မလွယ်နိုင်ကြသောအခါ

0
722

အပေါ့အလေးဒုက္ခ လူတိုင်း ကြုံဖူးကြပါမည်။ ခရီးထွက်စဉ် မလွယ် နိုင်တော့လောက်သည့် အချိန်နှင့် စွန့်ထုတ်ရန် နေရာအခင်းအကျင်း မရှိ သည့် အခါမျိုး။
နယ်မှ မြို့သို့ မဖြစ်မနေ တက်ရသူ တို့ ယင်းအခင်းအကျင်း မကြာခဏ ကြုံရပါလိမ့်မည်။

မအောင့်နိုင် မလွယ်နိုင်ချိန် ကိုယ် ရောက်နေသည့် နေရာဝန်းကျင်တွင် အခပေးအိမ်သာ မရှိသည့်အခါမျိုး၊ ကိုယ် ဈေးဝယ်နေသည့်ဆိုင်တွင် အိမ်သာတက်ရန် မဖြစ်နိုင်သည့် အခင်း အကျင်းမျိုးဆိုက ဇောချွေးပြန်ရပြီ။ မျက်နှာ နီကာ ဘယ်နေရာ ဖိထားရမှန်း မသိ တုန်တုန်ရီရီ ဖြစ်လာရပြီ။
ရှက်တတ်သူများဆိုက ပိုဆိုး ရသည်။ ယင်းကိစ္စမျိုး တော်ယုံပြော မထွက်တတ်ကြ။ ကိုယ်နှင့် မရင်းနှီး သည့် အကျွမ်းမဝင်သည့်ဝန်းကျင်တွင် မည်သို့ ဖြေရှင်းသင့်သည်ကို မတိုင် ပင်ရဲကြ။

” ထားဝယ်ကိုလည်း တစ်ခါ တစ်လေမှ ရောက်ဖူးတယ်။ ဆွေးမျိုးလဲ မရှိဆိုရင်တော့ အောင့်ထားပေတော့။ အဒေါ်တို့ အမျိုးသမီးတွေက ပိုဆိုး တယ်” ဟု လောင်းလုံးမြို့နယ် ပန်းတင် အင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်ထွန်းရှိန်က ပြောသည်။ထားဝယ်သို့ အခြားမြို့များမှ ဘုရားဖူးဧည့်သည်များလည်း စဉ်ဆက် မပြတ် ရောက်လာနေသဖြင့် မြို့တွင်း၌ သန့်ရှင်းသန့်ရပ်သော အခပေးအိမ်သာ များ တည်ဆောက်ထားပေးသင့်ကြောင်း ဒေါ်ထွန်းရှိန်က ပြောသည်။ လက်ရှိတွင် အိမ်သာဆိုလျှင် သန့်မှကြိုက်သော ဒေါ်ထွန်းရှိန်အတွက် ထားဝယ်မြို့တွင်း လူစည်ကားသည့် ဈေးတစ်ဝိုက်တွင်ပင် အနံ့အသက်ကောင်းပြီး သန့်ရှင်းသန့်ရပ် သော အခပေးအိမ်သာ မတွေ့ရ။

“ထားဝယ်ကိုလာပြီး အိမ်သာက ညစ်ပတ်နေတယ် ဆိုတာမျိုး အပြော မခံရအောင်ပေါ့။ အိမ်သာတက်ချင်လာ ရင် အောင့်အီးပြီးနေရတာက မလွယ်ဘူး အဲဒီကိစ္စကြီးကလေ” ဟု ၎င်းက ဆို သည်။

မလွယ်နိုင်သည့်ပြသနာ ဖြေရှင်း ရန် နေရာအခက်အခဲက မြို့တွင်မက။ မိမိအိမ်မှ အခြား တစ်နေရာရာသို့ ခရီးထွက်တိုင်း ကြုံကြရစမြဲ။
ယောင်္ကျားလေးများနှင့် အသက် အရွယ်ရပြီးသူအချို့က မလွယ်နိုင်က နီးရာခြုံထဲ ပြေးဝင်ကြ။လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ အသက် ၂၁ အရွယ် ကိုသက်ဇော်ထွေး ကတော့ ဆိုင်ကယ်ဖြစ် ခရီးသွားများပြီး လူပြတ်လမ်းတွင် အဆင်ပြေသလို ခြုံတိုးပါသည် ဆိုလေ၏။ အိမ်ရှိသည့် နေရာတွင် မအောင့်နိုင်တော့က အပေါ့ သွားချင်ကြောင်း အကူအညီတောင်းပြီး သွားလိုက်သည်ဆို၏။

” အဲဒီလိုမျိုး လမ်းဘေးမှာ အဆင် ပြေသလို သွားနေရတာကတော့ ရေရှည် အတွက်ဆိုရင် အမြင်မသင့်တော်ဘူးပေါ့။ အခုခေတ်အရ ကြည့်မယ်ဆိုရင် အမြင်ရိုင်းသလိုခံစားမိတယ်၊ ဒါပေမဲ့ လမ်းဘေးအိမ်သာမှ မရှိဘဲ၊ ဒီလိုနည်းနဲ့ ဖြေရှင်းရမှာပေါ့၊ ပိုက်ဆံပေးရတဲ့ အိမ်သာဆိုရင်တော့ ၁၀၀ ကျပ် လောက် ဆိုရင်တော့ ပိုက်ဆံပေးပြီး တက်ဖြစ် မှာပါ” ဟု ကိုသက်ဇော်ထွေးက ပြော သည်။

အပျိုရွယ်လေးတွေအတွက်တော့ မလွယ်ကြော။ ဇောချွေးတပြိုက်ပြိုက်ဖြင့် အသေအကြေ အောင့်ထားမလား၊ အရှက်ကိုလျှော့ စိတ်ကိုဖော့ပြီး ခြုံတိုး မလား။
ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုး သမီးတစ်ဦးက ကားဖြင့်ခရီးသွားစဉ် တစ်ခါက သူ၏ မလွယ်နိုင်သည့် ပြဿနာ အား ကားသမားကို ပြောသော်လည်း ကားသမားက နေရာရှာရင်း ဆက်မောင်း နေပါသတဲ့။

” အသက်ကလည်း ၁၉ နှစ်လောက် (အပျိုပဲ) ရှိသေးတယ်ဆိုတော့ ရှက်တာ ပေါ့။ ကားပေါ်မှာ မအောင့်နိုင်တော့ဘူး ဆိုတာ နေရာရှာရင်း ဆက်မောင်းတော့ အချိန်က ကြာနေသေးတယ်၊ ကားရပ် တာနဲ့ လမ်းဘေးခြုံကွယ်တွေထဲ ဝင်ပြေး တာပဲ။ ချွေးတွေလည်းပြန် ရှက်လည်း ရှက်ပဲ” ထို အမျိုးသမီးက ပြောသည်။
အချို့အမျိုးသမီးများက ယင်းကိစ္စ ဖွင့်ပြောရန် သတ္တိနည်းတတ်ကြသည်။

” တစ်ခါဖြစ်ဖူးတယ် မော်လမြိုင် သွားတော့၊ ကားကလည်း သူနားမယ့် နေရာ မရောက်သေး၊ ကိုယ်ကလည်း မအောင့်နိုင်၊ ပြောရမှာလည်ရှက်၊ တော်တော် ခံလိုက်ရတယ်” ဟု မြိတ်မြို့ မှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဖွင့်ဟသည်။ခရီးသွားသူ အမျိုးသမီး အတော် များများက အိမ်သာအခက်အခဲကြောင့် ခရီးမသွားမီ အပေါ့အလေး ကြိုသွားကြ၊ အစားအသောက်လျှော့စား ရှောင်စား လုပ်ကြလေ့ရှိသည်။ သို့သော် မလွယ် နိုင်သည့်ကိစ္စက ကြိုခန့်မှန်းရ ခက်လှ သည့်အမျိုး။

သူတို့အားလုံး တောင်းဆိုကြသည် က မြို့တွင်းဆိုက လမ်းဘေး အခပေး အိမ်သာသန့်သန့်လေးများ။ နယ်လမ်း များတွင်ဆိုက စားသောက်ဆိုင်နှင့် ဆီဆိုင်များတွင် မည်သူမဆို အလွယ် တကူ မငြူမစူ ဝင်ထွက်ကိစ္စရှင်းနိုင်သည့် အိမ်သာသန့်သန့်လေးများ။

” ထမင်းဆိုင်တွေမှာပဲ အိမ်သာ တွေရှိတယ်၊ ဆီဆိုင်တွေမှာ အပေါ့ အလေးသွားဖို့ အိမ်သာတွေထားပေးရင် ခရီးသွားတွေအတွက် ပိုအဆင်ပြေ လိမ့်မယ်လို့ မြင်တယ်” ဟု ခရီးမကြာ ခဏထွက်လေ့ရှိသည့် ပုလောမြို့မှ မသီသီဝါက ဆိုလေသည်။