ကွမ်းယာပစ္စည်းအများစု ဈေးတက်

0
524

ထားဝယ်တွင် ပြီးခဲ့သည့် အောက် တိုဘာလမှ စတင်ကာ ကွမ်းယာ ပစ္စည်း အများစု ဈေးတက်နေကြောင်း ထားဝယ် မြို့ရှိ ကွမ်းယာဆိုင်အချို့ထံမှ သိရ သည်။
ယခင်က ရန်ကုန်မှ တင်သွင်းလာ သည့် ကွမ်းရွက် ၁ ပိဿာလျှင် ငွေကျပ် နှစ်ထောင်ခန့်သာရှိရာမှ လက်ရှိအချိန် တွင် ၄၃၀၀ ကျပ်ခန့်အထိ ဈေးတက်လာ ပြီး အခြားကွမ်းယာပစ္စည်းဖြစ်သည့် ၉၂၊ BaBa၊ ဘုရင်မ အစရှိသည့် ဆေးမွှေး များလည်း ငွေကျပ် ထောင်ဂဏန်းအထိ ဈေးတက်လာကြောင်း ကွမ်းယာရောင်း သူအချို့က ပြောသည်။

“တစ်ပြိုင်တည်းကို ဈေးတက် ကြတာဆိုတော့ ဘယ်လိုရောင်းရမှန်းကို မသိတော့ဘူး”ဟု အဆိုပါ ကွမ်းယာ ရောင်းချသူက ပြောသည်။
ကွမ်းသီးခြောက်(ညှပ်ပြီး) ၁ ပိဿာလျှင် ယခင်က ကျပ် ၈ ထောင် ဖြင့် ဝယ်ယူရပြီး လက်ရှိတွင် ၈၅၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကွမ်းယာဆိုင်တွင် တစ် ရက်လျှင် ကွမ်းရွက် ၆ ပိဿာခန့် အသုံးပြုရကြောင်း သိရသည်။

ရန်ကုန်ဒိုင်တွင် ကွမ်းရွက် အဝင် နည်းနေသည့်အတွက် ဈေးတက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်ကွမ်းရွက်ကို ထား ဝယ်မှ မှာယူရောင်းချနေသည့် အသက် ၃၃ နှစ် အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
“ဈေးတွေတက်ပေမယ့် ဝယ်လို အား ကျသွားတာမျိုးတော့ မရှိပါဘူး၊ ပုံမှန်အတိုင်းပဲ ရောင်းနေရတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထားဝယ်မြို့ အတွင်းရှိ ကွမ်းယာ ဆိုင်များကို တစ်ရက်လျှင် ကွမ်းရွက် ပိဿာ ၆၀ ခန့်အထိ ရောင်းချရကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် တရားမဝင် ကွမ်းစားဆေးများကို ဖမ်းဆီး အရေးယူ မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိ အချိန်အထိ အထမမြောက်သေးပေ။