရံမှာ ဘာမှမလုပ်ဘဲ ဥပက္ခာလေးနဲ့ တုံ့ပြန် တာ၊ လှိုက်လှိုက်လှဲလှဲ ရယ်ပစ်လိုက် တာမျိုးတွေဟာ အကောင်းဆုံး တုံ့ပြန် နည်းတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံ မှာတော့ ဒီထက်ပိုတဲ့ နည်းလမ်းများနဲ့ ဖြေရှင်းကောင်း ဖြေရှင်းရပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်လို့ ခံယူ ထားတယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ တောင် မေတ္တာ၊ ကရုဏာ ရှေ့ထားပြီး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ကိုင် တွယ်သင့်ပါတယ်။ ဘယ်လိုပဲ ဖြေရှင်း ဖြေရှင်း ဘာသာရေး အတ္တတွေကြီးလာပြီး ဘာသာရေးမာန်တွေ တက်မလာဖို့တော့ အရေးကြီးပါတယ်။

ဒီလိုမှ မဟုတ်ဘဲ ဗုဒ္ဓဘာသာ နာမည် သုံးပြီး အကုသိုလ်အလုပ်တွေ လုပ်နေခြင်းဟာ သာသနာပြုရာ မရောက် ဘဲ သာသနာဖျက်ရာ ရောက်ပါတယ်။ ဘာ သာတစ်ခုရဲ့ အသက်ဟာ ယုံကြည် ကိုးကွယ်သူတွေရဲ့ ကြည်ညိုသဒ္ဓါအပေါ် အဓိက တည်မှီနေတာကြောင့် ဘာသာ ရေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ အကြည်အညိုပျက်စေတဲ့ အကု သိုလ်အလုပ်တွေကို လုပ်ခြင်းဟာ အမှန် တကယ်မှာ အဲဒီဘာသာရဲ့ ဂုဏ်သိက္ခာနဲ့ အဓွန့်ရှည် တည်တံ့မှုကို ထိခိုက်စေပါ တယ်။ အဲဒါကြောင့်ပဲ လားမသိ။ ဗုဒ္ဓ ဘာသာဝင်တို့ အလေးအမြတ်ထားတဲ့ အသောကမင်းကြီးက ၎င်းရဲ့ ကျောက်စာ တစ်ခု(ကျောက်စာ အမှတ် – ၁၂) မှာ အောက်ပါအတိုင်း နောင်လာနောင်သား များကို သတိပေးခဲ့ခြင်း ဖြစ်မယ်။

“မိမိ၏ ဘာသာ/မျိုးနွယ်စုကိုသာ ချစ်မြတ်နိုး တန်ဖိုးထားသော သူ တစ်ဦးသည် အခြားသောဘာသာ/ မျိုးနွယ် အုပ်စုဝင် လူအများကို ၎င်း၏ ဘာသာ။ မျိုးနွယ်အုပ်စု အောင်မြင် တိုးတက်ကောင်းစားစေရန်အတွက် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက် သတ်ဖြတ် ကြေပြုန်းစေပါက လက်တွေ့တွင် ထိုကဲ့သို့ လုပ်ရပ်သည် ၎င်း၏ဘာသာ/ မျိုးနွယ်အုပ်စုကိုသာ ပြန်လည်၍ ပြင်းထန် သော ဒဏ်ရာအနာတရ ဖြစ်ခြင်းနှင့် အကျိုးယုတ်ခြင်းကိုသာ ဖြစ်စေသည်”(အသောကမင်းကြီး ကျောက်စာ)
လုပ်ရပ်တစ်ခုဟာ ဘာသာရေး ကိုင်းရှိုင်းပြီး ဖြစ်လာတဲ့ ကုသိုလ်စိတ်နဲ့ လုပ်တာလား၊ ဘာသာရေး အတ္တကြောင့် ဖြစ်လာတဲ့ အကုသိုလ်စိတ်နဲ့ လုပ်တာ လား ဆိုတာ တစ်ခါတလေမှာ ဘေးလူ အနေနဲ့ သတ်မှတ်ရခက်ပါတယ်။ ဥပမာ၊ စေတီတည်တဲ့ အပြုအမူ ဆိုပါစို့။ “ဒီစေတီဖြစ်တည်လာတဲ့အတွက် ဒီစေတီ ကို အမှီပြုပြီး လူအများ စိတ်အေးချမ်းပါ စေ”ဆိုတဲ့ စိတ်နဲ့ပြုတယ်ဆိုရင် ဘာသာ ရေး ကိုင်းရှိုင်းတယ် ပြောလို့ရပါတယ်။ ဒါ ပေမယ့် ဒီလိုမဟုတ်ဘဲ “ဟာ ဟိုမှာ ဘာသာခြားတွေ ဘုရားကျောင်း၊ ဗလီ တွေ ဆောက်နေပြီ။ ငါတို့လည်း စေတီ လိုက်တည်ဦးမှပဲ”ဆိုတဲ့ လောဘစိတ်၊ ဒေါသစိတ်တွေနဲ့လုပ်ရင် ဘာသာရေး အတ္တကြီးတယ် ပြောလို့ရပါတယ်။

အမှန်အတိုင်း ပြောရရင် ဘာသာ ရေးအတ္တဟာ လူအများစု (မည်သည့် ဘာသာ ဝင်မဆို)ရဲ့ ရင်မှာအနည်းနဲ့ အများတော့ ရှိကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အဲဒီလူဟာ ပုထုဇဉ်ပဲ ရှိသေးတယ် ဆိုရင်ပေါ့။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး အတ္တလိုမျိုးပဲ ဘာသာရေး အတ္တနည်းတဲ့ လူနဲ့ဘာသာရေး အတ္တများ တဲ့လူ ကွာမှာဖြစ်ပါတယ်။ အတ္တကို လုံးဝမပယ်ခွာနိုင်မီ စပ်ကြားမှာ ဘာသာ ရေး အတ္တမကြီးရအောင် သတိလေး လက်ကိုင်ထားပြီး ထိန်းသိမ်းသွားခြင်း ဟာ မိမိအတွက်ရော မိမိဆိုင်ရာ ဘာသာရဲ့ သာသနာအတွက်ပါ အကျိုး များမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပုဂ္ဂိုလ်ရေးအတ္တ (သက္ကာယ ဒိဋ္ဌိ)ကို ဗုဒ္ဓလမ်းစဉ်မှာ ဘယ်လိုကိုင် တွယ်ထားလဲ ဆိုတာကို ကြည့်ပြီး ဘာသာရေး အတ္တကိုလည်း ဘယ်လို ကိုင်တွယ်သင့်လဲဆိုတာ စဉ်း စားလို့ရမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာ ဝင် အများစု သိထားပြီး ဖြစ်တဲ့အတိုင်း သက္ကာယဒိဋ္ဌိကို မပယ်သတ်နိုင်ခင်မှာ ဟီရိ၊ ဩတပ္ပ ဆိုတဲ့ အရှက်၊ အကြောက် တရားနှစ်မျိုးနဲ့ မသင့်တော်တဲ့ အလုပ် တွေ မလုပ်ဖို့ ကိုယ့်ကိုကိုယ် ထိန်းရပါ တယ်။ အရှက်အကြောက်တရားတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် အတ္တကနေ ပေါက်ဖွားလာတဲ့ တရားတွေပါပဲ။ ငါ့လို လူမျိုးဟာ ဒီလိုနိမ့်ကျတဲ့ အပြုအမူမျိုး လုပ်ဖို့ မသင့်တော်ပါဘူးဆိုတဲ့ အတွေး မျိုးနဲ့ မကောင်းတာ မလုပ်မိဖို့ ပြန်ထိန်း ထားတဲ့ သဘောပါ။ တစ်နည်းပြောရရင် အတ္တ ကို မဖယ်နိုင်ခင် အတ္တကိုကောင်းတဲ့ ဘက်မှာ ပြန်အသုံးချထားလိုက်တဲ့ သဘောပါ။

ဘာသာရေးအတ္တမှာလည်း အဲဒီလိုမျိုး နည်းလမ်းအသုံးပြုပြီး ထိန်းလို့ရမယ် ထင်ပါတယ်။ ဥပမာ၊ ငါတို့က ဗုဒ္ဓဘာသာဝင် ဖြစ်နေပြီး အကြမ်းဖက်တဲ့ လမ်းစဉ်ကိုလိုက်ဖို့ ဘာသာခြားတွေကို နှိမ့်ချစော်ကားတဲ့ အပြုအမူ အပြောအဆိုမျိုး ပြုကျင့်ဖို့ မသင့်တော်ပါဘူး၊ ရှက်စရာကောင်းပါ တယ်စတဲ့ နှလုံးသွင်းမှုမျိုးလုပ် ပြီး ဘာသာရေးအတ္တကြောင့် ဖြစ်လာနိုင် တဲ့ နောက်ဆက်တွဲဆိုးကျိုးကို ထိန်း သင့်ပါတယ်။ အကောင်းဆုံးကတော့ အတ္တတွေအားလုံးကို ပယ်၍ အနတ္တနယ် ကို အမြန်ဆုံး ရောက်နိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းရင်း…။
ရန်မင်းအောင်