အလုပ်သမားနှင့် အကြောက်တရား

0
516

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က မြိတ်မြို့ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမ၌ အလုပ်သမား အသိ ပညာပေး ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ သည်။
မြိတ်မြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ် သော ဦးဥက္ကာမင်းက ဦးဆောင်ပြီး မြိတ် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့်အတူ ဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲသို့ တက်ရောက် နားထောင်ရန် မြိတ်ခရိုင်အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများကိုလည်း ဖိတ်ကြား ခဲ့သည်။ စက်ရုံတစ်ခုကို အောက်ခြေ အလုပ်သမားအယောက် ၃၀ တက် ရောက်ရန် ဖိတ်ကြားခဲ့သည်ဟု သိရ သော်လည်း တချို့စက်ရုံတွေက ပြည့်မီအောင် မတက်ရောက်ကြပါ။
တချို့စက်ရုံတွေက မန်နေဂျာများ၊ အ လုပ်သမားခေါင်းများသာ တက်ရောက် ပြီး ကုမ္ပဏီတချို့ကတော့ အောက်ခြေအ လုပ်သမားများကို တက်ရောက်ခွင့်ပေး သည်ကို တွေ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်သူ ၄၀၀ ခန့် ရှိသည်။
လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သ မားနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနမှ ပုဂ္ဂိုလ်များ အသီးသီးက ဆိုင်ရာ ဆိုင်ရာအကြောင်းအရာ ဥပဒေများနှင့် ပတ်သက်၍ ဟောပြောအပြီးတွင် ပရိသတ်ကို မေးခွန်းမေးရန် အလှည့်ပေး သည်။
မေးခွန်းမေးသည့် ပရိသတ်က ငါး ယောက်ခန့်သာ ရှိသော်လည်း ကုမ္ပဏီ ကိုယ်စားပြုပြီး တက်ရောက်လာကြသူ တစ်ယောက်မှ ထမမေးကြ။
ဘာကြောင့်ပါလဲ။

အလုပ်သမားအားလုံးက သူတို့ ဟောတာတွေ အားလုံးကို ရှင်းလင်း သိနားလည်နေ၍လော။ ဒါမှမဟုတ် မေးခွန်းတွေ မေးမြန်းခြင်းမပြုဖို့ ပြဿနာ တက်ရင် အလုပ်ဖြုတ်ပစ်မည်ဟု အလုပ် ရှင်က ခြိမ်းခြောက်ထားသောကြောင့် လော။
အလုပ်ရှင်တွေက အလုပ်သမား အရေး စိတ်မဝင်စားသူတွေကိုသာ တမင် လွှတ်လိုက်ပါသလော။ ဒါမှမဟုတ် အလုပ် ရှင်တွေဘက်က သီးသန့်ရပ်တည်တဲ့ အခွင့်ထူးခံတွေကိုပဲ ရွေးပြီး လွှတ်လိုက် သလော။ မေးခွန်းပေါင်းများစွာ။

အတွေ့အကြုံအရ ပြောရလျှင် အလုပ်သ မားတစ်ယောက်က လုပ်ငန်း ခွင်ထဲ၌ မတရားဖိနှိပ်ခိုင်းစေမှု၊ အလုပ် သမား အခွင့်အရေး ချိုးဖောက်ခံရမှု၊ မန်နေဂျာ ခေါင်းဆောင်များ၏ ဘက် လိုက်ခွဲခြား ဆက်ဆံမှု စသည်များ မကြာ ခဏဆိုသလို ဖြစ်နေ၊ ခံစားနေရသော် လည်း အလုပ်သမားများအနေဖြင့် ၎င်းတို့ နှင့် ရင်းနှီးပြီး အလုပ်ဖြုတ်ခံရမည့်ဘေး ကင်းဝေးနိုင်သော အသိုင်းအဝိုင်းကလေး အတွင်းတွင်သာ မိမိတို့ခံစားရသည်များ ကို မကျေမနပ် ရင်ဖွင့်တတ်ကြပါသည်။

ယခုကဲ့သို့ အစိုးရ၊ ဌာနပုဂ္ဂိုလ်ကြီး ပေါင်း စုံတက်ရောက်သော ဆွေးနွေးပွဲ ကြီးများ၌ စကားပြော မေးခွန်းထုတ်ရန် မဆို ထားဘိ၊ မတ်တပ်ရပ်ပြီး နာမည် မိတ်ဆက်ရန်ပင် သတ္ထိမရှိရှာကြ။ ပြောမှားဆိုမှားဖြစ်သွားလျှင် အလုပ် ပြုတ်သွားနိုင်သည်ဟု နားလည်ထား ကြသည်က အလုပ်သမားတစ်ရာလျှင် ကိုးဆယ့်ကိုးယောက် ရှိသည်။ ချက်ချင်း အလုပ်မပြုတ်လျှင်တောင်မှ မန်နေဂျာ ခေါင်းဆောင်နှင့် အလုပ်ရှင်များ၏ ငြိုငြင်ခံရမှုကြောင့် ဌာန ရွှေ့ပြောင်းခြင်း၊ နှစ်တိုးလစာလျှော့ခြင်း၊ အပြစ်မရှိ အပြစ် ရှာပြီး အလုပ်ထုတ်ခံရနိုင်သည့် အန္တရာယ် က ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

တနင်္သာရီတိုင်းသည် တခြားတိုင်း နှင့်ပြည်နယ် အားလုံးထက် အလုပ်သမား ပြဿနာ အနည်းဆုံးဖြစ်ကြောင်း တိုင်း ဒေသကြီးအ လုပ်သမား ညွန်ကြားမှုဌာန ဦးစီးမှူး ဦးဟန်ဝင်းအောင်က ယင်းပွဲ၌ ထည့်သွင်း ပြောကြားသွားသည်။ ယင်း မှာ သူ၏အ လုပ်စားပွဲအပေါ် ရောက်လာ သည့် ပြဿနာများအား ကြည့်၍ပြော သွားခြင်း ဖြစ်နိုင်သည်။ သူ့ဘက်က ကြည့်လျှင်မှန်သော်လည်း တကယ်တမ်း အောက်ခြေ၌ ပြဿနာတွေက အများ အပြား ရှိသည်။

ကျွန်းစုမြို့နယ် အမျိုးသားလွှတ် တော် အမတ်လည်းဖြစ် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီဝင်တစ်ဦး လည်းဖြစ်သည့် ဦးဥက္ကာမင်းကလည်း “လက်ရှိတိုင်စာက နှစ်စောင်ပဲရှိလို့ ပြဿနာမရှိဘူးလို့လည်း ယူဆလို့မရ ပါဘူး။ ကျွန်နော်တို့နောက်ကွယ် အောက်ခြေမှာ ကြောက်ပြီး မတိုင်ရဲတဲ့ ပြဿနာက နှစ်ရာလောက် ရှိနေနိုင်ပါ တယ်။ အဲဒါကလည်း ခေတ်အဆက်ဆက် အာဏာရှင်တွေက ကြောက်အောင် ခြောက်ထားကြလို့ ဖြစ်ပါတယ်”ဟု ယင်းအပေါ် မှတ်ချက်ပေးသည်။

ဘာကြောင့် ယခုကဲ့သို့ ဖြစ်ရပါ သနည်း။ တနင်္သာရီတိုင်းအတွင်းရှိ အလုပ်သမားအများစုက တခြားတိုင်း နှင့်ပြည်နယ်များ ထက်စာလျှင် (ကျွန်တော့် အထင်) စာတတ်မြောက်မှု အားနည်း ကြသည်။ ပင်ကိုယ်ဗီဇအရလည်း ပြဿနာ မရှာတတ်ကြ၊ ရုံး၊ ဂတ်သွား ရမှာကို ဝန်လေးကြသည်ကလည်း အားလုံးလိုလို။ ဖိနှိပ်ချင်ကြသော အလုပ်ရှင်များက အလုပ်သမားတို့၏ နားမျက်စိတို့ကို တတ်နိုင်သမျှ ပိတ်ထားကြသည်။

အလုပ်ခန့်ထားရာ၌လည်း အလုပ် ရှင်အလုပ်သမား သဘောတူစာချုပ် ကုမ္ပဏီစဖွင့်ကတည်းက ရှိသော်လည်း လူတစ်ထောင်တွင် ဆယ်ယောက် လောက်သာ တွေ့ဖူးမြင်ဖူး ချုပ်ဆိုဖူး ကြသည်။ စက်ရုံစည်းကမ်းချက်များ ပေးဖတ်၍ အလုပ်ခန့်လိုက်ကြသည်က များသည်။ စာချုပ် ချုပ်ဆိုခြင်း မရှိသော အလုပ်ရှင်များကို အရေးယူမည်ဟူသော ကြေညာချက်ထွက်မှ ဖုတ်ပူမီးတိုက် စာချုပ် ပြေးချုပ်ကြသည်။ ဒါသည်ပင် စာချုပ် မိတ္ထူအား အလုပ်သမားတိုင်းကို ပေးအပ်ခြင်းမရှိ။ ယင်းအပေါ် လက်မှတ် သာလျှင် ထိုးခိုင်းကြသည်။

စက်ရုံသို့ ဌာနဆိုင်ရာမှ တာဝန် ရှိသူ လူကြီးများလာလျှင် “အားလုံး အဆင် ပြေပါသည်။ ပြဿနာမရှိပါ”ဟု သူဌေးဘက်မှ ရပ်တည် ဇာတ်တိုက် ထားသော အလုပ်သမား ခေါင်းဆောင် များနှင့်သာ တွေ့ဆုံစေ၊ မေးဖြေစေကြ သည်။ ဆိုင်ရာဌာနများမှ အလုပ်သမား များအတွက်ပေးသော အလုပ်သမား ဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ကိုလည်း မန်နေဂျာဆိုသူမှ ပြန်လည် သိမ်းယူသည့် ဖြစ်စဉ်များပင် ရှိခဲ့သည်။
သို့ကြောင့်လည်း အလုပ်သမား အများစုက မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရပြီး ရသင့်ရထိုက်သည့် အခွင့်အရေးဆိုတာ မသိ ကြ။ ပြဌာန်းထားသော ဥပဒေက ဘာတွေပေးထားမှန်းမသိကြဖြစ်ရပြီး အကြောက်တရားက သူတို့ဘ၀ တစ် လျှောက်လုံး လွှမ်းမိုးခဲ့ရသည်။

ကုမ္ပဏီ ကြီးတစ်ခုဆိုလျှင် အလုပ်သမားများကို နေ့ဆိုင်းညဆိုင်း ခိုင်းသည်။ မနက် ၈နာရီကဝင်သော အလုပ်သမား ညနေ ၅နာရီပြန်လျှင် သူ့နေရာ ဝင်လုပ်သော ညဆိုင်းသမား ကညနေ ၅ နာရီမှ မနက် ၈ နာရီအထိ လုပ်ပေးရသည်။ ဆိုတော့ ညဆိုင်း ကျသည့် အလုပ်သမားက အလုပ် လုပ် ချိန်က နာရီပေါင်း ၁၄ နာရီဖြစ်နေသည်။ အချိန်ပိုကြေးက မရ။

သည်နည်းနှင့် ခေါင်းပုံဖြတ် လုပ် စားလာသည်က ဆယ်စုနှစ်တစ်ခုကျော် ပြီ။ ယင်းကို ကြားသိပြီး ထောက်ပြ စုပေါင်းတောင်းဆိုမှုတွေ လုပ်ကြတော့ အလုပ်ရှင်က မတတ်သာသည့်အဆုံး ၂၄ နာရီအတွက် ၃ ဆိုင်းခွဲပေးလိုက်သဖြင့် အလုပ်သမား ဝန်ထမ်းအများစုမှာ အဆင်ပြေသွားကြသည်။ ဦးဆောင်သူ တစ်ယောက်ကား အလုပ်ပြုတ်သွား သည်။ ယင်းခေါင်းပုံအဖြတ်ခံရမှုကို ပေးဆပ်ခဲ့ရသည့် လူများ ဘ၀များ သက္ကရာဇ်များက ရေးရလျှင် ကုန်ဆုံးနိုင် မည်မဟုတ်၍ ရှိပါစေတော့။

ယခုပွင့်လင်းမြင်သာသော ဒီမိုကရေစီ ခေတ်ပြောင်းပြီ ဆို၏။
သို့သော် အောက်ခြေအလုပ် သမားထုက ယခင်အခြေအနေမှ ပြောင်းလဲတိုးတက်မှု ထူးခြားခြင်း မရှိ သေးကြောင်း ဆိုကြသည်။ အကြောင်း မှာ ခေတ်အဆက်ဆက်မှ အုပ်ချုပ်သူများ ၎င်းနှင့် အကျိုးတူ အလုပ်ရှင်သူဌေးကြီး များမှ ခြိမ်းခြောက် ထိုးနှံခဲ့သော အကြောက် တရားဆေး၏ တန်ခိုးအာနိ သင်က ပြယ်သင့်သလောက် မပြယ်သေး။

ကြောက်ဆေးမပြယ်နိုင်သည်ကလည်းယခင်အစိုးရ ခေတ်အဆက်ဆက် ကတည်းက ရှိနေသော အလုပ်သမား တို့၏ ငယ်ကြောက်ပုဂ္ဂိုလ်တချို့က ဒီမိုကရေစီ ခေတ်ပြောင်းသော်လည်း မပြောင်းလဲ သွားကြသေးဘဲ မကျွတ် မလွတ် မကြာခဏ ၎င်းတို့အပေါ် ခြောက်လှန့် လျက်ရှိနေသေးသည်ကြောင့် ဟူ၏။
ကိုဆန်း(မြိတ်)