မီးပျက်တာ ကျေးဇူးတင်တယ်

0
430

ခေါင်းစဉ်ကြည့်ပြီး ဖိုးလုံးတစ် ယောက် ရူးများသွားပြီလား မေးကြမှာ အသေအချာပဲ။
ဟုတ်ကဲ့ . . ဖိုးလုံး မရူးပါဘူး ခင်ဗျာ။

မီးပျက်တာ များလာတော့ မီးပျက် တဲ့ အကျိုးကျေးဇူးတွေကို ပိုပိုပြီး ဆင်ခြင်မိလာလို့ပါ။မီးပျက်တာ ဘာကောင်းလို့လဲ မေးရင် ကောင်းတာမှ အများကြီးဗျာ။ လူတွေက အဆိုးမြင်လွန်းတာပါ။ မီးပျက်တာကို အပြစ်တင် ညည်းတွား နေတာကို ဖိုးလုံးဖြင့် နားကို မလည် ဘူး။ အဲဒါမို့ ပြောကြတာ ဖြစ်မယ်။ လူတွေက အကောင်းနဲ့ မတန်ဘူးဆိုတာ။

မီးပျက်တော့ အိမ်မှာ တီဗွီလိုင်း ပေါင်းစုံဘေး ကင်းဝေးပြီး စောစော အိပ်ရာဝင်တယ်။ စောစောအိပ် စောစော ထပေါ့ဗျာ။ ကျန်းမာရေးနဲ့ ညီညွတ် တာပေါ့။
ကြော်ငြာတွေ ဘာတွေ မတွေ့ရ တော့ဘူးဆိုတော့ ဟိုဝယ်ချင် ဒီဝယ်ချင် လည်း မဖြစ်တော့ဘူး။ ဆိုတော့ ချွေတာစုဆောင်း သူဋ္ဌေးလောင်းပေါ့။
အိမ်သူအိမ်သား အချင်းချင်းလည်း ဟိုလိုင်းကြည့်မယ် ဒီလိုင်းကြည့်မယ်နဲ့ အငြင်းမပွား ရတော့ဘူး။

ဟော မနက်အိပ်ရာထတော့လည်း မီးပျက်ရင် အကျိုးကျေးဇူးက ကြီးသဗျ။ ပတ်ဝန်းကျင်က ဆိတ်လို့ ငြိမ်လို့။အိမ်နီးနားချင်းတွေက ခုနစ်အိမ် ကျော်၊ ကိုးအိမ်ကြားဖွင့်တဲ့ သီချင်းသံ၊ ဇာတ်လမ်းထဲက အသံတွေ အစုံပလုံ ဘာမှကို မကြားရတော့ဘူး ခင်ဗျ။ ဆိတ်ငြိမ်မှုသည် အချိုမြိန်ဆုံး ဂီတလို့ ဆိုသကိုး။ ကဲ ဘယ်လောက် ကောင်း လိုက်သလဲ။ နိုးခြင်းကောင်းသော မနက် ခင်းပါဗျာ။လုပ်ငန်းရှင်ဆိုတာမျိုးက အလုပ် သမားတွေကို ကြံရည်ညှစ်သလို ညှစ် တာမျိုး မဟုတ်လား။ အချိန်ရော၊ လူရော၊ ဦးနှောက်ရောကို သူ့ခွင်ထဲမှာ အသား ကုန် မောင်းတာလေ။

ဟော လုပ်ငန်းခွင်မှာ မီးပျက်လို့ ကတော့ ကျေးဇူးကြီးလှပါပေတကားပဲ။ မီးပျက်တဲ့ အကျိုးက မသေးဘူးဗျို့။ မီးပျက်ရင် အလုပ်လုပ်စရာ မလိုတော့ဘူး လေ။ ကြံရည်အညှစ်မခံ ရတော့ဘူး။ နား ချိန်ရတာပေါ့။ ပျော်စရာကြီးနော်။ ခဏ ခဏပျက်တော့ ခဏခဏ နားရတာပေါ့။ အခုခေတ်မှာ လူတွေက အိမ်သူ အိမ်သားတွေရဲ့ မျက်နှာထက် ဖုန်းနဲ့ တီဗွီရဲ့ မျက်နှာပြင်ကို ကြည့်တဲ့ အချိန် ပိုများတယ်လေ။ အဲလို အခြေအနေကို စိုးရိမ်ကြီးစွာနဲ့ မီးပျက်ပေးတော့ ကျွန် တော်ဖြင့် ထိုင်ကန်တော့ချင်စိတ်တောင် ဖြစ်တယ်။ မီးပျက်တော့ တီဗီမကြည့်ရ တော့ဘူး။ ဆိုတော့ မိသားစုတွေ စကား ပြောဖြစ်တယ်။ အဲလိုအချိန် ဖုန်းအား ကုန်လို့ကတော့ ကျေးဇူးတရားက တုနှိုင်း မရဆိုပါတော့။ သိပ်မမှတ်မိတော့တဲ့ အိမ်သူအိမ်သားတွေရဲ့ မျက်နှာကို သေချာ ကြည့်ဖြစ်တယ်လေ။
ဪ အမေ့မျက်နှာလေး အတော် အိုစာလာပြီပဲ။ ဪ အဖေ့ခါး အတော် ကိုင်းလာပြီပဲ။ ဪ အစ်ကိုက ဘယ်လို၊ အစ်မက ဘယ်လိုဆိုပြီး ပြန်ဆင်ခြင် မိတယ်လေ။

တစ်ယောက်ရဲ့ ပူပန်မှု၊ စိုးရိမ်မှု၊ ဖိစီးမှု၊ ဝမ်းသာပျော်ရွင်မှုကို တစ်ယောက် သေချာ မြင်ခွင့်ရတယ်လေ။ဖယောင်းတိုင်မီး ပျပျ မိသားစု စကားဝိုင်း၊ ထမင်းဝိုင်းလေးကို ခံစားခွင့် ရတယ်လေ။အမြော်အမြင် အတော်ကြီးတာပဲနော်။ နောက်ထပ် ကျေးဇူးတင်စရာ ကောင်းတာက တရားစခန်း သွားစရာ မလိုဘဲ တရားရအောင် အထောက်အပံ့ ဖြစ်တာပါ။ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေ ပြီလား။ မမြဲခြင်းတရားကို ကောင်း ကောင်းကြီး သဘောပေါက်လာလို့ဗျို့။

နောက်တစ်ခုက မှောင်မှောင် မည်း မည်းမှာ ဟိုစမ်းဒီစမ်း၊ ဟိုတိုက် ဒီတိုက်၊ ဟိုထိုး ဒီယိုင်တွေဖြစ်တော့ လောက လူ့ဘောင်မှာ မောဟထုမှောင်ရင် အန္တရာယ် ဘယ်လောက်ကြီးလဲဆိုတာ ကိုယ်တွေ့ ကြုံခွင့်ရတယ်လေ။ ကျေးဇူးကြီးလိုက်တာဗျာ။

မီးပျက်တဲ့အချိန်ကျရင် လမ်းဆုံ လမ်းခွတွေက မီးပွိုင့်တွေလည်း မီးမလင်း နိုင်တော့ ဆိုင်ကယ်တွေ၊ ကားတွေ၊ ယာဉ် တွေက ကိုယ့်ဘာသာကို ကြည့်ရှောင်ပြီး သွားလာကြရတယ်။ ယာဉ်တွေ ရှုပ်ယှက် ခတ်နေတဲ့ လမ်းဆုံတွေမှာဆို အချင်းချင်း နားလည်နိုင်တဲ့ အချက်ပေးနည်းတွေနဲ့ အချက်ပြပြီး သွားလာကြရတာ။ ယာဉ် မောင်းတွေ အချင်းချင်း နားလည်မှု သာမရှိရင် တိုက်ကုန်၊ ဆော်ကုန်ကြလို့ လူနာတင်ယာဉ်တွေတောင် လောက်မှာ မဟုတ်ဘူး။
မီးပျက်တဲ့အခါ လမ်းဆုံတွေက နားလည်မှုအတွက် လေ့ကျင့်ကွင်းပဲ။

ဒီနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးက နားလည်မှုပါပဲ။ အချင်း ချင်း နားလည်မှုတွေ မရှိလို့၊ အပေးအယူ မမျှလို့သာ တိုက်ပွဲတွေဖြစ်၊ ငြိမ်းချမ်းရေး တွေ မရဖြစ်နေတာပေါ့။ အစိုးရတာဝန် ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ အချင်းချင်း နားလည် မှုသာရှိနေရင် ငြိမ်းချမ်းရေးက ရတာ ကြာလှပေါ့။

မီးက ခဏခဏပျက်တော့ နားလည် မှုတွေ ခဏခဏ တည်ဆောက်ရတယ်လေ။ လေ့ကျင့်သား ၀နေပြီးသားဆိုပါတော့။ နားလည်မှုဆိုတာကလည်း နေ့ချင်း ညချင်း တည်ဆောက်လို့ မရဘူး။ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်း နားလည်မှုရှိရာကနေ ခေါင်းဆောင်ပိုင်း တွေအထိ နားလည်မှုရှိဖို့ အရေးကြီးတဲ့ ကာလမှာ မီးပျက်တာက ဘယ်လောက် အထောက်အပံ့ ဖြစ်စေလိုက်သလဲလို့။

ဒါကြောင့် မီးပျက်တာကလည်း ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ အထောက် အကူပြုပါတယ်။
အဲတစ်ခုတော့ ရှိတယ်ပေါ့လေ။ အစိုးရလူကြီးမင်း ယာဉ်တန်းတွေက မီးပျက်ချိန်မှာ ရှေ့ပြေးယာဉ်တွေ ဘာ တွေနဲ့ ဖြတ်သွားတာမျိုးမဟုတ်ဘဲ နား လည်မှုယူတတ်အောင် လေ့ကျင့်ဖို့ တော့ လိုတောပေါ့နော့။

နို့မို့ ပေးကား ပေး၏ မရ။ ကျွေး ကားကျွေး၏ မ၀ဖြစ်နေမယ်လေ။

ဟုတ်တယ်ဟုတ်။

ကဲ… အခုလောက်ဆို ဖိုးလုံးမရူးဘူး ဆိုတာ သိပြီမဟုတ်လား။