လမ်းခင်းရန် လိမ်လည်အလှူခံသူကို ဖမ်းဆီး

0
394

လမ်းခင်းရန်အတွက်ဟုဆိုကာ မြိတ် မြို့နယ် စည်ပင်သာယာရေး ကော်မတီ နာမည်ကို အလွဲသုံးကာ အောက်တိုဘာလ ၂၆ ရက်က အလှူခံမှုတစ်ခုဖြစ်ခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

အဆိုပါ အသက် ၃၀ ဝန်းကျင် အရွယ်ရှိ မြိတ်ဒေသခံ အမျိုးသားတစ်ဦး သည် ကန်ဖျားမြေနီလမ်း ပြုပြင်ရန်ဟု ဆိုကာ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းအချိန်က ယင်းလမ်း ထိပ်ရှိ အင်းဝမင်္ဂလာခန်းမတွင် လာရောက် အလှူခံခဲ့ကြောင်း သိရသည်။

အလှူခံ အမျိုးသားအား မွန်းလွဲ တစ်နာခွဲအချိန်မှ ပြန်လာရန် ချိန်းဆိုပြီး စည်ပင်ကော်မတီသို့ အသိပေးခဲ့ကြောင်း သိရသည်။ စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူများမှ အမျိုးသားပြန်လာ မည့်အချိန်ကို စောင့်ဆိုင်းကာ စစ်ဆေး မေးမြန်းပြီး မြို့မရဲစခန်းသို့ အပ်နှံခဲ့ ကြောင်း ကော်မတီမှ သိရသည်။
အဆိုပါ မြေနီလမ်းအား စည်ပင် သာယာ ဘတ်ဂျတ်ငွေဖြင့် ခင်းရန် လျာထား ပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ယင်းလမ်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ကတ္တရာ ထပ်ပိုးလွှာ စခင်းနေပြီဖြစ်ကြောင်း စည်ပင် ကော်မတီ မှ သိရသည်။ အဆိုပါ အမျိုးသားအား မြို့မ ရဲစခန်းက ပုဒ်မ ၁၇၀၊ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။