ခြေလေးချောင်းတော်လှန်ရေး (၂)

0
956

ယခင်အပတ်မှ အဆက်
ထိုအစည်းအဝေးသို့ ယင်းမာပင် ကွင်း၌ရှိသော တိရစ္ဆာန်များအနက် ဦး သာခေါင်မွေးထားသော ငအောခေါ် တောကျီးကန်းကြီး တကောင်မှ တပါး အားလုံး အစုံအညီတက်ရောက်ကြသည်။ တိရစ္ဆာန် ပရိသတ်ကြီးသည် အစည်း အဝေးခွင်၌ ဘာသာဘာဝ သက်သောင့် သက်သာ ထိုင်မိကြသောအခါ ဗိုလ်ကြီး က အဟမ်းဟမ်းဟု အမ္မသဒ္ဒါပြုပြီးလျှင် မိန့်ခွန်းမြွက်ကြားသည်မှာ ဆိုလတံသည့် အတိုင်း ဖြစ်သည်။

“အို ငါနှင့် တကွင်းတည်းနေ ဆင်း ရဲဘော် ဆင်းရဲဘက် ရဲဘော်အပေါင်းတို့၊ ယခုည ဤကဲ့သို့ သောင်းသောင်းဖြဖြ ငါတို့စည်းဝေးကြရခြင်းအကြောင်းမှာ အခြားကြောင့်မဟုတ်။ ငါမနေ့ညက မြင်မက် သော အိပ်မက်ထူးကို သင်တို့ အား ပြောကြားလိုခြင်းကြောင့် ဖြစ်ပါ သည်။ ငါသည် ရဲဘော်တို့အား ငါ၏ အိပ်မက်အကြောင်းကို မပြောခင် အခြား အရေးကြီးသောအကြောင်းများနှင့် စကားပလ္လင် ခံလိုပါသည်။ ငါသည် စကားပြော ဝါသနာပါ၍ စကားမရှိ စကားရှာကာ တောင်စဉ်ရေမရ စကား တို့ဖြင့် သင်တို့၏ အဖိုးတန်သော အချိန် ကို ဖြုန်းပစ်မည့်သဘောနှင့် ဤအစည်း အဝေးကို ခေါ်ရခြင်းမဟုတ်သည်ကို သင်တို့အား ရှေးဦးစွာ သိစေလို ပါသည်။

ငါသည် အသက်ကြီးရင့်ပြီ ဖြစ်သဖြင့် နောက်ကို ကြာရှည်စွာ သင်တို့နှင့် နေရတော့မည် မဟုတ်ပါ။ သို့ဖြစ်ရာ ငါမသေခင်တွင် သင်တို့အား ငါဆည်းပူး ထားသမျှ ဗဟုဿုတများကို အမွေပေး၍ ပစ်ခဲ့ချင်ပါသည်။ ငါသည် အသက်ကြီး ရင့်ပြီ ဖြစ်သည့်အတိုင်း ငါ၏ခြံထဲ၌ တကိုယ်ယေ တကာယချင်း ဆင်ခြင်သုံသပ် ဖို့ အချိန်များစွာ ရခဲ့ပါသည်။ ထိုသို့ အချိန်များစွာ ရခဲ့သည် အကျိုးအားဖြင့် ဤလောကကြီးအကြောင်းကို ယခုရှိနေ ကြသော တိရစ္ဆာန်များအနက် ငါထက်ပို ၍ သိသူရှိမည် မထင်ပါ။ ယခု ငါပြောလို သော အကြောင်းမှာလည်း လောကကြီး ၏ အကြောင်းပင်ဖြစ်ပါသည်။ ဂရုစိုက် ပြီး နားထောင်ကြပါ။

ရဲဘော်တို့ . . ။ ငါတို့ လောကကြီးမှာ တိရစ္ဆာန်ရယ်လို့ ဖြစ်လာကြပြီး ဘယ်လို နေကြရပါ သနည်း။ ဟုတ်မှန်သည့် အတိုင်း ငါတို့ ဆင်ခြင်ကြကုန်အံ့။ ငါတို့သည် တိရစ္ဆာန် ရယ်လို့ ဖြစ်လာကြရသည့် အချိန်ကစပြီး တချက်မျှ အေးကွက်နှင့် မတွေ့ခဲ့ကြရ။ ငါတို့ အလုပ်လုပ်လိုက်ကြရသည်မှာ လည်း မသေရုံတမယ်သာရှိ သည်။ ငါတို သက်တမ်းမှာလည်း သက်ဆုံးနေကြရ သည်ဟု မရှိ။ ငါတို့သည် အမိဝမ်းတွင်းမှ ကျွတ်လာကြသည်နှင့် တပြိုင်နက် မသေရုံသာ စားကြရသည်။

ငါတို့အထဲမှ အလုပ်လုပ်နိုင်သော တိရစ္ဆာန်များလည်း အင်ကုန်အားကုန် လုပ်ကြရသည်။ အလုပ် မလုပ်နိုင်သော အချိန်သို့ ရောက်ပြန် တော့လည်း ငါတို့ကို ရက်စက်စွာ သတ်ဖြတ်၍ ပစ်ကြသည်။ ဤလောက မှာရှိတဲ့ တိရစ္ဆာန်များအနက် အသက် တနှစ်ပြည့်သည်နှင့် တပြိုင်နက် ဘယ်သူ များ စိတ်ချမ်းသာ လက်ချမ်းသာနေကြရ ပါသနည်း။ ဘယ်သူများ အားလပ်ခွင့်ရ ကြပါသနည်း။ လောကမှ လွတ်လပ်တဲ့ တိရစ္ဆာန်ဖြစ်ရခြင်းထက် ဆင်းရဲတဲ့ဘ၀ မလွတ်လပ်တဲ့ ဘ၀များ ရှိပါသေးသလား။ မရှိပါဘူး။ အဲဒါဟာ ပကတိ သဘောအား ဖြင့် ထင်ရှားတဲ့အချက်ကြီးပါဘဲ။

သည်ကဲ့သို့ ငါတို့ ဆင်းရဲကြရ ခြင်းမှာ သဘာဝ ဓမ္မအလျောက် ဆင်းရဲ ရခြင်း မဟုတ်ပါ။ ဒီနိုင်ငံမှာ အားလုံး ၀၀ဖြိုးဖြိုးစားလောက်အောင် အသီးအနှံ မပေါက်ရောက်လို့ လုပ်ခင်းဆောင်တာ မရှိလို့ ဆင်းရဲကြရမည်ဆိုလျှင် ငါတို့ စိတ်ဖြေနိုင် ပါသေးသည်။ ယခုတော့ ဖေါင်စီးယင်း ရေငတ်နေရတော့ အဘယ် မှာ ငါတို့ ကြေနပ်နိုင်ပါ မည်နည်း။ ဒီ နိုင်ငံဟာ မြေဩဇာလည်း ကောင်းသည်။ ရာသီဥတုလည်း ကောင်းသည်။

မျှမျှတ တသာရှိကြမည် ဆိုလျှင် ယခုရှိနေသော တိရစ္ဆာန်များသာမဟုတ်။ နောက်ထပ် တိရစ္ဆာန် ပေါင်းများစွာကိုပင် ၀၀ဖြိုးဖြိုး ကျွေးထားနိုင်သည်။ ဥပမာ ဒီဦးသာခေါင် ပိုင်တဲ့ လယ်ယာက ထွက်တာတခုထဲ နှင့်ဘဲ၊ နွားတွေ ဆိတ်တွေ သိုးတွေ ဝက်တွေ ကြက်တွေ အမြောက်အမြားကို ၀၀လင်လင်ကြီး ကျွေးထား နိုင်ပါသည်။ ယခုတော့ ၀၀လင်လင် စားရဘို့ တင့် တောင့်တင့် တယ်နေနိုင်ဘို့ဆိုသည်ကို စိတ်ကူးတောင် ထည့်လို့မရပါဘူး။ ဒီလိုဖြစ်ရ ဒါဟာ တခြားကြောင့် မဟုတ် ပါ။ ငါတို့ ချွေးနှီးစာတွေ မှန်သမျှကို လူသားတွေကချည်း သိမ်းကျုံးယူနေကြ လို့ ဖြစ်ပါသည်။ ဒီ အကြောင်းကို ငါတို့ နားလည်မှု ရလာကြသည်နှင့် တပြိုင်နက် ငါတို့ရဲ့ အငတ်ပြဿနာကြီးဟာ တခါတည်း ပြေပျောက်သွား ပါလိမ့်မယ်။ ဒါကြောင့် တိုတိုပြောရမယ်ဆိုလျှင် ငါတို့ရဲ့ တစ် နံပါတ်ရန်သူဟာ တခြားသူ မဟုတ်ပါ။

“ခြေနစ်ချောင်းနဲ့ နရွက်တို” ခေါ်တဲ့ လူသားတွေပါဘဲ။ ဒါကြောင့် ငါတို့ရဲ့ အငတ်ပြဿနာနဲ့ အလုပ်မအားအောင် လုပ်ရတဲ့ ပြဿနာကို တခါတည်း အပြီးအပိုင် ဖြေဖြတ်ချင်တယ်ဆိုရင် လူသားတွေကို အပြီးတိုင် သုတ်သင်၍ ပစ်မှ ဖြစ်နိုင်ပါမည်။
လောကကြီးတခုလုံးမှာ သတ္တဝါ အားလုံးအနက် ပစ္စည်းထွက်အောင် မလုပ်ဘဲနဲ့ သက်သက်ဖြုန်းတီးပစ်နေတဲ့ သတ္တဝါရယ်လို့ လူသတ္တဝါ တမျိုးဘဲရှိ ပါတယ်။ သူဟာ နို့ကိုလည်း မပေးနိုင် ပါဘူး။ ဥကိုလည်း မပေးနိုင်ပါဘူး။ ထွန်ကိုလည်း သူ့အားနဲ့ မရုန်းနိုင် ပါဘူး။ ယုန်တို့ ပဒတ်တို့ကိုတောင် သူ့ဟာသူ မှီအောင် လိုက်ဖမ်းနိုင်တဲ့ သတ္တဝါ မဟုတ်ပါဘူး။ လောကတွင် လူ့ထက် အဖျင်းနိုင်တဲ့ သတ္တဝါမရှိပါ။ ဒီလိုသာ အဖျင်းနိုင်တယ် အားလုံးသော တိရစ္ဆာန်များအပေါ်မှာတော့ သူက ဗိုလ်လုပ်နေပါတယ်။ အားလုံးသော တိရစ္ဆာန်များဟာ သူခိုင်းသမျှ အလုပ်ကို လုပ်ရပြီး မသေရုံ သူကျွေးသမျှကို စား နေကြရဒါဟာလဲ ရဲဘော်တို့ သိတဲ့ အတိုင်းပါဘဲ။ တိရစ္ဆာန်များ လုပ်လို့ရတဲ့ ပစ္စည်းများအနက် တိရစ္ဆာန်များကို ပြန်ကျွေးတာဟာ ဘာမျှမဖြစ်လောက် ပါဘူး။ ကျန်တာတွေကို သူတို့ဘဲ အကုန်သိမ်းကျုံးယူပါတယ်။ မြေကြီးကို ထွန်စရာရှိယင်လဲ ငါတို့ တိရစ္ဆာန်တွေဘဲ ထွန်ရတယ်။ မြေဩဇာ ကျွေးတော့လဲ ငါတို့ချေးနဲ့ဘဲ ကျွေး ရတယ်။

ဒီလိုသာ ဖြစ်တယ် ငါတို့တတွေမှာတော့ ငါတို့ ကိုယ်ပိုင်ဥစ္စာဆိုလို့ အရိုးနဲ့ အရေဘဲ ရှိကြရတယ်။ ကုန်ခဲ့တဲ့ နှစ်ကဆိုယင် ငါတို့အား နွားနို့ ဘယ်နှစ်ပိသာလောက် ပေးကြရတယ်ဆိုတာ ဟောဒီငါ ရှေ့နား က ဝပ်နေကြတဲ့ နွားမတွေက သက်သေခံ နိုင်ပါတယ်။ သဘာ ၀ဓမ္မအတိုင်း နွား ကလေးတွေ စို့ကြရမဲ့ နို့တွေဟာ ဘယ်ရောက် ကုန်သလဲ။ ငါတို့ရန်သူတွေဖြစ်တဲ့ လူသားတွေ လည်ချောင်းပေါက်ထဲသို့ အကုန်အစင် စီးဝင်တယ်မဟုတ်ပါလား။ ကိုင်းဒီဘက်က ကြက်မများကလဲ ပြောကြ စမ်းပါအုံး။ မနှစ်က သင်တို့ ဥပေးတဲ့ ကြက်ဥတွေထဲက ဘယ်နှစ်ဥများ ကြက် ကလေးတွေ ပေါက်ရတာ ရှိသလဲ။ သင် တို့ ဥပေးသမျှတွေဟာ ဦးသာခေါင်တို့ အကျိုးခံစားဘို့အတွက် ဈေးထဲချ ရောင်းပစ်တာချည်းဘဲ မဟုတ်လား။ ကိုင်း ဒေါ်ခွါဖြူမွေးပေးတဲ့ နွားကလေး လေးကောင်ကော ဘယ်ရောက်သွား သလဲ၊ အသက်တနှစ်ပြည့်တာနဲ့ တပြိုင် နက် ဦးသာခေါင် ကောင်းစားဖို့ ရောင်း ပစ်လိုက်တယ် မဟုတ်လား။

ဒီလိုဦးသာ ခေါင်က ပိုင်စိုးပိုင်နင်း လုပ်မပစ်လို့ အခု နေများ ဒေါ်ခွါဖြူမွေးသမျှ နွားကလေး လေးကောင်လုံး ဒေါ်ခွါဖြူနဲ့ ဥမကွဲသိုက် မပျက်ရှိကြမယ်ဆိုယင် အခုလို ဒေါ်ခွါ ဖြူအသက်ကြီးလာ သည့်အခါ ဆေးပေး မီးယူ အားကိုးဖို့ မရပေဘူးလား။ အခု တော့ ဦးသာခေါင် ကျေးဇူးကြောင့် ဒေါ်ခွါဖြူရဲ့ သားသမီး လေးကောင်လုံး မပြန်လမ်းကို မြန်းကုန် ကြပါပြီ။ ဒါဟာ အင်မတန် ရင်ထုမနာ ဖြစ်ဖို့ကောင်း ပါတယ်။ တခုလဲ ဒေါ်ခွါဖြူစဉ်းစား ကြည့်စေချင်ပါတယ်။

ဒေါ်ခွါဖြူက နွာကလေး လေးကောင်းလဲ မွေးပေးရ တယ်။ ကိုယ်တိုင်လည်း လယ်ထဲမှာ နေပူမရှောင် မိုးရွာမရှောင် ပခုံးပေါက် အောင် ဆင်းထွန်ရသေးတယ်။ ပြီးတော့ ဒေါ်ခွါဖြူမှာ ဘယ်လို အကျိုးခံစားရ ပါသလဲ။ မသေရုံစားပီး မအားအောင် လုပ်ရတာဘဲ မဟုတ်လား။ အင်း တခု တော့ပြောစရာရှိပေါ့ ခင်ဗျာ။ ဦးသာ ခေါင်က ဒေါ်ခွာဖြူနေဖို့ ခြံကလေးတော့ ခတ်ပေးသပေါ့။ ဒီအတွက်တော့လဲ ဦးသာခေါင်ကို ကျေးဇူးတင်ထိုက်ပါ တယ်။ ဒါပေမယ့် လောကမှာ တိရိစ္ဆာန် ရယ်လို့ ဖြစ်လာရတယ်ဆိုယင် ကိုယ့်ခြံ ကလေးနဲ့ ကိုယ်နေပြီး ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေရ မယ်ဆိုယင် ဘယ်မှာ မွန်မြတ်တဲ့ တိရိစ္ဆာန် ဖြစ်ရကျိုး နပ်တော့မှာလဲ။

ပြီးတော့ အဲဒီလို ငါတို့ တိရစ္ဆာန် တွေမှာ ဆင်းရဲခြင်းနှင့် ရင်းနှီးစွာ နေ ကြရရုံတွင် မပြီးသေးဘူး။ ဘယ်တော့မှ သက်တမ်းပြည့် နေရတယ်လို့လည်း မရှိကြဘူး။ ငါကိုယ်တိုင်အဖို့မှာတော့ ကံကောင်းထောက်မလို့ ချမ်းချမ်းသာ သာ နေရပါတယ်။ ညည်းတွားစရာ မရှိပါဘူး။ အခုငါ့အသက် ဟာဆိုယင် လဲ တဆယ့်နှစ် နှစ်ရှိပြီ။ ဝက်ထဲမှာတော့ ငါဟာ သက်တော်ရှည်ပေါ့။ ငါက ပေါက်ပွါးတဲ့ သားသမီးတွေလည်း အခု ဆိုရင် လေးရာထက် နဲတော့မယ် မဟုတ် ပါဘူး။ သို့သော် တခြား တိရစ္ဆာန်တွေ ထဲမှာ ငါလို အိုအောင် မင်းအောင်နေရတဲ့ တိရစ္ဆာန်ရယ်လို့ ဘယ်နှစ်ကောင်များ ရှိပါသလဲ။ တကောင်မှ မရှိပါဘူး။

အားလုံး သော တိရစ္ဆာန်များဟာ အဆုံးတနေ့မှာ နာ ဖျားပီး သေရတယ်မရှိဘဲ သက်တမ်း မစေ့ခင် လူသားတို့လက်ချက်နဲ့ သေကုန် ကြရတာ ချည်းပါဘဲ။ ဟော ဒီငါရှေ့နား က ထိုင်နေကြတဲ့ ဝက်ကလေးတွေ ဆိုရင် လည်း တနှစ်အတွင်း ဝက်ထိုးလှံဖျားမှာ အမေ ကယ်ပါ ဘကယ်ပါ အော်ပြီး အသက် ပျောက်ကြရမှာဘဲ။ အဲဒီလို သေခြင်း ဆိုးနဲ့ သေရမဲ့အဖြစ်ဟာလည်း ဝက်များ တစ်ဦးထဲအဖို့ မဟုတ်ပါ။ နွားရော သိုးရော ဆိတ်ရော ဘဲရော ကြက်ရော အားလုံးနဲ့ သက်ဆိုင်တဲ့ အဖြစ်ပါ။ ဟောဒီဖက်က ဦးဂျိုကားကြီး ဆိုရင်လည်း အခုအရွယ် ကောင်းလို့ အလုပ်လုပ်နိုင် တုန်းသာ အသက်ရှင် နေရမှာပါ။ အသက် ကြီးလာလို့ အလုပ်မလုပ်နိုင်တော့ဘူး ဆိုတဲ့ တနေ့ကျရင် ဦးသာခေါင်က သား သတ်ရုံကို ပို့လိုက်အုံးမှာပါဘဲ။ ခွေးတွေ တောင်မှဘဲ အိုလာတယ်ဆိုယင် ဟဲ့ ခွေးအိုကြီး နင့်ကို ကျွေးမထားနိုင်ဘူး ဆိုပြီး မောင်းချလိုက်တယ် မဟုတ်လား။

လာမည့်အပတ် ဆက်လက် ဖော်ပြပါမည်။
သခင်ဘသောင်း