ဒေသဆိုင်ကယ်လိုင်စင်လုပ်သူ သိသိသာသာ နည်းလာ

0
878

မော်တော်ဆိုင်ကယ် ဒေသလိုင် စင် လာရောက်ပြုလုပ်သူ သိသိသာသာ လျော့နည်းလာကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။

ထားဝယ်မြို့ရှိ တိုင်းဒေသကြီး ကညနရုံးတွင် လိုင်စင်လာရောက် ပြုလုပ်သည့် ဆိုင်ကယ်အရေအတွက်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တစ်ရက်လျှင် အစီးရေ ၃၀၀ ကျော် ရှိခဲ့ပြီး လက်ရှိအချိန်တွင် တစ်ရက်လျှင် အစီးရေ ၁၀၀ ဝန်းကျင်သာရှိတော့ ကြောင်း ကညနရုံး စာရင်းများ အရ သိရသည်။
လက်ရှိအချိန်တွင် ထားဝယ်နှင့် မြိတ် ကညနရုံးများတွင် တစ်ပတ်လျှင် ၂ ရက်၊ ကော့သောင်း ကညနရုံးတွင် တစ်ပတ်လျှင် ၁ ရက်နှုန်းဖြင့် ဒေသ လိုင်စင်(TNI) ပြုလုပ်ပေးလျက်ရှိသည်။

” ကထိန် ရာသီမို့လို့ နည်းနေတာ ထင်တယ်၊ နောက်ပိုင်းဆို ပြန်များ လာမယ်လို့ ယူဆတယ်” ဟု ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
တိုင်းအတွင်း ဒေသလိုင်စင်လုပ်ပေး သည့် စက်တင်ဘာလ ၆ ရက်နေ့မှ လက်ရှိအချိန်ထိ ဆိုင်ကယ်အစီးရေ ၃၈၈၄ စီးကို လိုင်စင် လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဦးထင်ပေါ်က ဆိုသည်။

အလှူအတန်းပေါများခြင်းကြောင့် လျော့နည်းသွားခြင်းဖြစ်နိုင်ပြီး နယ် ဘက်တွင် လိုင်စင် မလုပ်ရသေးသည့် ဆိုင်ကယ်များ များစွာကျန်နေနိုင်သေး ကြောင်း ထားဝယ်ကညနရုံးတွင် အကျိုး ဆောင်လုပ်နေသည့် အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

” ၂၀၁၇ မော်ဒယ် ဈေးနှုန်းထွက် လာတဲ့အချိန်ဆိုလည်း လာလုပ်တဲ့သူ ပြန်များလာမယ်ထင်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထားဝယ်ခရိုင် ကညနရုံးတွင် ဆိုင် ကယ် ၂၆၂၁ စီး၊ မြိတ်တွင် ၁၁၀၄ စီး နှင့် ကော့သောင်းခရိုင် ကညနရုံးတွင် ၁၅၉ စီးကို ဒေသလိုင်စင် လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ကညနရုံးမှ သိရသည်။