အခြားနည်း အသုံးပြုခွင့် မကျသေးသော်လည်း GGS မြေဖို့ခွင့်ရ

0
367

ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် ဆင်ဖြူပြင်ဆိပ်ကမ်းအနီး တည် ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ငါး လေလံဈေး ချဉ်းကပ်လမ်းအတွက် လယ်မြေဖို့ခြင်းကို တိုင်းအစိုးရအဖွဲ့ အဆုံးအဖြတ်ဖြင့် ခွင့်ပြုထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

Global Grand Service (GGS) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေ သည့် ယင်းငါးလေလံဈေး တည်ဆောက် မည့် လယ်မြေကွက်များကို အခြား နည်း အသုံးပြုခွင့် မကျသေးသော်လည်း ပေ ၁၅၀(လမ်းသား ပေ ၈၀) အကျယ် ရှိပြီး ပေ ၇၇၀၀ကျော်ရှည်သော ငါးလေလံဈေး ချည်းကပ်လမ်းအတွက် လယ်မြေဖို့ ခြင်းကို တိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုထား ခြင်း ဖြစ်သည်။

ငါးလေလံဈေးဧရိယာ လယ်ဧက ၂၀၀ ခန့် အတွက် အခြားနည်း အသုံး ပြုခွင့်ကို တိုင်းအစိုးရအဖွဲ့မှ အတည်ပြု ပြီး ပြည်ထောင်စုသို့ တင်ပြထား သော်လည်း ခွင့်ပြုချက် မကျသေးသဖြင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ကြိုတင် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

” ဒီအခိုက်အတန့်မျှတော့ လက်ရှိ လမ်းဖောက်တာလောက်တော့ လုပ်ပေး သင့်တယ်၊ ကားတွေထားမှာနဲ့ မြေ တွေ ဖို့မှာနဲ့ပေါ့။ အခြားနည်း အသုံးပြု ခွင့်ကျပြီ၊ (ပုံစံ)၁၀၅တွေဆွဲ ဘာတွေဆွဲ၊ ကျပြီးမှ လုပ်မယ်ဆို တအားနှောင့်နှေး သွားတော့မယ် တို့တတွေ၊ အဲတော့ ဒီလမ်းလောက်တော့ လုပ်ပေးသင့်တယ်၊ ကြိုတင် ပြုပြင်ခွင့်ပေါ့” ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

ယင်းချည်းကပ်လမ်းနှင့် ငါးလေ လံဈေးဧရိယာတွင် ပါဝင်သော လယ် မြေများအတွက် လယ်ပိုင်ရှင်များထံမှ လယ်တစ်ဧကလျှင် သိန်း ၂၀ ကျပ် နှုန်းဖြင့် GGS ကုမ္ပဏီက ပေးချေခဲ့ပြီး လက်ရှိမြေဖို့ထားသော လမ်းကြောင့် ရေစီးရေလာမကောင်းဘဲ နောင်နှစ်များ တွင် လယ်ရေလျှံမည်ကို လယ်သမား များ စိုးရိမ်နေကြကြောင်း ယင်းလမ်း အနီးမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

” လမ်းက လယ်ထက် အတော်မြင့် တော့ လမ်းအောက်မှာ ရေစီးနိုင်မယ့် မြောင်းတွေ တံတားတွေ ကောင်းဖို့ လိုမယ်၊ ခု (ရေစီးမြောင်းတွေ)ကောင်း ကောင်း မတွေ့ရသေးဘူး၊ (လယ်ထွန်၊ စပါးရိတ်သိမ်း)စက်သွားမယ့်လမ်းတွေ လုပ်ပေးမယ်ဆိုပြီးလည်း (ကုမ္ပဏီဘက် က) အာမခံထားတယ်၊ စပါးသိမ်းချိန် ဘယ်လိုလာ မလဲမသိဘူး၊ ခုတော့ မတွေ့သေးဘူး” ဟု ယင်းလယ်ပိုင်ရှင်က ပြောသည်။

GGS ကုမ္ပဏီ၏ ငါးလေလံဈေး စီမံကိန်းတာဝန်ခံ ဦးမောင်မောင်ကမူ လယ်သမားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
သရက်ချောင်းငါးလေလံဈေးတည် ဆောက်မည့် Global Grand Service ကုမ္ပဏီသည် ထားဝယ်ခရိုင်တွင် လျှပ် စစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေ သည့် ကုမ္ပဏီလည်း ဖြစ်သည်။

လယ်ယာမြေတွင် မြေဖို့သူများကို ဥပဒေအရ အမြန်ဆုံး အရေးယူသွား မည်ဖြစ်ပြီး ထောင်ဒဏ်အထိ ကျခံရနိုင် ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်က ထားဝယ်မြို့တော် ခန်းမတွင် တိုင်းအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောဆို ဖူးသည်။

တနင်္သာရီတိုင်းအတွင်း မြေယာ အခြားနည်း အသုံးပြုခွင့်များ လျှောက် ထားရာတွင် ကြန့်ကြာလေ့ရှိကြောင်း လုပ်ငန်းရှင်အချို့နှင့် ဒေသခံများက ညည်းတွားလေ့ရှိသည်။