ထီးခီးလမ်းအတွက် ထိုင်းချေးငွေယူရန် ဆုံးဖြတ်

0
435

ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ နယ်စပ် ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ထီးခီးလမ်းကို အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံ၏ ချေးငွေယူရန် ပြီးခဲ့သည့် အောက်တိုဘာလက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။
ပြည်ထောင်စုအစိုးရတွင် ထိုင်း နိုင်ငံမှ ချေးငွေကို အစိုးရချင်း(G to G)ချေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ကာ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

“ပြည်ထောင်စုလွှတ်တော်က အတည် ပြုပြီးပြီဆိုရင်တော့ စလို့ရပါပြီ”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
ထိုင်းနိုင်ငံမှ ပေးအပ်မည့် နှစ် ၃၀ ချေးငွေ ထိုင်းဘတ်ငွေ သန်းပေါင်း ၄၅၀၀ ဖြစ်ပြီး ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ပြီး ကျန်သည့် နှစ် ၂၀ မှာ ၀.၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ချေးငွေ ချေးယူပြီးပါက အိတ်ဖွင့် တင်ဒါ ခေါ်ယူသွားမည်ဖြစ်ပြီး ပြည် တွင်း ပြည်ပကုမ္ပဏီများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကာ တည်ဆောက်ရေးကာ လမှာ လပေါင်း ၃၀ (၂ နှစ်ခွဲခန့်) ကြာမြင့်မည်ဖြစ်ကြောင်း ဦးဖြိုးဝင်း ထွန်းက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်း နိုင်ငံနယ်စပ် ထီးခီးနယ်စပ်ဂိတ် အထိ ၁၅၆ ကီလိုမီတာခန့် အရှည်ရှိ လမ်းကို အဆင့်မြှင့်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါ လမ်း ပိုင်းမှာ ဆိုးရွားစွာ ပျက်စီးနေသည့် အတွက် ပြည်သူများအကြား ဝေဖန်နေ မှုများ ရှိသည်။

လက်ရှိအချိန်ထိ ကွင်းဆင်း တိုင်း တာမှု ၂ ကြိမ် ပြုလုပ်ထားပြီး နိုင်လွန် ကတ္တရာ ၂လမ်းသွား ခင်းမည်ဖြစ်ကာ ၇ မီတာ အကျယ် ရှိမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
“(လမ်းအူကြောင်း) ၈၅ ရာခိုင် နှုန်းက အဟောင်းအတိုင်း ပြန်သုံးမယ်”ဟု ၎င်းက ဆိုသည်။
ယခင် အစိုးရ လက်ထက်ကတည်း က ချေးငွေရယူရန် မူအားဖြင့် သဘော တူထားခဲ့သော်လည်း အစိုးရ အကူး အပြောင်းကြောင့် အချိန်ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။