ဇာဒီ-ကံပေါက်လမ်းပိုင်း ပြီးရန် ဆယ်နှစ်ကြာမည်

0
507

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသ ဇာဒီရွာမှ သဘာဝဓာတ်ငွေ့စီမံကိန်း ကုမ္ပဏီများ အခြေစိုက်ရာ ကံပေါက်ဒေသ ကြားရှိ လမ်းပိုင်းအား ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်မတိုင်မီ အပြီးခင်းမည်ဟု ပြည်ထောင်စု ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ရေဖြူမြို့နယ်မှ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက အဆိုပါ လမ်းပိုင်း(ဇာဒီ-ပယ-ကံ ပေါက်) အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိမရှိ အမျိုးသားလွှတ်တော်တွင် ပြီးခဲ့ သည့် စက်တင်ဘာလက ကြယ်ပွင့်မပြ မေးမြန်းခဲ့သည်ကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် ကံပေါက်ရွာမှစ၍ ကွန်ကရစ် လမ်း ၅ ဖာလုံကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေပြီး ကျန် လမ်းပိုင်းအား ရာသီမရွေး သွားလာနိုင် သောလမ်းအဖြစ် အနီးဆုံး ဘဏ္ဍာရေး နှစ်မှစ နှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီးက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး၏ ဖြေဆိုမှုမှာ မည်သည့် အချိန်တွင် မည်မျှ ပြီးစီးနိုင်ကြောင်း အချိန်ကာလနှင့် အတိုင်းအတာ အတိ အကျ မပါဝင်သဖြင့် ထပ်ဆင့် မေးခွန်း မေးလိုသော်လည်း ကြယ်ပွင့်မပြ မေးခွန်း ဖြစ်သည့်အတွက် ပြန်မေးရန် မဖြစ်နိုင် တော့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။
” တအား ယေဘုယဆန်ပြီး ဘတ် ဂျက်ပေါ်မှာ မူတည်တယ်ဆိုတဲ့ အဖြေ က အဆင်မပြေဘူးပေါ့။ သေချာစိစစ်ပြီး ဒေသခံကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ဒေသပြည်သူ လိုအပ်ချက်ပေါ် မူတည် ပြီးလုပ်စေချင်တယ” ဟု ဦးဟန်ဝင်း သိန်းက ပြောသည်။

ယင်းလမ်းပိုင်းသည် ၈ မိုင်ခန့် ရှည်လျားကာ လက်ရှိအချိန်တွင် ကား၊ ဆိုင်ကယ်များ ရာသီမရွေး သွားလာမရ ဖြစ်နေသောကြောင့် လမ်းပိုင်းပေါ် ကျေးရွာ ၈ ရွာမှ ဒေသခံများအတွက် အခက်ကြုံနေရကြောင်း သိရသည်။