မြိတ်ကမ္ဘောဇဘဏ်ခွဲဓားပြတိုက်သူတစ်ပတ်ကျော်သည်အထိ မမိသေး

0
386

မြိတ်မြို့ ကန်ဖျားလမ်းမကြီးရှိ ကမ္ဘောဇမီနီဘဏ်ခွဲ(၁)တွင် အောက် တိုဘာလ ၂၄ ရက်က ဓားပြတိုက် ခဲ့သူအား ရက်သတ္တပတ်ကျော်အကြာ နိုဝင်ဘာလ ၂ ရက်အထိ မဖမ်းမိသေး ကြောင်း မြိတ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးမြင့်လွင်ထံမှ သိရသည်။
အခင်းဖြစ်ချိန်တွင် ဘဏ်အတွင်း ငွေသွင်း/ထုတ် ပြုလုပ်သူအမျိုးသား ၃ ဦးသာရှိပြီး ၎င်းတို့၏အဆိုအရ သေနတ် ဖြင့် ငွေတောင်းသူမှာ မြိတ်စကားသံဖြင့် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိကာwave ၁၀၀ ဆိုင်ကယ်အမျိုးအစားဖြင့် ဆိုင်ကယ်ဦး ထုပ် မျက်နှာပိတ် မှန်ကာ၊ မျက်နှာ နှာခေါင်းစည်းဖြင့် ဘဏ်သို့ ဝင်ရောက် လာခြင်းဖြစ်ကာ ငွေတောင်းပြီးနောက် ကန်ဖျား ပိတောက်ပင် လမ်းဆုံဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွား ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဓားပြတိုက်သူအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ဓားပြတိုက်မှုကြောင့် ငွေ ကျပ် သိန်းပေါင်း ၂၇၀ ပါသွားကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းက (ပ) ၂၄၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။

မြိတ် ဓားပြတိုက်မှု ဖြစ်စဉ်အပြီး တွင် တိုင်းအတွင်း ခရိုင်မြို့ကြီးများတွင် နေ့ခင်းဘက် လုံခြုံရေးကင်းလှည့်နေ ကြောင်း သိရသည်။