ဖမ်းမိသည့် တရားမဝင်ငါးခိုး ဖမ်းလှေ ထိုင်းလှေပိုများ

0
391

ကော့သောင်းခရိုင်ရေပိုင်နက်တွင် ယခုနှစ်အတွင်း ဖမ်းမိသည့် လိုင်စင်မဲ့ တရားမဝင် ငါးဖမ်းလှေများတွင် ပြည်တွင်း လှေထက် ထိုင်းလှေက ပိုများနေကြောင်း ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်မဲ့ တရားမဝင် ကမ်းဝေး ငါးခိုးဖမ်းလှေ ၁၁ စီးဖမ်း မိခဲ့ပြီး ထိုင်းနိုင်ငံသား ပိုင်လှေ ၆ စီးနှင့် မြန်မာနိုင်ငံမှ လှေ ၅ စီးဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“ပင်လယ်ပြင်ဆိုတော့ ပင်လယ်ပြင် လုံခြုံရေးတပ်ကပဲ ဖမ်းဆီးတာ၊ ဖမ်းဆီးရမိတဲ့လှေတွေကို ငါးဦးစီး ဌာနကို ပြန်လွှဲ ပြောင်းပေးတယ်”ဟု မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆/၁၇ ဘဏ္ဍာရေးနှစ်က တရားမဝင်လှေ ၃၆ စီး ဖမ်းဆီးမိခဲ့သည့်အနက် ထိုင်းနိုင်ငံသားပိုင်လှေ ၁၂ စီး ဖမ်းမိခဲ့ကြောင်း ၎င်းက ပြောသည်။
“ထိုင်းလုပ်ငန်းရှင်ပိုင် လှေတွေမှာ မြန်မာအလုပ်သမားတွေကို ခိုင်းစေပြီး ဖမ်းဆီးအရေးယူခံရရင် မြန်မာရေလုပ်သားတွေပါ ပြစ်ဒဏ်ကျခံ ရတယ်”ဟု ကမ်းဝေးငါးဖမ်းလှေတွင်လုပ်ကိုင်သည့် ရေလုပ်သား ဦးရွှေထွန်းက ပြောသည်။

ဖမ်းမိထားသည့် လှေများ၏သိမ်းဆည်းကာ တစ်နှစ်တစ်ကြိမ် လေလံစနစ်ဖြင့် ပြန်လည်ရောင်းချလေ့ရှိပြီး ကော့သောင်း ခရိုင်တွင် လေလံစနစ်ဖြင့်ရောင်းမည့် သိမ်းဆည်းလှေ အစီး ၃၀ ခန့်ရှိကြောင်း သိရသည်။ ကော့သောင်းခရိုင်အတွင်း ကမ်းဝေး ငါးဖမ်း လိုင်စင်ထုတ်ထားသည့် ငါးဖမ်းစက်လှေ ၂၉၃ စီးရှိကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။