ကဏန်းနီ အရနည်း

0
482

မြိတ်ဒေသအခေါ် ကဏန်း ဘုန်းကြီး (သို့) ကဏန်းနီ ဖမ်းဆီးရမိမှု နည်းလာ သည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သူ တချို့က ပြောသည်။
အဆိုပါ ကဏန်းကို ဈေးကွက်တွင် Spanner Crab ဟု ခေါ်သည်။ ယခင် နှစ်များက လှေတစ်ခေါက် ဆိုက်လျှင် ဂဏန်းနီကီလိုချိန် ရှစ်ထောင်မှ တစ်သောင်း အထိပါလာ ဖမ်းဆီးရမိသော်လည်း ယခုနှစ်တွင် ကီလိုချိန် သုံးထောင်ခန့်သာ ဖမ်းဆီးရမိကြောင်း ၎င်းတို့က ပြောသည်။

ကဏန်းနီကို မြိတ်မြို့မှ မိုင် ၁၀၀ ကျော်ဝေးသော ပင်လယ်ရေပြင်တွင် သံမြုံးများ ရေအောက်ကြမ်းပြင်သို့ချပြီး ဖမ်းဆီးခြင်းဖြစ်ပြီး လှေတစ်ခေါက်လျှင် ဖမ်းဆီးချိန် ၂ ပတ်ခန့်ကြာသည်။
ကဏန်းနီ တစ်ကီလို ပေါက်ဈေး မှာ အရွယ်အစားအပေါ် မူတည်ပြီး ကျပ် ၆၀၀၀မှ ၇၀၀၀ အထိ ရှိသည်။

ယခုရက်ပိုင်းအတွင်း လေပြင်း တိုက်ပြီး မကြာခဏ လိုင်းကြီးခြင်း ကြောင့် ကဏန်းများ မကြာခဏ နေရာ ရွှေ့ပြောင်းကြသဖြင့် ဖမ်းဆီးရမိမှု နည်းပါးနေခြင်းဖြစ်နိုင်ကြောင်း လုပ်သက် ၁၅ နှစ်ရှိ ပဲ့နင်းတစ်ဦးဖြစ်သူ ဦးရွှေတင် က မှတ်ချက်ပြုသည်။
အဆိုပါ ကဏန်းနီများအား ကုမ္ပဏီ အအေးခန်းစက်ရုံများက ဝယ်ယူပြီး အေးခဲပြုပြင်၍ ဂျပန်၊ တရုတ်၊ ဟောင် ကောင်၊ တိုင်ဝမ် စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း စက်ရုံ အသိုင်း အဝိုင်းမှ သိရသည်။

လက်ရှိတွင် မြိတ်တွင် ကဏန်း ဖမ်းလှေ ၄၀ ကျော်ရှိပြီး ပုံမှန်အားဖြင့် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖမ်းဆီးကြသည်ဟု သိရသည်။