နှစ်ပေါင်း ခြောက်ဆယ်ကျော်သက်တမ်းရှိ မဟာစည်ရိပ်သာမုခ်ပေါက် မူလလက်ရာမပျက် ပြုပြင်မည်

0
414

မြိတ်မြို့ ကန်ဖျားရပ်ရှိ နှစ်ပေါင်း ခြောက်ဆယ်ကျော်သက်တမ်းရှိသည့် မဟာစည်ဗုဒ္ဓသာသနာ့ရိပ်သာ မုခ်ပေါက် အား မူလလက်ရာမပျက်စေဘဲ အသစ် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

လမ်းဧရိယာအကျယ်ထက် မုခ် ပေါက် မှာ ကျင်းမြောင်းနေသောကြောင့် မော်တော် ယာဉ်များ ဝင်ထွက်ရန် ခက်ခဲခြင်း၊ အရေး ပေါ်ကားများ (မီးသတ်ယာဉ် စသဖြင့်) ဝင်ထွက်မည်ဆိုပါက မုခ်ပေါက်အမိုး နှင့် မလွတ်ခြင်းတို့ကြောင့် ပြုပြင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီ မှ သိရသည်။
မုခ်ပေါက်နှင့် ရိပ်သာအကြားရှိ ပေ ၇၀၀ ဝန်းကျင်ခန့် အကွာအဝေးတွင် လူနေအိမ်များတည်ရှိနေပြီး ရိပ်သာ နံဘေးလမ်းတွင်လည်း ရပ်ကွက်တစ်ခု တည်ရှိနေကြောင်း ယင်းရပ်ကွက်မှ သိရ သည်။

အဆိုပါ မုခ်ပေါက်ရှိ ဒေါင်းအရုပ် နှစ်ရုပ်နှင့် ကနုတ်လက်ရာတို့အား မူလ လက်ရာမပျက်စေဘဲ ပြုပြင်မည်ဖြစ် ကြောင်း ကော်မတီမှ သိရသည်။
“အမြင့်ဆုံး ၁၈ ပေအထိ မြှင့်တင် လိုက်မယ် အကျယ်ကို ပေ ၃၀ အထိ လုပ်မယ်”ဟု မြိတ်မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ် ကိုကိုက ပြောသည်။

လက်ရှိ မုခ်ပေါက်နှင့် ရိပ်သာကြား ရှိ လမ်းတစ်ဖက်တစ်ချက်တွင် အုန်းပင်များ နှင့် သစ်ပင်တို့အား ရှင်းလင်းထား ပြီးဖြစ်ကာ မုခ်ပေါက် ဒီဇိုင်းရေးဆွဲပြီး ပါက အသစ်ပြုပြင်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။
ယင်းမုခ်ပေါက် ပြုပြင်ခြင်းအပြင် မုခ်ပေါက်မှ ရိပ်သာအထိ ကွန်ကရစ် လမ်းခင်းခြင်းနှင့် ရေမြောင်းတူးဖော် ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မတီမှ သိရသည်။

ယင်းမုခ်ပေါက်သက်တမ်းသည် ၆၅နှစ် ရှိပြီဖြစ်ကြောင်း ယင်းမုခ်ပေါက် တွင် ရေးထိုးထားသည့် ခုနှစ်အရ သိရသည်။