ထားဝယ်ဒေသ လျှပ်စစ်ပြတ်တောက်မှုကိစ္စ စင်ကာပူနိုင်ငံ Tuas ဓာတ်အားပေးစက်ရုံမှ အကြီးတန်း နည်းပညာအရာရှိ ဦးထွေးစိုးဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း

0
704

တနင်္သာရီ ။ ။ လက်ရှိ ထားဝယ် ခရိုင်မှာ မီးပျက်တာ ပိုစိပ်လာတယ်။ အစိုးရနဲ့ ကုမ္ပဏီတွေကတော့ လိုင်းတွေ ပေါ် အိမ်မြောင်၊ ငှက်၊ မီးပုံးပျံ သစ်ကိုင်း တွေ ကျရင်တောင် ပျက်နိုင်တယ် ပြောပါတယ်။ အဲလို ဖြစ်နိုင်ပါသလား။ ဘာကြောင့် အဲလို ဖြစ်ရတာလဲ ခင်ဗျ။
ဦးထွေးစိုးဟန်။ ။ ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ ဓာတ်အား ရှိနေတဲ့ အကာအကွယ်မဲ့ ဓာတ်ကြိုးဟာ လျှပ်စစ်ဓာတ်ကူးနိုင်တဲ့ ဘယ်အရာဝတ္ထု ပစ္စည်းနဲ့မဆို ထိမိပြီး အခြားတစ်ဘက်မှာ မြေကြီးနဲ့ တိုက်ရိုက် ထိစပ်နေတဲ့အပိုင်းကို ထိမိတဲ့အခါ အပြစ် (Fault) ဖြစ်ပြီး ဓာတ်အားပြတ်ပါတယ်။
လျှပ်စစ်ဓာတ်ကူးနိုင်တဲ့ ဘယ်အရာ ဝတ္ထုနဲ့မဆို လျှပ်စီးရှိ ဓာတ်အားလိုင်းနဲ့ မြေကြီး (သူနဲ့ဆက်စပ်ထားတဲ့ လျှပ်ကူး ပစ္စည်းမှန်သမျှ) ထိစပ်မိတာနဲ့ အဲဒီအ ပြစ် (Fault) ဖြစ်မှာပါ။ တခြားနည်း တွေကြောင့် ပတ်လမ်းပွင့် Open Circuits ဖြစ်ပြီး မီးပြတ်တာလည်း ဖြစ်တတ်ပါ တယ်။
အဲလိုဖြစ်လို့ ဓာတ်အားပြတ်သွား တယ်ဆိုတာ အကာအကွယ်ပစ္စည်း (Protection Devices)ကနေ သက် ဆိုင်ရာ လျှပ်စစ်ဓာတ်အားလိုင်းကို ဖြတ် တောက်လိုက်တာပါ။ ဒါမှသာ လူတွေ မတော်တဆထိမိရင် ဓာတ်လိုက်မှု အန္တရာယ် ကင်းမှာပါ။

တနင်္သာရီ။ ။ နိုင်ငံတကာ မှာရော အဲလို ဖြစ်တာပဲလား။ ထားဝယ် ခရိုင်က လိုင်းတွေ ဘာကွာလို့ လဲခင်ဗျာ။
ဦးထွေးစိုးဟန်။ ။ ဆိုးဝါးလွန်း တဲ့ သဘာဝဘေးကြောင့်က လွဲပြီး အဲလိုမကြာခဏဖြစ်တာတော့ ကျွန်တော် မကြားမိပါဘူး။ စင်္ကာပူမှာတော့ တခါမှ မကြုံဖူးဘူး။ ဒေသအတွင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတွေမှာတော့ နေရာဒေသအလိုက် ကွဲပြီး ကောင်းကင်လိုင်းရော၊ မြေအောက် လိုင်း (Underground Lines) ပါသွယ်တန်း ပါတယ်။ သွယ် တန်းတဲ့လိုင်းရဲ့ ဗို့အား အပေါ်မှာလည်း မူတည်ပါတယ်။ စင်္ကာပူ မှာတော့ မြေအောက်လိုင်းတစ်မျိုးတည်း သာ သွယ်တန်းထားပါတယ်။ထားဝယ်ဒေသမှာ လက်ရှိအနေနဲ့ ကောင်းကင်ဓာတ်အားလိုင်းအနေနဲ့ သွယ်တန်းထားပါတယ်။ မြို့တွင်း ဖြန့် ဖြူးရေးအများစုက လျှပ်ကာ (insulation) မပါတဲ့ ကြိုးတွေပါ။ အခုတော့ လျှပ်ကာ ပါတဲ့ကြိုး (Spaced Aerial Cable)တွေနဲ့ အစားထိုးလဲလှယ်နေတာ တွေ့ရ ပါတယ်။

တနင်္သာရီ ။ ။ ထားဝယ်ခရိုင် အတွင်း လျှပ်စစ်မီး အစိုးရဖို့ ဘယ်လို ပြင်ဆင်သင့်လဲ။ အဲလိုပြင်ဆင်ဖို့ ဘာ တွေ လိုအပ်လဲဗျ။
ဦးထွေးစိုးဟန်။ ။ ဟိုး . . . . ထုတ်လုပ်ရေးအပိုင်းကနေ ပို့လွှတ် ရေး၊ ဖြန့်ဖြူးရေး ကျွန်တော်တို့ မီးသုံးစွဲ နေတဲ့ နေအိမ်မီတာအဝင်ထိ ကျန်းမာ ကြံ့ခိုင်နေအောင် လုပ်ရပါမယ်။ အပြစ် ဖြစ်နိုင်မယ့် အခြေအနေမှန်သမျှ ကြိုတင် ရှင်းလင်း နေရပါမယ်။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ထုတ်လုပ်ရေးအပိုင်းမှာ စက်တွေထုတ် သူရဲ့ လမ်းညွှန်ထားချက် (OEM Original Equipments Manu-facturers recommendation)အတိုင်း ပြုပြင်ထိန်းသိမ်းရေးကို သူ့အစီအစဉ် အတိုင်း လုပ်ရပါမယ်၊ စက်ပစ္စည်းဆိုတာ ပျက်တတ်တဲ့သဘောရှိတဲ့ အတွက် အရေးကြီးတဲ့ စက်အရန်ပစ္စည်း (spare parts)တွေလည်း အရန်သင့် ရှိနေရပါ မယ်။ အဲဒီလိုပဲ ပို့လွှတ်ရေးလိုင်းတွေမှာ လည်း လိုင်းကိုအနှောင့်အယှက်ပေး နိုင်တာမှန်သမျှ ရှင်းလင်းနေရပါမယ်။ သူနဲ့ဆက်စပ်နေတဲ့ ဓာတ်အားခွဲရုံတွေကို လည်း လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်း ရေး (Operati ons and Maintenances) ကောင်းကောင်း လုပ်ပေးရပါမယ်။

ဖြန့်ဖြူးရေးလိုင်းတွေမှာဆိုရင် လည်း ကြာရှည်ဟောင်းနွမ်းနေတဲ့ လျှပ် စစ်ပစ္စည်းတွေ၊ မနိုင်ဝန်ထမ်းနေရတဲ့ ဓာတ်ကြိုးနဲ့ ဆက်စပ်ပစ္စည်းတွေလဲလှယ် သင့်ပါတယ်။ နောက်ပြီးတော့ ဓာတ်အား ဆုံရှုံးမှုတွေ လျော့နည်းစေဖို့ ဓာတ်တိုင် တွေက နေအိမ်တွေ သွယ်တန်းချိတ်ဆက် ထားတဲ့ အဆက်နေရာတွေ မြဲမြံတင်း ကြပ်နေဖို့ လိုပါတယ်။ မထိတထိ လျော့ရဲ နေတဲ့ ကြိုးအဆက်နေရာကနေ ဓာတ်အား ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပြီး အချင်းချင်း ပွတ် တိုက်မိရင် မီးပွားတွေထွက်ပြီး မီးလောင် တာ၊ ဓာတ်အားပြတ်တောက်တာ ဖြစ်နိုင် ပါတယ်။

ဘာတွေ လိုအပ်မလဲဆိုတော့ M ငါးလုံးပါ။ ငွေ(Money)၊ စက် ပစ္စည်း (Machine)၊ တကယ်ကျွမ်းကျင်လုပ် သား (Men) ၊ စနစ်ကျတဲ့ပြု လုပ်နည်း လမ်း( Method)၊ မှန်ကန်တဲ့စီမံခန့်ခွဲမှု (Management)တွေ ဟန်ချက်ညီညီနဲ့ သက်ဆိုင်ရာ အပိုင်း လိုက်လုပ်ရပါမယ်။
တနင်္သာရီ။ ။ လက်ရှိမှာ ထားဝယ်ခရိုင် လျှပ်စစ်အတွက် ကုမ္ပဏီ ၂ ခုက လုပ်ဆောင်နေပါတယ်။ ထုတ် လုပ်ရေး(GGS)နဲ့ ဖြန့်ဖြူးရေး (DDPC)ပေါ့ ခင်ဗျာ။ GGS ရဲ့ တာဝန်က ကံပေါက်မှာ ဓာတ်အားထုတ်လုပ်ပြီး ၆၆ ကေဗွီလိုင်းပေါ် တင်ပေးပြီး DDPCရဲ့ တာဝန်က က့ပေါက် ၆၆ ကေဗွီလိုင်း ကနေ ထားယ်ခွဲရုံ၊ ခွဲရုံက တစ်ဆင့် ထားဝယ်ခရိုင်ကို ဖြန့်ရမယ်ပေါ့ခင်ဗျာ။ESEကတော့ အဲဒီကုမ္ပဏီနှစ်ခုကို လိုအပ်ရင် နည်းပညာပိုင်းဆိုင်ရာနဲ့ လူအား ပံ့ပိုးကူညီရတဲ့ တာဝန်လို့ ဆိုပါတယ်။

ခုလတ်တလော ၆၆ ကေဗွီလိုင်း ပျက်များလာချိန်မှာ DDPC ဘက်က စာချုပ်အရ ၆၆ ကေဗွီလိုင်းကို လုံးဝ တာဝန်ယူရမယ်လို့ အသေးစိတ် မဖော်ပြ ထားဘူးလို့ ဆိုလာပါတယ်။ လျှပ်စစ်မှာ ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးဆိုပြီး ၃ ပိုင်းရှိပြီး ပို့လွှတ်ပိုင်းဖြစ်တဲ့ ၆၆ ကေဗွီ လိုင်းတာဝန်ဟာESEတာဝန်သာ ဖြစ် တယ်လို့ ဆိုလာပါတယ်။ESEက လည်း DDPC တာဝန်လို့ ဆိုပြန်ပါ တယ်။

နိုင်ငံတကာမှာရော ကုမ္ပဏီတွေနဲ့ အစိုးရတွေက ဘယ်လို တာဝန် ခွဲဝေကြ ပါလဲခင်ဗျ။ အဲလိုပဲ ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးခွဲထားပါသလား။
ဦးထွေးစိုးဟန်။ ။သဘောတူ စာချုပ်ချုပ်တဲ့အချိန်က သူတို့တွေ ဘယ်လို သဘောတူညီမှု ယူထားတယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး။
ဒီလိုတာဝန်ခွဲဝေမှုတွေဟာ တစ်နိုင်ငံ နဲ့တစ်နိုင်ငံ မတူညီနိုင်ပါဘူး။ ကျွန်တော် သိတဲ့ စင်္ကာပူမှာဆိုရင်တော့ ဓာတ်အား ထုတ်လုပ်တာက ကုမ္ပဏီတစ်ခု (အမှန်က အများအပြား ရှိပါတယ်)၊ ဓာတ်အား ပို့လွှတ်တာ သက်ဆိုင်ရာ အပိုင်းအထိ ဖြန့်ဖြူးတာက ကုမ္ပဏီတစ်ခု၊ ဓာတ် အားခ ကောက်ခံတာကတစ်ခု သူ့အပိုင်း လိုက်သူ တာဝန်ယူကြပါတယ်။ ဒါကို ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနအောက် က အာဏာပိုင်ဘုတ်အဖွဲ့တစ်ခုကနေ ကြီးကြပ်ကွပ်ကဲပါတယ်။
တစ်ခုရှိတာက လုပ်ငန်းသဘော တူညီမှုစာချုပ်မှာ ဘယ်အပိုင်းက ဘယ် သူ့တာဝန်ဆိုတာ အသေးစိပ် ရေးဆွဲပြ ဌာန်းထားပါတယ်။ ကိုယ့်သက်ဆိုင်ရာ အပိုင်းက တစ်ခုခုဖြစ်ရင် တာဝန်ယူ။ တာဝန်ခံ ရပြီး သဘောတူညီထားမှုအရ အလျော် အစားတွေ ရှိပါတယ်။ အလျော်အစား (penalty) ကြေးကလည်း ကြီးပါတယ်။ ဒါကြောင့် ကိုယ့်ကြောင့် အပျက်အစီး မရှိအောင် သေသေချာချာ လုပ်ကြပါတယ်။လက်လှမ်းမီသလောက် အကြမ်း ဖျင်းပြောရရင် ထုတ်လုပ်ရေးက သတ် မှတ်ပမာဏအတိုင်း မထုတ်နိုင်ရင် ပမာဏ အနည်းအများအပေါ် မူတည်ပြီး ထုတ်လုပ် ရေးကုမ္ပဏီက လျော်ကြေးပေးရပါတယ်။ သတ်မှတ်ထားတဲ့ဓာတ်အား အရည် အသွေး (Voltage, Frequency) မပြည့်မီရင်လည်း လျော်ရပါတယ်။

တနင်္သာရီ။ ။ ထားဝယ်ခရိုင်ရဲ့ လျှပ်စစ်ပြဿနာတစ်ခုလုံးကို ခြုံငုံပြီး လက်ငင်းအချိန်မှာ ရေတိုစီမံကိန်းအနေနဲ့ အကောင်းဆုံး လုပ်နိုင်တာဘာလဲဗျ။
ဦးထွေးစိုးဟန်။ ။ ရေတို စီမံကိန်းအတွက်က လက်ရှိ ထုတ်လုပ် ခွင့်ရထားတဲ့ GGS၊ ဖြန့်ဖြူးခွင့်ရ ထားတဲ့ DDPC၊ လျှပ်စစ်ဌာနESEနဲ့ လျှပ်စစ်လုပ်ငန်းလုပ်ခွင့်ပြုထားတဲ့ တိုင်းဒေသကြီး အစိုးရတို့ အတူတူ ပူပေါင်း ညှိနှိုင်းပြီးတော့

(၁) ပထမဆုံး ဘယ်အပိုင်းက ဘယ်သူရဲ့ တာဝန်ဆိုတာ သေသေချာ ချာ တိတိကျကျ သတ်မှတ်ရမယ်။ လို အပ်ရင် စာချုပ်ပါ အချက်အလက် တွေကို ရှင်းလင်းတိကျအောင် ပြင်ဆင် ရပါမယ်။ အလျော်အစား စနစ်လေးပါ ထည့်သွင်း သင့်ပါတယ်။
(၂) တာဝန်ယူထားတဲ့ အပိုင်းလိုက် အကျိုးအမြတ်ရသလို ဓာတ်အားပြတ် တောက်မှု မဖြစ်အောင်၊ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်တောက် သွားခဲ့ရင်လည်း အချိန်အနည်းဆုံးအ တွင်းမှာ ပြန်လည်ဓာတ်အားပေးနိုင်အောင် အစီအစဉ်၊ လူအင်အား၊ စက်အင်အား အရန်သင့်ရှိအောင် စီမံထားရမယ်။
ဓာတ်အားဆုံးရှုံးမှု လျော့ကျစေဖို့၊ ယိုယွင်းပျက်စီးနေတဲ့ လျှပ်စစ်ကြိုးတွေ နဲ့ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာ တာဝန်ယူထားတဲ့ အပိုင်းလိုက် အမြန် ဆုံး ပြုပြင်ရမယ်။
(၃) တရားမဝင်ဓာတ်အားခိုးယူ သွယ်တန်းထားမှုတွေကို ဖော်ထုတ်ပြီး တိတိကျကျ အရေးယူရမယ်။
(၄) ပြည်သူများအနေနဲ့ကလည်း လျှပ်စစ်ဓာတ်အားလိုင်းနဲ့ပက်သက်ပြီး အန္တရာယ်ရှိတာ၊ အမြင်မတော်တာတွေ ကို တွေ့ရင် အပြုသဘောနဲ့ သက်ဆိုင် ရာကို ချက်ချင်း အကြောင်းကြားပြီး၊ သက်ဆိုင်ရာမှလည်း ချက်ချင်း အရေး တယူ ဖြေရှင်းပေးရပါမယ်။

ကျွန်တော်အမြင်အရတော့ ဓာတ် အားခ လျှော့ချပေးမယ့် ပိုက်ဆံကို လျှပ် စစ်ဓာတ်အားလိုင်းနဲ့ ဆက်စပ် ပစ္စည်း တွေ ပြုပြင်အဆင့်မြှင့်တဲ့နေရာမှာ သုံး စွဲစေချင်ပါတယ်။ တစ်ယူနစ် ၁၀ ကျပ် ဆိုတဲ့ပမာဏဟာ မီတာသုံးစွဲသူ တစ်ဦး ချင်းအနေနဲ့ အများကြီး မသက်သာသွား ပေမယ့် သုံးစွဲတဲ့ယူနစ် စုစု ပေါင်းရဲ့ ပမာဏ ကိုပေါင်းလိုက်ရင် ငွေပမာဏဟာ အရမ်း များပြီး အဆင့်မြှင့် တင်ဖို့အတွက် များစွာ အထောက်အကူ ဖြစ်စေမှာ အမှန်ပါ။
ကျွန်တော်တို့ ထားဝယ်ဒေသသူ/သားတွေဟာ ဒီထက်များတဲ့ မီတာခကို ပေးဆောင်လာခဲ့ပြီးဖြစ်လို့ လတ်တလော မှာဈေးနှုန်း ၁၀ ကျပ် သက်သာတာထက် မီးမပြတ်တာကို ပိုပြီး လိုချင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါဟာလည်း မီးသုံးပြည်သူတွေ ဘက်ကနေ ပူးပေါင်းထည့်ဝင်ကူညီမှု တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ပြောရ တာ လွယ်တယ်၊ တကယ်လုပ်ရတာ ခက်တယ်လို့ စောဒက တက်နိုင်ပါတယ်။ ဒါဟာ တကယ်မှန်ပါတယ်၊ လုပ်ရတဲ့သူ တွေကိုလည်း ကိုယ်ချင်းစာပါတယ်။ တကယ်လို့ ဘယ်သူမှ မနာတဲ့Win-Win အခြေအနေနဲ့စနစ် ရှိနေရင် ထင်သလောက် မခက်ပါဘူး။ အဲဒီတော့ သေချာတိကျတဲ့ စနစ်ကိုအရင် တည် ဆောက်ထားနိုင်ရင် ထင်သလောက် မခက်ပါဘူး။

တနင်္သာရီ။ ။ ရေရှည် စီမံကိန်း ရော ဘာတွေ လုပ်သင့်လဲဗျ။
ဦးထွေးစိုးဟန်။ ။ ရေရှည် စီမံကိန်းအနေနဲ့……
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ စီမံကိန်း/စီမံချက်တွေအပေါ် မူတည် ပြီး တနင်္သာရီတိုင်းရဲ့ လျှပ်စစ်ကဏ္ဍပို မိုကောင်းမွန်လာဖို့၊ နောင်နှစ်ပေါင်းများစွာအတွင်း တိုးတက်လာမယ့် ဓာတ်အားသုံးစွဲသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အစီအစဉ် ရေးဆွဲထားသင့်ပါတယ်။ ရှိပြီးသားဆိုရင်လည်း အမြန်ဆုံး
အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးသင့်ပါတယ်။ဘယ်အချိန် ရောက်လာမယ်မှန်းမသိသေးတဲ့ မဟာဓာတ်အားလိုင်းကိုမမျှော်နေစေချင်ပါဘူး။

ရောက်လာခဲ့ရင်တောင်မှ ပထဝီအနေအထားအရ ဝေးကွာလွန်းတဲ့ ကျွန်တော်တို့ဒေသကို ဦးစားပေး ဓာတ်အားလွှတ်ခံရဖို့ လမ်းမမြင်ပါ၊ မြန်မာပြည်ကြီးမှာ လုံလောက်အောင်ထပ်ပြီး ထုတ်လုပ်ပေးနိုင်မယ့် ဓာတ်အားပေးစက်ရုံတွေ မမြင်သေးလို့ပါ။အဲဒီအစားoff grid လို့ခေါ်တဲ့
ဒေသသုံး တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဥပမာရေအား၊ နေအား၊ မဖြစ်နိုင်တဲ့အဆုံးဆိုရင်ကျောက်မီးသွေး အစသဖြင့် နေရာဒေသ
အလိုက် လူမှုစီးပွား ထိခိုက်မှု အနည်းဆုံးနဲ့ လုပ်ဆာင်နိုင်ဖို့ အစိုးရအနေနဲ့အားပေးထောက်ပံ့ပေးဖို့ စီမံထားသင့် ပါတယ်။ဒါမှလည်း အိမ်သုံးသာမက ဒေသတွင်း
တစ်ပိုင် တစ်နိုင်စက်မှု/လက်မှုလုပ်ငန်းများ ဖွံဖြိုးပီး အလုပ်အကိုင်အခွင် လမ်းပိုမိုများပြားလာမှာ ဖြစ်ပါတယ်

။တနင်္သာရီ။ ။ စိတ်ရှည်လက်ရှည်ဖြေပေးတာ တနင်္သာရီအပတ်စဉ်စာဖတ်ပရိသတ်ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ။ ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါခင်ဗျာ။
ဦးထွေးစိုးဟန်။ ။ ကျွန်တော်က ဒီလျှပ်စစ် ဓာတ်အားစနစ်(PowerSystem)ကြီး တစ်ခုလုံးကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင် မဟုတ်ပါဘူး။
လက်လှမ်းမီသလောက် လေ့လာထားတာတွေကို ကျွန်တော့်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး မသိရသေးတဲ့သူတွေသိရအောင် ဖြေပေးခြင်း ဖြစ်ပါတယ်။
လျှပ်စစ်မီးသုံး ပြည်သူတွေဟာဒီလျှပ်စစ်နဲ့ပက်သက်ပြီး ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ စားသောက်ဆိုင်သွားလို့ အဲဒီဆိုင်ရဲ့လက်ရာ၊ ဝန်ဆောင်မှု မကြိုက်
ရင် နောက်တစ်ဆိုင်ပြောင်းစားလို့ ရပေမယ့် လျှပ်စစ်ကိုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောင်းပြီးသုံးစွဲခွင့် မရကြပါဘူး။ငွေကြေးတတ်နိုင်သူတွေ ကိုယ်ပိုင် မီးစက်နဲ့မောင်းနှင်သုံးစွဲနိုင်ပေမယ့် အများစုဟာဒီလျှပ်စစ်ကိုပဲ အားထား အမှီပြုနေရပါတယ်။စီမံအကောင်အထည်ဖော်သူ၊ထုတ်လုပ်ရောင်းချသူ၊ သွယ်တန်းဖြန့်
ဖြူးသူတွေရဲ့ လုပ်ဆောင်ပေးနိုင်မှုအပေါ်မှာပဲ မူတည်နေပါတယ်။မီးသုံးပြည်သူတွေကို လေးစားသောအားဖြင့်… မိမိကိုယ်ကျိုး၊ မိမိတို့လုပ်ငန်း/ဌာနအကျိုးတစ်ခုတည်းသာမကြည့်ဘဲနဲ့ ပြည်သူလူထုရဲ့အကျိုးကိုပါထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာအစိုးရ၊ ဌာန၊ လုပ်ငန်းရှင်များအားလုံးက
အဂတိတရားကင်းစွာနဲ့ စေတနာလေးပါထည့်ပြီး အကောင်းဆုံးလုပ်ဆောင်ပေးကြပါလို့ အဝေးကနေ မေတ္တာရပ်ခံ ဆန္ဒပြုပါတယ်။