ထားဝယ် နည်းပညာတက္ကသိုလ်တွင် လူတစ်ရာဆန့် အဆောင်ဆောက်လုပ်

0
413

နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းဝင်းအတွင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့် နေထိုင်နိုင်မည့် နှစ်ထပ်ဆောင်ကို ယခုဘဏ္ဍာရေးနှစ် အတွင်း အပြီးတည်ဆောက်မည် ဖြစ် ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။

လက်ရှိတွင် ယင်းအဆောင် ဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း၊ လမ်းဖောက်လုပ်ခြင်းများကို စတင် လုပ်ဆောင်နေဆဲသာ ဖြစ်သောကြောင့် မည်သည့် ကျောင်းသားများကို အဆောင် နေထိုင်ပြုမည်ကို မဆုံးဖြတ်ရသေး ကြောင်း ပါမောက္ခ ဒေါက်တာ အောင်နိုင်မြင့် က ပြောသည်။
“တစ်ဆောင်တည်း ရတာဆိုတော့ ပေါင်းထားလို့ မရဘူး။ အဆောင်ကြီး ပြီးမှ ကျောင်းသားထားရင် သင့်တော် မလား၊ ကျောင်းသူထားရင် သင့်တော် မလား ဆုံးဖြတ်မှာပေါ့”ဟု ဒေါက်တာ အောင်နိုင်မြင့်က ဆိုသည်။

ယင်းနည်းပညာကျောင်းသည် မြို့ပြင်တွင် တည်ရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ အဆောင် နေပျော်စေရန် အားကစားကွင်း၊ စားသောက်ဆိုင် စသည်တို့ ရရှိစေရန် ဆောင်ရွက်သင့် ကြောင်း ၎င်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြောသည်။
“ကျောင်းက အရမ်းတိတ်ဆိတ် နေတော့ ကျွန်မဆိုရင်တော့ နေဖြစ်မှာ မဟုတ်ဘူး”ဟု အဆိုပါကျောင်းတွင် တက်ရောက်နေသည့် စက်မှုကျောင်းသူ တစ်ဦးက ဆိုသည်။

အဆောင်နေကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေစေရန် လုံခြုံရေးဝန်ထမ်း များ၊ သန့်ရှင်းရေး ဝန်ထမ်းများ စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန် လာမည့် ဘဏ္ဍာနှစ်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ဘတ်ဂျက် တောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်မြင့်က ပြောသည်။
၎င်းကျောင်းဆောင်နှင့် ထမင်းစား ဆောင် ၂ ဆောင်ကို အဆင့်မြင့်ပညာ ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၇၂ သန်းဖြင့် ဆောက်လုပ်ရေးဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုပညာသင်နှစ်တွင် နည်းပညာ တက္ကသိုလ်(ထားဝယ်) ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀၀ ကျော် ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။