ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လုံခြုံရေး ရဲအင်အားအပြည့်သုံးမည်

0
378

ထားဝယ်မြို့တွင် ကျင်းပမည့် ၁၀၈ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတွင် ရဲတပ်ဖွဲ့အင်အား အပြည့်ဖြင့် လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သပိတ်မျှော ပွဲတော်တွင် အသုံးပြုသည့် အင်အားထက် ပိုမိုအသုံးပြုသွား မည်ဖြစ်ကြာင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူက ဆိုသည်။
ယင်းအပြင် ယာဉ်ထိန်းတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များဖြင့် ယာဉ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ယာဉ်တိုက်မှုများ လျော့နည်းစေရန် ဇမ္ဗူသီရိကဲ့သို့ လူမှုရေး အသင်းအဖွဲ့ များနှင့်လည်း ချိတ်ဆက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဘုရားလှည့် လည်ရာ လမ်းကြောင်းအတွင်း စည်း ကမ်းမဲ့ ဆိုင်ကယ်အချို့ အရှိန်ပြင်းစွာ ဝင်ရောက်စီးနင်းမှုရှိခဲ့ပြီး ပြည်သူများ အကြား ဝေဖန်ပြောဆိုမှုများ ရှိသည်။

” မနှစ်ကဆို ဆိုင်ကယ်တွေ ဘုရား လှည့်နေတဲ့လမ်းကြောင်းမှာ အရှိန်နဲ့ စီးတော့ ဘုရားဖူးဧည့်သည်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရသလို အန္တရာယ်လည်းများတော့ ဒီနှစ်မှာ သေသေချာချာ ကြပ်မတ်ပေးစေချင်တယ်” ဟု ထားဝယ်မြို့ခံတစ်ဦးဖြစ်သည့် မယုယုမွန်က ပြောသည်။
ထားဝယ်မြို့တွင် ကျင်းပသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ထားဝယ်ဒေသ မှ ဘုရားဖူးများသာမက မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အများ ဆုံးလာရောက်လေ့ရှိပြီး အထူးစည်ကား သည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။