ခြေလေးချောင်းတော်လှန်ရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဦးသာခါင်၌ လယ်လည်းရှိသည်။ ယာလည်း ရှိသည်။ နွားတွေလည်း ရှိသည်။ ဆိတ်တွေ ဝက်တွေလည်း ပေါသည်။ ကြက်တွေ ဘဲတွေလည်း လှိုင်သည်။ မြင်းတွေ သိုးတွေလည်း မနည်း။ ဦးသာခေါင်သည် သူပိုင်သော ယင်းမာပင်ကွင်းယာတော၌ တဲကြီးထိုး၍ နေသည်။ သူကဲ့သို့ ယာတောသို့ ထွက်၍ နေကြသောသူများလည်း ရှိသည်။ သူနေသော နေရာကို”ယင်းမာ ပင်ကွင်း”ဟုဆိုလျှင် ခရီးတသောင်းလောက် ပတ်ဝန်းကျင်အတွင်း၌ မသိသူ မရှိ။ ဦးသာ ခေါင်သည် လယ်လုပ်ချိန်တွင် လယ်လုပ် သည်။ နှမ်းကြဲချိန်တွင် နှမ်းကြဲသည်။ မိုးဦးကျတွင် ပြောင်းဖူးကို ဖရုံ၊ သခွားနှင့် ရော၍ ကြဲသည်။

နွားကျွေးရန်ပြောင်း ကိုလည်း သတ်သတ်စိုက်သည်။ ဦးသာ ခေါင်သည် လယ်ယာအလုပ်ကိုသာ လုပ်သည်မဟုတ်။ ဆိတ်များကိုလည်း မွေး၍ နယ်လှည့် ဆိတ်ဝယ်ကုလားများသို့ ရောင်းသည်။ ဝက်များကိုလည်း ဖောက်၍ ဝက်ထိုး တရုပ်များသို့ ရောင်းသည်။ တခါတရံ အခါကာလအလိုက် ဝက်သား လည်း သူ့ဟာသူပေါ်သည်။ နွားအို၊ နွားပိန်များကိုလည်း အလကားမထား၊ ငွေစအဖြစ်သို့ ရောက်စေခြင်းငှာ သား သတ်ရုံသို့ ပို့သည်။ ဦးသာခေါင်သည် သူပိုင်သော နွား၊ ဆိတ်၊ ဝက်၊ ဘဲနှင့် ကြက်တို့အပေါ်၌ ထူး၍ ကြင်နာသော သဘောရှိသည်ဟု မဆိုနိုင်။ သို့ရာတွင် ထူး၍ ရက်စက်မည်ဟု စိတ်ထားလည်း မရှိ။

နွားများသည် သူ၏ စီးပွါးဖက်များ ဖြစ်သည်။ ထို့ကြောင့် နွားများအပေါ်၌ အထူးကြင်နာ စောင့်ရှောက်အပ်သည် ဟူ၍လည်း သူ့စိတ်ထဲတွင် မဥပါဒ်မိ။ နှိပ်စက်လိုသော သဘောသက်သက်နှင့် နှိပ်စက်ခြင်းလည်း မရှိ။ ယင်းသို့ မှန် သော်လည်း သူ၏စိတ်ထဲတွင် နွား၊ ဆိတ်၊ ဝက် စသည်တို့ကို စာရင်းသွင်း ကာထဲ့၍ မစဉ်းစားမိ။ သူပိုင် တိရိစ္ဆာန် များကို ကျွေးရိုး ကျွေးစဉ်အတိုင်း အစဉ် အလာမို့ ကျွေးခြင်းမှ တပါးစေတနာနှင့် ပြုစုခြင်း မရှိ။ ထမ်းပိုးရုန်းရလွန်း၍ ပခုံး ပေါက်ပြီး အသားနီလန်နေသော နွား သည် နာရှာလိမ့်မည်ဟုလည်း ကရုဏာ မသက်မိ။ အလုပ်ထူး၍ ပင်ပန်းသော တိရစ္ဆာန်ကိုလည်း ထူး၍ လုပ်ရသော အလုပ်နှင့် တန်အောင်ထူး၍ ကျွေးမွေးမည် ဟု အာရုံမထား။ အမှုမဲ့ အမှတ်မဲ့သာ တည်း။

တနေ့ညနေစောင်းတွင် ဦးသာ ခေါင်သည် ဘုန်းကြီးပျံသို့ သွား၍ အပြန် တွင် ထန်းတောတစ်ခုသို့ ဝင်ကာ ထန်းရည်သောက်ခဲ့သည်။ ခရီးကလည်း အနည်းငယ် ပန်းပြန် ထန်းရည်ကလည်း အနည်းငယ် “ထို” နေပြန်သောကြောင့် နေဝင်ရီသရောအချိန် အိမ်သို့ ပြန်ရောက် သောအခါ နွားခြံ၊ ကြက်ခြံ၊ ဝက်ခြံ စသည်တို့ကို လုံခြုံစွာ ပိတ်ဖို့သတိမရဘဲ လက်က ပြောင်းဖူးဖက် ဆေးလိပ်ကြီး ကိုသာ တဖွားဖွား ဖွာ၍ အိမ်ထဲသို့ ဝင်သွား ပြီးလျှင် တအောင့်လောက်နား၍ မီးခွက်ကိုမှုတ်ကာ တခူးခူးနှင့် အိပ်ပျော် နေပြီဖြစ်သော သူ့မယား ဒေါ်အိုစာ ဘေးမှ ဝင်၍ အိပ်လိုက်သေးသည်။

ဦးသာခေါင်၏ အိမ်ခန်းမှ မီးခွက် မှုတ်လိုက်သည်ကို မြင်လိုက်ကြသည်နှင့် တပြိုင်နက် ဦးသာခေါင်၏ ခြံတွင်းရှိ ရှိကြသော နွား၊ ဆိတ်၊ ဝက်၊ ဘဲ၊ ကြက်၊ မြင်း၊ ခွေး စသည်တို့သည် ရုတ်ရုတ် ရုတ်ရုတ်နှင့် ဖြစ်၍ လာကြသည်။ “နေရာ ကျပြီ၊ နေရာ ကျပြီ၊ ဦးသာခေါင် အိပ်ပြီ။ လာကြဟေ့၊ ထကြဟေ့၊ ဗိုလ်ကြီးဆီကို သွားပြီး သူ့အိပ်မက်အကြောင်း နားထောင် ရအောင်”ဟု တိရစ္ဆာန်များ တကောင်နှင့် တကောင် တိုးတိုးတိုးတိုး ဖြစ်၍ နေကြ သည်။ လွန်ခဲ့သောညက ဗိုလ်ကြီးဟု ခေါ်သော ဝက်လားဥဿဖကြီးသည် အလွန်ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်သဖြင့် တခြံတည်းနေ တသခင် တည်းပိုင်ဖြစ်ကြသော တိရစ္ဆာန် အပေါင်း တို့သည် အတိတ်ကောင်းနိမိတ်ကောင်း စကားကို ကြားရလိမ့်မည်ဟု မျှော်လင့် နေကြသည်။ ဗိုလ်ကြီးကလည်း သူ့အိပ် မက်အကြောင်းကို တိရစ္ဆာန်အပေါင်းအား စေတနာ သက်သက်ဖြင့် ပြောပြလိုကြောင်း သတင်းကောင်းဖြန့်၍ ထားသည်။ ဦးသာ ခေါင်အိပ်သည်နှင့် တပြိုင်နက် တိရိစ္ဆာန် အားလုံးသည် ဗိုလ်ကြီးထံ စုဝေးသွား ရောက်ကြရန် တပြင်ပြင်နှင့် နေကြသည်။ ဗိုလ်ကြီးဆိုလျှင် ဦးသာခေါင်ခြံတွင်း၌ တိရစ္ဆာန် အားလုံးအနက် မကြည်ညိုသော တိရစ္ဆာန်မရှိ။ ဗိုလ်ကြီးပြောသည်ကို နားထောင်ရလျှင် တညတလေ အအိပ် ပျက်၍ အရေးမကြီး။

ဦးသာခေါင် အိပ်ပျော်ချိန်တွင် နွားများသည် ခြံမှထွက်၍ လာကြသည်။ ဆိတ်များ သိုးများလည်း ဆိတ်ခြံ သိုးခြံမှ ချီ၍ လာကြသည်။ ဝက်များက လည်း ဝက်ခြံမှ အလုံးအရင်းနှင့် အစုလိုက် အအုပ်လိုက် ထွက်လာကြသည်။ မြင်း များကလည်း မြင်းဇောင်းမှ ဟီသံပေး၍ တကောင်းချင်း “လမ်းဒိုးနင်း”၍ လာကြ သည်။ ကြက်များ ကလည်း အိပ်တန်းမှ ကတော်သံပေး၍ လာကြသည်။ တိရစ္ဆာန် များသည် ဦးသာခေါင် အိမ်ဝင်းတောင် ဘက်များရှိ ညောင်ပင်ကြီးအောက်တွင် စုဝေးဖို့ ချိန်းကြသည်။ ဗိုလ်ကြီးသည် ညောင်ပင်ရင်းရှိ ကမူပေါ်တွင် ကောက်ရိုး များခင်း၍ တင့်တယ်စွာ ထိုင်သည်။ သူ့ရှေ့မနီးမဝေး တိုင်ငုတ်ပေါ်တွင် မီးခွက်တခု ထွန်းထားသည်။ ဗိုလ်ကြီးမှာ အသက် တဆယ့်နှစ်နှစ်ခန့် ရှိပြီ။ ဝက်တို့ ၏ သက်တမ်းအားဖြင့် ငယ်ရွယ်သူဟု မဆိုနိုင်။ အသက်ကြီးကာမှ ၀ဖြိုး၍ လည်း နေသည်။ သို့ရာတွင် ဗိုလ်ကြီး၏ ခံ့ညားတင့်တယ် ရှုချင်ဖွယ် ရှိရုံသာဝခြင်း၊ ဖီးခြင်း ဖြစ်သည်။ ခပ်သိမ်းသောဝက် တို့အနက် ဗိုလ်ကြီးလောက် ဝက်တို့၏ ဣနြေ္ဒနှင့် ပြည့်စုံသော ဝက်မည်သည် မရှိ။

ညောင်ပင်ကြီးအောက် ခင်းအပ် သော ကောက်ရိုးနေရာထိုင်ထက်၌ လျှောက်ပတ်စွာ ဗိုလ်ကြီးထိုင်ပြီးသော အချိန်နှင့် မရှေးမနှောင်းတွင် အခြား တိရစ္ဆာန်များလည်း တစုပြီးတစ်စု ရောက်လာကြသည်။ ပထမဆုံးဝါမ ဂုတ်ကျားနှင့် နီပါးတို့ ခွေးသုံးကောင်လာ ကြသည်။ ထို့နောက် ဝက်များလာသည်။ ဝက်များသည် ဗိုလ်ကြီးထိုင်သော ကမူရှေ့ကောက်ရိုးပေါ်တွင် ထိုင်ကြ သည်။ ကြက်များက ခြံစည်းရိုးပေါ်၌ အစီအရီ ဝပ်ကြသည်။ ခိုဖြူခိုပြာနက် တို့က ညောင်းကိုင်းပေါ်တွင် လည်ယှက် ကာ နားကြသည်။ သိုးနှင့် ဆိတ်တို့က ဝက်များနောက် ဖယ်တွင် ဝင်၍ ထိုင်ကြ ပြီးနောက် နွားများက သူတို့နောက်ဆွယ်မှ ဝပ်ပြီးလျှင် စားမြုံ့ပြန်ရင်း အစည်းအဝေး ချိန်ကို စောင့်ကြသည်။

ထိုနွားများထဲ တွင် ဂျိုကားနှင့် ခွါဖြူအမည်ရှိသော နွားပေါက်ကြီးနှင့် နွားမကြီးတို့သည် ဖြည်းညှင်းစွာ ဝင်လာကြသည်။ ဂျိုကား နှင့် ခွါဖြူတို့သည် တိရစ္ဆာန်ပရိသတ်ကြီး ထိုင်ရန်ခင်းထားသော ကောက်ရိုးများ ထဲတွင် အခြားတိရစ္ဆာန်ငယ်များ မတော် တဆ ဖုံးကွယ်နေက မနင်းမိစေခြင်းငှာ ခွာကို တဖက်ချင်း တဖက်ချင်း အသာ နင်း၍ ဝင်လာကြသည်။ ခွါဖြူမှာ တတိယအရွယ်ဝင် နွားမိခင်ကြီး ဖြစ်၍ ကျက်သရေရှိသော နွားအမျိုးသမီးကြီး ဖြစ်သည်။ နွားကလေး လေးကောင် မွေးပြီး ကတည်းက ခွါဖြူမှာ ယခင်ကဲ့ သို့ အသားအရေ ပြည့်ဖြိုးလှပခြင်း မရှိ တော့ချေ။ ဂျိုကားမှာ ဗလလည်းကောင်း သည်။ အယပ်အမောင်းလည်း ကောင်း၍ ရိုးရိုး နွားနှစ်ကောင်စာလောက် အားရှိ သည်။ ပါးနပ် လိမ္မာခြင်းကား ရှိပုံမရ။

သို့ရာတွင် တည်ကြည်ဖြောင့်မတ်ခြင်း အားခွန်ဗလ ကောင်းခြင်းတို့ကြောင့် သူတို့ ခပ်သိမ်းသော တိရစ္ဆာန်တို့က ကြည်ညိုလေးစား ကြသည်။ ဂျိုကားနှင့် ခွါဖြူတို့ ရောက်လာပြီးနောက် မုတ်ဆိတ် ခေါ် ဆိတ်ဖြူကြီးနှင့် မဟော်အမည်ရှိ သော လားတို့သည် ရောက်လာကြသည်။ မဟော်သည် ဦးသာခေါင်၏ တိရိစ္ဆာန် များ အနက် အသက်လည်း အကြီးဆုံး၊ စိတ်လည်း အတိုဆုံး ဖြစ်သည်။ စကား လည်း အလွန်နည်းသည်။ တခါတရံ စကား ပြောပြန်ပါလည်း အရွဲ့တိုက်၍သာ ပြောသည်။ ဥပမာဆိုသော် ဘုရားသခင် သည် သူ့အား ယင်ချောက် ရန် အမြီးကို ဖန်ဆင်းပေးတော်မူသည်မှာ မှန်သည်။ သို့ရာတွင် သူ့သဘောအရဆိုလျှင် ဘုရားသခင်သည် သူ့အမြီးကိုလည်း မဖန်ဆင်းစေလို။ ယင်းကိုလည်း မဖန် ဆင်းစေလိုဟု ဆိုသည်။ တိရစ္ဆာန်များ အားလုံးအနက် မေဟော်သည် တခါမျှ ရယ်ခြင်းပြုံးခြင်း မရှိ။

“ဟေ့ မေဟော်နင် ဘာလို့ မရယ်တာလဲ”ဟု အခြား တိရိစ္ဆာန်များက မေးကြ သောအခါ မေဟော်က “လောကမာ ငါကဘာ ရယ်စရာရှိလို့ရယ်၇မာလည်း ဟ” ဟု ပြန်၍ ဖြေသည်။မဟော်သည် ဂျိုကားကို အလွန်ချစ်သည်။ သူတို့ နှစ်ကောင်သည် အလုပ်အားသည့်နေ့တွင် စကားမပြော ကြဘဲ မြက်ခြံထဲ တွင် ဘေးချင်းယှဉ်ကာ အစာစားလေ့ရှိသည်။

နွားကြီးနှစ်ကောင် ဝပ်ပြီးသည်နှင့် တပြိုင်နက် ဘဲကလေးတစုသည် မိခင် ပျောက်သည်နှင့် လည်ပင်းကလေးများကို မော့၍ ဟိုကြည့်သည်ကြည့် ကြည့်ကာ တကောင်နောက် တကောင်စီတန်း၍ ဝင်လာကြပြီးလျှင် သူတို့အား တခြား တိရိစ္ဆာန်များ မနင်းမဖိမိမည့် နေရာကို ရှာကြသည်။ ထိုအခါ ခွါဖြူက သူ၏ ခြေထောက်များကို ဖယ်ရှားပေးသဖြင့် ဘဲကလေးများသည် ခွါဖြူ၏ ရင်ခွင်နား သို့ ကပ်၍ တကောင်ပေါ် တကောင် ထပ်ကာ ဝပ်ကြပြီးလျှင် ချက်ခြင်းပင် အိပ်ပျော်သွားကြသည်။

ထို့နောက် ဦးသာခေါင် စီးနေကြဖြစ်သော မယ်သီ ခေါ်သည့် မြင်းမသည် လည်ပင်းက ကြေးခလောက် သံကလေး တချွင်ချွင်နှင့် ပါးစပ်က ထန်းလျက်ကို မြုံ့ရင်း ဝင် လာသည်။ မယ်သီသည် ပေါတောတော မြင်းမဖြစ်သည်။ သူ့လည်ပင်းက ကြေးခလောက်သံကို အခြား တိရစ္ဆာန် များ ကြားနိုင်စေခြင်း အလို့ငှါ လည်ပင်း တခါခါလှုပ်၍ ရှေ့နားဆီသို့ ဝင်သွား သည်။ နောက်ဆုံးတွင် မိတိုးမည်သော ကြောင်မကြီးသည်တောင်မြောက် လေးပါးကို ကြည့်၍ ဝင်လာပြီးလျှင် ဂျိုကာနှင့် ခွါဖြူကြားသို့ဝင်၍ တခွီးခွီး နှင့်ကွေး၍ အိပ်လေရာ ဗိုလ်ကြီး ဟော ပြောသည်ကို တလုံးမျှ မကြားလိုက်ဘဲ ရှိသည်။

ထိုအစည်းအဝေးသို့ ယင်းမာပင် ကွင်း၌ရှိသော တိရစ္ဆာန်များအနက် ဦး သာခေါင်မွေးထားသော ငအောခေါ် တောကျီးကန်းကြီး တကောင်မှ တပါး အားလုံး အစုံအညီတက်ရောက်ကြသည်။ တိရစ္ဆာန် ပရိသတ်ကြီးသည် အစည်း အဝေးခွင်၌ ဘာသာဘာဝ သက်သောင့် သက်သာ ထိုင်မိကြသောအခါ ဗိုလ်ကြီး က အဟမ်းဟမ်းဟု အမ္မသဒ္ဒါပြုပြီးလျှင် မိန့်ခွန်းမြွက်ကြားသည်မှာ ဆိုလတ္တံ့ သည့် အတိုင်း ဖြစ်သည်။

လာမည့်အပတ် ဆက်လက် ဖော်ပြပါမည်။
သခင်ဘသောင်း