အရှိန်လျှော့တုံး နှစ်ဆယ်ကျော် ထားဝယ်မြို့လမ်းသွယ်များတွင် တပ်ဆင်

0
654

ထားဝယ်မြို့အတွင်း တစ်ခုလျှင် ငွေကျပ် သုံးသိန်းခန့် ကုန်ကျသည့် အရှိန်လျှော့တုံး(Slow Down) နှစ်ဆယ် ကျော်ကို အောက်တိုဘာလ နောက်ဆုံး အပတ်မှ စတင် တပ်ဆင်နေပြီဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယာဉ်များ အရှိန်ပြင်းစွာ မောင်း နှင်ကာ လမ်းမကြီးပေါ်သို့ တက် ရောက်မှုများရှိသည့်အတွက် ယာဉ် အန္တရာယ် ကင်းရှင်း စေရန် မြို့အတွင်း အဓိက လမ်းမကြီးများကို ချိတ်ဆက် ထားသည့် လမ်းသွယ်များ၏ လမ်းထိပ် တွင် တပ်ဆင်နေခြင်း ဖြစ်သည်။

“မိန်းလမ်းကို ရောက်ခါနီး ၁၅ ပေလောက် အလိုမှာ တပ်ဆင်သွားမှာ ဖြစ်တယ်”ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိက ပြောသည်။
အရှိန်လျှော့တုံး ၂၁ ခုကို စုစုပေါင်း ငွေကျပ် ၆၉ သိန်း ကုန်ကျမည်ဖြစ် ကြောင်း အမှုဆောင် အရာရှိက ဆိုသည်။
လမ်းသွယ်များမှ လမ်းမကြီး ပေါ်သို့ ယာဉ်များ အရှိန်ပြင်းစွာတက် ရောက်နေမှုများ ရှိသည့်အတွက် အရှိန် လျှော့တုံးများ တပ်ဆင်ခြင်းကို ကြိုဆို ရမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဈေး ကြီး တောင်ဘက်တွင် ဂိတ်ထိုး ပြေးဆွဲ နေသည့် အသက် ၂၇ နှစ်အရွယ် သုံး ဘီး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“ဒါပေမယ့် တုံးက နည်းနည်း မြင့် တော့ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီး ရွယ်အိုတွေအတွက် အဆင်မပြေဘူး”ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။
အနံ ၁၅ လက်မ၊ အမြင့် ၂ လက်မ ရှိ အဆိုပါ အရှိန်လျှော့တုံးများမှာ တရုတ် နိုင်ငံမှ ထုတ်လုပ်ကာ ရော်ဘာပြား ဖြင့် ပြုလုပ်ထားကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ဒေသတွင် ယာဉ်များ စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွား လျက်ရှိသည်။