မက်လုံး မမွှန်ကြစေချင်ပါ

0
572

ယနေ့ခေတ်တွင် ရုံးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတို့ကို စမတ်ဖုန်း တစ်လုံး ရှိရုံဖြင့် လုပ်ဆောင်နိုင်ပြီ။ စမတ် ဖုန်းလည်းရှိ အင်တာနက်ကိုလည်း ကောင်းကောင်း သုံးတတ်သူများအွန်လိုင်း ပေါ်တွင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ် ငန်းများ ပြုလုပ်လာကြသည်။ ဥပမာ အားဖြင့် အွန်လိုင်းဈေးဆိုင်များ ဖြစ်သည်။ ငရုတ်သီးမှုန့်၊ ပုရစ်ကြော်၊ ပျားသံပုရာ စသည်တို့ကိုပင် အွန်လိုင်း ပေါ်တွင် ရောင်းကြသည်။

တချို့ကမူ အွန်လိုင်းပေါ်တွင် ရှယ်ယာ ငွေကြေးရောင်းချသည့်အလုပ် တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည်။ သာမန်အွန်လိုင်းဈေးဆိုင်ကဲ့သို့သော လုပ်ငန်းများကို အင်တာနက်၊ အိုင်တီ နည်းပညာဖြင့် ယဉ်ပါးကြသူများက လုပ်ကိုင်ကြသည်။ သို့သော် ဆင့်ပွား စီးပွားရေးစနစ် (MLM -Multi -Level Marking) ဖြင့် ငွေကြေးများ ရောင်းချ သည့်လုပ်ငန်းတွင် အင်တာနက်၊ အိုင်တီ စသည်တို့ဖြင့် မယဉ်ပါးသူများက မျက်လုံးစုံမှိတ် ဝင်ရောက် ရင်းနှီးမြှုပ်နှံ နေကြသည်ကို တွေ့ရသည့်အခါများစွာ စိုးရိမ်ပူပန်ရပါသည်။

ဖေ့စ်ဘွတ်မသိ၊ ဂျီမေးလ်မရှိ၊ စမတ်ဖုန်းကို ကောင်းစွာအသုံးမပြုတတ် သူများစွာ ယင်းလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံနေကြသည်။ လက်ရှိအနေအထားအရ တနင်္သာရီ တိုင်းဒေသကြီးအတွင်းSCL, S-coin, J- coin, first coin, SVI, Coinspace, I Glob Ad စသည့် အွန်လိုင်းရှယ်ယာ ရောင်းချသည့် စီးပွားရေးလုပ်သည့် လုပ်ငန်းများအတိုင်း အတာတစ်ခုအထိ ခြေချ နေရာယူထားသည်။

ယင်းတို့အနက် Saxon Capital Limited(SCL) က ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင် အကျိုးအ မြတ် မြင့်မားစွာပေးမည်ဟု စည်းရုံးပြီး ရှယ်ယာများ လိမ်လည်ရောင်းချနေ ကြောင်း မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်၊ စတော့ ရှယ်ယာစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဇွန်လ ၂၇ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေး ထုတ် ပြန်ခဲ့ပြီးပါပြီ။

SCL အဖြစ်က မတည်ရင်းနှီးငွေ တွေ ပုံအောထည့်ဝင်ပြီးမှ အလိမ်ခံရမှန်း သိလိုက်ရသည့် အခြေအနေမျိုး ဖြစ်သည်။ အလားတူ Coinspace လုပ်ငန်းတွင် လည်း ငွေထည့်ပြီးမှ တစ်ကျပ် တစ်ပြားမှ ပြန်မရ၊ ငွေထုတ်မရတော့ကြောင်း ပြောဆို ညည်းတွားနေကြသည်ကို နားနဲ့ မဆံ့အောင် ကြားခဲ့ရပြီး ဖြစ်သည်။
ကျွန်းစုမြို့နယ်က မိတ်ဆွေ ကိုဝင်းဦး တစ်ယောက်လည်း ငွေပြန်ထုတ်မရသည့် အခြေအနေကို ကြုံရသည်။ ငွေသိန်း ၁၀ ခန့် ရင်းနှီးထားလျှင် လစဉ်ဝင်ငွေ ၃ သိန်း ပြန်ရမည်ဟူသည့် မက်လုံးကြောင့် Coinspace တွင် ငွေများရင်းနှီးထား သော်လည်း တစ်ကြိမ်မျှ ငွေမထုတ်လိုက် ရ။ မက်လုံးက မက်လောက်စရာဖြစ်သည့် အတွက် မယုံနိုင်စရာဖြစ်နေသည်ကိုပင် ယုံမိသည့် အခြေအနေ။

” Coinspace နဲ့ အိုင်ဂလိုဘယ်က မြိတ် ဘက်မှာ ခေတ်စားတယ်။ အွန်လိုင်း အလုပ်ကို နားမလည်ပေမယ့် လစဉ် ဝင်ငွေတွေရမယ်ဆိုလို့ ဝင်ထားတာပါ” ဟု ကိုဝင်းဦးက ပြောသည်။သူက ထိုလုပ်ငန်း ၂ ခုစလုံးတွင် ထည့်ဝင် လုပ်ကိုင်နေသူ ဖြစ်သည်။ သာမန်အောက်ခြေ အလုပ်သမား တစ်ယောက်အတွက် တစ်လလျှင် ပျမ်းမျှ တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲကြား သာရရှိကြသည့် ဝင်ငွေသည် မိသားစု အတွက် လုံလောက်မှုမရှိ။ ထို့ကြောင့် မက်လုံးကောင်းသည့် အွန်လိုင်းပေါ်က MLM လုပ်ငန်းများ ဖြစ်ကြသည့် Coinspace နှင့် I Glob Ad တို့ကို ရွေးချယ် လုပ်ကိုင်ခဲ့ရခြင်းဖြစ်ကြောင်း ကိုဝင်းဦးက ပြောပြသည်။

ကိုဝင်းဦးကဲ့သို့ အလားတူမည်မျှ ရှိသည် မသိ။ နစ်နာမှုမည်မျှ ရှိနေကြပြီ မသိပေ။လက်ရှိတွင်တော့ အစိုးရက သတိပေး ချက် ထုတ်ပြန်ရသည့် အခြေဆိုက်နေ သည်။ အသင်းဝင်စနစ်ဖြင့် တစ်ဦးနှင့် တစ်ဦး ဆင့်ပွားရောင်းချသော လုပ်ငန်း များကို အထူးရှောင်ရှားရန် ယခုလ အတွင်းအစိုးရက သတိပေးထားပြီး ဖြစ် သည်။

လုပ်ငန်းလုပ်ခွင့်မရှိသော ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများ၊ အစုရှယ်ယာ ရောင်းချခွင့်မရှိသော ကုမ္ပဏီများကို ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်နှင့် အတိုးနှုန်းမြင့်မားစွာပေး၊ အစုရှယ်ယာ အပေါ် အမြတ်ဝေစုများစွာ ခွဲဝေပေး၊ ဆင့်ပွားဈေးကွက် ပုံစံဖြင့် မက်လုံးပေး လာသည့် လုပ်ငန်းတို့ကို ရှောင်ရှားရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ နိုင်ငံဗဟိုဘဏ်တို့က သတိပေးထားသည်။
သို့သော် ယင်းကြေညာချက် မည်မျှ သက်ရောက်မည် မသိပေ။

ကိုဝင်းဦးက” အစိုးရက တရားဝင် ကြေညာ ချက်ထုတ်ထားတာ မကြား လိုက်မိဘူး” ဟု ပြောသည်။ ကိုဝင်းဦး ကဲ့သို့ မသိသူ မည်မျှရှိမည်နည်း။ အတော် များ မည်ဟု ထင်ပါသည်။ သို့ဆိုလျှင် အစိုးရအနေဖြင့် ကြေညာချက် ထုတ်သည့်အဆင့်တွင် တန့်မနေဘဲ အခြားထပ်တိုးဆောင် ရွက်ရမည်များကို စဉ်းစားသင့်ပေသည်။ ကျေးရွာအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့်ကိစ္စရပ်တစ်ခုကို ကိုင် တွယ်ရန် ကြေညာချက်ထုတ်ရုံ သက် သက်ဖြင့် မရနိုင်ပေ။
လှည်းနေလှေအောင်း မြင်းဇောင်း မကျန် လှုပ်ရှားမှုမျိုးလုပ်မှသာ တော်ကာ ကျမည် ဖြစ်သည်။

လုပ်ငန်းများက နာမည်အမျိုးမျိုးဖြင့် စိမ့်ဝင်လာနေသည်။ ယခုဆိုလျှင် coin-space ကဲ့သို့ MLM လုပ်ငန်း တစ်ခု ဖြစ်သည့် အိုင်ဂလိုဘယ် လုပ်ငန်းမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တွယ်ကျယ်စွာ လုပ်ကိုင်မှုများရှိလာနေပြီ ဖြစ်သည်။အထူးသဖြင့် ထားဝယ်နှင့် မြိတ်မြို့ များသို့ ထိုးဖောက် ပျံ့နှံနေပြီဖြစ်သည်။
ယင်းကုမ္ပဏီက ကြော်ငြာများလာ ရောက်အပ်နှံထားသော လုပ်ငန်းများကို ကမ္ဘာက သိရှိအောင် အချိန်နှင့် တစ်ပြေး ညီ Socile Network Multi-Level Marketing စနစ်ဖြင့် ဖြန့်ဖြူးပေး နေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီရဲ့ ဝက်ဆိုက်တွင် ပြောဆိုထား သည်။

” ကုမ္ပဏီဘက်တွေက ရှေ့လုပ်ငန်း စဉ်အတွက်လို့ပြောပြီး အသင်းဝင်သူ တွေကို ကြိုတင် အသိပေးတာမျိုးမရှိဘဲ ပိတ်ချင်တဲ့အချိန် ပိတ်လိုက်တယ်၊ ဆာဗာ ပြင်ချင်တဲ့ အချိန်ပြင်နေတာဆိုတော့ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်။ ရင်းနှီး ငွေများ ဆုံးရှုံးသွားမှာကို ပူပန်နေရတယ်” ဟု ကိုဝင်းဦးက ဖွင့်ဟသည်။
အိုင်ဂလိုဘယ်အနေဖြင့် ပြီးခဲ့ သည့်စက်တင်ဘာလအတွင်းက ဆော့ဝဲ စနစ်မြှင့်တင်ခြင်း(update)နှင့် server ကို အကြီးစားပြင်ဆင်ခြင်းများ ပြုလုပ်နေ သည်ဟုဆိုကာ ၇ ရက်ဝန်းကျင်ခန့် အကောင့်မပွင့်ခြင်း၊ အိုင်ဂလိုဘယ် ဝတ်ဆိုက်ဖွင့်မရခြင်း စသဖြင့် အခက် အခဲတချို့ ကြုံတွေ့ခဲ့ရကြောင်း ယင်း လုပ်ငန်းလုပ်ကိုင်သူတချို့ထံမှ သိရသည်။

လက်ရှိ အောက်တိုဘာလ အတွင်း တွင်လည်း အကောင့်ဖွင့်မရခြင်းနှင့် I Glob Ad ၏ Website ပိတ်ထားခြင်းတို့ ကြုံနေပေပြီ။ အောက်တိုဘာ ၁၁ ရက်မှ စပြီး ၂၀ရက်နေ့အထိ 404 Not Found ဖြင့် ဖွင့်မရ။ အောက်တိုဘာ ၂၁ ရက် နေ့ကျတော့ အကောင့်ပြန်ဖွင့် လိုရပေမယ့် ရက်ပိုင်းအတွင်း 404 Not Found နဲ့ အောက်တိုဘာ ၂၄ ရက်နေ့အထိပြနေ ဆဲ။ ယင်းကြောင့် အိုင်ဂလို ဘယ်လုပ်ငန်း လုပ်သူ အသိုင်းအဝိုင်းကြား စိုးရိမ်စိတ်နှင့် တနဘျငအန ပြန်ဖွင့်မလား ရင်တမမနဲ့ မျှော်နေရပေပြီ။

” လုပ်ထားပြီးတဲ့အရာဖြစ်နေတော့ ကံ တရားက ကိုယ့်ဘက်ပါမပါပဲ စောင့် ကြည့်ရမှာပေါ့” ဟု ဦးဝင်းဦးက ပြောသည်။coinspace တွင် အသင်းဝင်သူများ အတွက် အကျိုးခံစားခွင့်ရှိသည့် ငွေများ ကို ထုတ်ယူခွင့် ပိတ်ထားပြီးလာမည့် နိုဝင်ဘာလ ၂၅ ရက်တွင် ဈေးကွက် ဖွင့်မည်ဟု ပြောဆိုထားသည်။

coinspace လုပ်ကိုင်ထားသူ တချို့ က ဈေးကွက်ဖွင့်မည့်နေ့ကို ရင်တမမနဲ့ စောင့်မျှော်နေကြသည်။တကယ်ဖွင့်မဖွင့်မှာ ကိုဝင်းဦး ပြောသကဲ့သို့ ကံကိုသာ ပုံအပ်ရမည့် အခြေအနေ ဖြစ်သည်။ ဒါ့အပြင် Questra World လုပ်ငန်း တစ်ခုလည်း တိုင်းအတွင်း အခြေချနိုင်ဖို့ အရေးစိုင်ပြင်းနေပြီ ဖြစ်သည်။
“နောက်တစ်မျိုးလာမယ်လို့တော့ ကြား တာပဲ လက်ရှိ ရင်းနှီးငွေတွေ ပြန်မရ သေးတာထပ်ပြီးတော့ မလုပ်ရဲ့ တော့ဘူး” ဟု ဦးဝင်းဦးက ပြောပြသည်။
ငွေကြေးလုပ်ငန်းသည် ရှုပ်ထွေး ပါသည်။ ယခုကဲ့သို့ အွန်လိုင်းပေါ်က ငွေကြေးလုပ်ငန်းများကသာ၍ ဆိုးပေ မည်။

အလုပ်အကြာင်း သေချာမသိ မလေ့လာဘဲ အကျိုးအမြတ်များများ ရလိုမှု တစ်ခုတည်းကြည့်ကာ လောဘ ဇောဖြင့် ဆုံးဖြတ်ပါက ယင်းရဲ့အကျိုး ဆက်သည် မိမိကိုယ်တိုင် ခံစားရပေ လိမ့်မည်။

လောဘဇောများ သတ်စေချင်ပါ သည်။

မက်လုံးမမွှန်စေဖို့ သတိရှိရစေ ချင်ပါသည်။