ဘာတွေ ဘယ်လို စိုက်နေတာလဲ

0
345

” သူက အိမ်မှာဆို ဗိုလ်”
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း ထဲတွင် နားမဆံ့အောင် ကြားရလေ့ရှိသည့် စကား။အိမ်မှာ ဖူးဖူးမှုတ်၊ ပိုးမွေးသလိုမွေး၊ မထိရက် မတို့ရက် အလိုလိုက်ခံထား ရသည့် ကလေးများကို ပိုပိုတွေ့လာရသည်။ ထိုကလေးများသည် မိဘမေတ္တာ ဟူသည့် လောင်းရိပ်လှလှအောက်တွင် နေမထိ၊ မိုးမခ၊ လေမရဘဲ ကြီးပြင်း ရှင်သန်ကြရသည်။ ကလေးများ၏ စိတ်ပိုင်း ရုပ်ပိုင်း အောင်မြင်ဖွံ့ဖြိုးမှုအတွက် သူ့အရွယ်အလိုက် ရုန်းကန် လှုပ်ရှားရန် အခွင့်အလမ်း သူတို့မရ ကြ။

မိဘများ၏ ဆန္ဒမှာ ကိုယ့်ကလေး၊ ကိုယ့်ရင်သွေး လူ့လောကအလယ်တွင် လူလူသူသူ အဆင်ပြေချောမွေ့စွာ ရှင်သန်နိုင်ရေး ဖြစ်သည်။ ယင်းမှာ အရင်းမူလ ရည်ရွယ်ချက်။ သို့သော် ယင်းအခြေအနေကို ကလေးကိုယ်တိုင် ကြိုးစားလုပ်ကိုင်နိုင်သည့် အခြေအနေမျိုး မဟုတ်ဘဲ ကိုယ်ရှိမှ ကိုယ်က ထောက်ကူ ထားမှ ဖြစ်သည့် အခြေအနေမျိုးဖြစ်အောင် လုပ်ကိုင်နေကြသည်။

ကိုယ်တိုင် ကြိုးစားရုန်းကန်ရမှု မရှိဘဲ အရာရာ မိုးပေါ်က ကျလာသလို ဖြစ်နေသည့် အခြေအနေမျိုးတွင် ကလေး တစ်ယောက် လူ့လောကထဲတွင် တင်း ပြည့်ကျပ်ပြည့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစွာဖြင့် ကြီးပြင်းရန် မဖြစ်နိုင်ပေ။သို့ဆိုလျှင် ကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိ၊ ကိုယ့်ဖြစ် တည်မှုကို တန်ဖိုးထားမှုရှိရှိဖြင့် လောက အလယ် ဖြတ်သန်းနိုင်ရန် မည်သည့် အချက်များ လိုအပ်သနည်း။ အချက် များစွာအနက် ၃ ချက်ကို ဆွေးနွေးလို ပါသည်။

ရွေးချယ်ခွင့်
ကလေးတစ်ယောက် ကိုယ်ဘာ ကြိုက်သလဲသိရန်၊ ကိုယ်ကြိုက်တာကိုယ် ရွေးချယ်တတ်ရန်၊ ပြတ်ပြတ်သားသား ရွေးရဲရန် လေ့ကျင့်ပေးရမည် ဖြစ်သည်။
ဥပမာ ကျောင်းသွားချိန်တွင် မည်သည့် ကျောင်းဝတ်စုံဝတ်မည်ကို ရွေးချယ်ခွင့်ပေးခြင်းမျိုး ဖြစ်သည်။ကိုယ့်မိသားစုရဲ့ အခြေအနေအလိုက် ရွေးချယ်ခွင့်ပေးရသည့် အခြေအနေ ကွာနိုင်ပေသည်။ သေချာသည်မှာ မည် သည့် မိသားစုဖြစ်စေ ဆန္ဒရှိမည်ဆိုလျှင် ကိုယ့်ကလေးအတွက် ရွေးချယ်ခွင့်ပေး သည့် အခင်းအကျင်းကို ဖန်တီးနိုင်ပါ သည်။

ယင်းသို့ ရွေးချယ်ရသည်မှာ ငယ် တုန်းအချိန်တွင် သူတို့အတွက် ခက်ခဲ ကောင်း ခက်ခဲပါလိမ့်မည်။ သို့သော် အလေ့အကျင့် သည် အခရာဖြစ်သည်။ တဖြည်းဖြည်ချင်း ရွေးချယ်တတ်သွား ပေမည်။ငယ်စဉ်ကတည်းက ရွေးချယ်ခွင့် ပေးသည့် အလေ့အထကို ပျိုးထောင်ခြင်း သည် အရွယ်ရောက်လာသည့်အခါ ” ကိုယ်လိုချင်တာ ဘာ”၊ ” ကိုယ်လုပ် ချင်တာ ဘာ” ၊ ” ကိုယ်လုပ်သင့်တာ ဘာ” စသည်ဖြင့် ပြတ်ပြတ်သားသား ရဲရဲ ရင့်ရင့် ပြောနိုင်၊ ရွေးနိုင်၊ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ယင်းအလေ့အထကို မပျိုး ထောင်ဘဲ တက္ကသိုလ် ဝင်တန်းအောင်ချိန် တွင် မည်သည့် ဘာသာရပ်ကို ရွေးချယ် ရမှန်း မသိသည့် သားသမီးကို အားမလို အားမရ ဖြစ်မနေသင့်ပေ။

အများမြင်သာအောင် ဥပမာတစ်ခု အနေဖြင့် ထုတ်ယူပြခြင်းသာ ဖြစ်သည်။ကိုယ်ဘာလိုချင်မှန်း မသိသော ကြောင့် ဆုံးဖြတ်ချက်မချနိုင်၊ ကိုယ့်ရှေ့ ရောက်နေသည့် အခွင့်အလမ်းကို ဖမ်း မဆုပ်နိုင်၊ ကိုယ်ငြင်းပယ်ရမည့်ကိစ္စကို မရေမရာဖြင့် လက်ခံ စသည်ဖြင့် ဘ၀ တစ်လျှောက်တွင် ကြုံရမည့် ကိစ္စများမှာ မနည်းမနော။

ရေကန်အသင့် ကြာအသင့် ပြဿနာ
ကလေးများ ကိုယ်ကိုကိုယ် ယုံ ကြည်မှု၊ တန်ဖိုးထားမှု မြင့်မားစေရန် နောက်ထပ် သတိထားရမည့် ကိစ္စတစ် ခုမှာ ရေကန်အသင့် ကြာအသင့် ဖန်တီး ပေးခြင်း ဖြစ်သည်။ ယင်းကိုလည်း မိဘမေတ္တာဟူသည့် လောင်းရိပ်ဖြင့် မလိမ့်တပတ် လုပ်ထားသည်။ ကလေးများအား သူ့အရွယ်နှင့် သင့်တော်သည့် အလုပ်တာဝန်များကို ခွဲဝေ ပေးတတ်ရမည် ဖြစ်သည်။ ကိုယ့် အဝတ်ကိုယ် လျှော်တတ်သည့် အလေ့ အကျင့်၊ ကိုယ်စားသည့် ပန်းကန် ကိုယ် ဆေးသည့် အလေ့အကျင့်မျိုးကို ပျိုး ထောင်ရပေမည်။ ယင်းမှာ တာဝန်ယူ တတ် တာဝန်ခံတတ်သည့် အလေ့အထ အတွက် လမ်းစဖြစ်သည်။

လမ်းဘေးဈေးသည်အစ၊ နိုင်ငံ တော်သမ္မတအဆုံး လူတစ်ဦးချင်းစီ အတွက် တာဝန်ယူမှု တာဝန်ခံမှုသည် အင်မတန် အရေးကြီးပေသည်။ ကိုယ့် တာဝန်ကိုယ်ယူ၊ ကိုယ့်အရှုပ်ကိုယ်ရှင်း၊ ကိုယ့်အထုံး ကိုယ်ဖြည်၊ ကိုယ့်အညစ် ကိုယ်ဆေးရဲရမည် ဖြစ်သည်။ထို့အပြင် လုပ်ငန်းဆောင်တာ တစ် ခုချင်းစီ၏ အတိမ်အနက်၊ အလေးအပေါ့ ကို ကိုယ်တိုင် ထိတွေ့နားလည်နိုင်မည် ဖြစ်သည်။

ဥပမာ
ကိုယ်တိုင် ထမင်း၊ ဟင်း ကောင်း ကောင်းချက်ဖူး၊ အိမ်မှု ကိစ္စ ကူဖူးသူ တစ်ဦးက
” ထမင်းချက်၊ ဖုန်ခါတာလေး လောက်ကို လာညည်းနေတယ်”
“တစ်နေ့တစ်နေ့ အိမ်မှာနေပြီး ဘာ ပင်ပန်းပြနေမှန်းမသိဘူး” ဟူသည့် ပုတ်ခတ်ပြောဆိုမှုမျိုးကို ပြောမည် မဟုတ်ပေ။ သူကောင်းကောင်း သိသည်။ အိမ်မှုကိစ္စ အလုပ်၊ ထမင်းတည် ဟင်းချက် အလုပ်၊ လျှော်ရဖွတ်ရသည့် အလုပ်များ၏ အတိမ်အနက်ကို သူကောင်းကောင်း သိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကလေးများအား သင့် တော်သည့် တာဝန်များကို ခွဲဝေချထား လေ့ကျင့်ပေးခြင်းမလုပ်ဘဲ အခန့်သား နေခိုင်းခြင်းမှာ အန္တရာယ်များလှသည်။
ကလေးများအတွက် ရေကန်အသင့် ကြာအသင့် ဖန်တီးပေးခြင်းက တာဝန် ယူမှု တာဝန်ခံမှု အားနည်းသည့် ကလေး တစ်ဦး၊ ကိုယ်ချင်းစာမှု အားနည်းသည့် ကလေးတစ်ဦး၊ ကိုယ်နှင့် မတူသူများ အပေါ် နားမလည်နိုင်သည့် ကလေး တစ်ဦး ဖြစ်လာအောင် လက်သပ်မွေးနေ သကဲ့သို့ ဖြစ်ပေမည်။

ခြောက်ပြစ်ကင်း သဲလည်းစင်
မိဘများ၏ နောက်ပြဿနာတစ် ခုမှာ ကိုယ့်သားသမီးအပေါ် အဆင် အခြင်မဲ့ မျှော်လင့်ချက်ထားခြင်း ဖြစ်သည်။ နေရာတကာ ” တစ်” ဖြစ်စေချင်သည့် ရောဂါ၊ ကောင်းပေ့ ညွတ်ပေ့ကို လိုချင် သည့် ရောဂါက မသေး။ ထိုရောဂါကပဲ သားသမီးများကို စိတ်နေစိတ်ထား စံလွဲ သည့် အခြေအနေဖြစ်အောင် မိဘတွေ ကိုယ်တိုင်က တွန်းပို့သကဲ့သို့ ဖြစ်သွား ခဲ့သည်။

ကိုယ့်သားသမီးကို သူများသား သမီးထက် ချစ်စရာကောင်းသူ ဖြစ်စေ ချင်သည်။ လှစေချင်သည်။ ပညာတတ် စေချင်သည်။ စာပေအရာမှာ ထွန်းပေါက် စေချင်သည်။ အားကစား လိုက်စားသူ ဖြစ်စေချင်သည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူလည်း ဖြစ်စေချင်သည်။ တွေ့တွေ့သမျှ မြင်မြင်သမျှ ကောင်းပေ့ ညွတ်ပေ့များ ကိုယ့်သားသမီးတွင် ရှိနေ သည်ကို လိုချင်သည်။

ယင်းစိတ်ကြောင့်ပင် ကလေးရော လူကြီးတွင်ပါ ဖိအား များစွာ ကြုံရသည်။အားငယ်စိတ်၊ အလိုမပြည့်စိတ်များ ဖြစ်ရသည်။ ဟန်ဆောင်မှု လိမ်ညာတတ် လာသည်။ ကိုယ့်မူ ကိုယ့်ဟန်ဖြင့် ယုံကြည်ချက် ရှိရှိ မနေတတ်ဖြစ်ရသည်။ သက်ရောက်မှုက မနည်း။လုံးဝ သေချာသည်မှာ လူတိုင်း သည် ဘက်စုံတော်ရန် မဖြစ်နိုင်။ ခြောက် ပစ်ကင်း သဲလည်းစင်ဖြစ်ရန် မဖြစ်နိုင်။

ယင်းကို လက်ခံရမည် ဖြစ်သည်။ထိုသို့လက်ခံမှလည်း ကိုယ့်မှာမရှိ သည့် အရည်အချင်း အခြားတစ်ယောက် တွင် ရှိနေသည်ကို အသိအမှတ်ပြုနိုင်ရန် လမ်းစ တွေ့မည်ဖြစ်သည်။ တစ်ချိန် တည်းမှာပင် အခြားသူများ၏ အားနည်း ချက် လစ်ဟာချက်များကိုလည်း နား လည် စာနာပေးနိုင်၊ ကိုယ်ချင်းစာနိုင်မည် ဖြစ်သည်။
သို့မဟုတ်ပါက ကိုယ့်သားသမီးကို အခြားကလေးများနှင့် ခိုင်းနှိုင်းပြီး ဖိအား ပေး ပြောဆိုမိတတ်သည်။

ကလေးတစ်ဦး ယုံကြည်မှုရှိရှိဖြင့် ကြီးပြင်းရှင်သန်ရန် အခြား သတိထား ရမည့်အချက် များစွာ ရှိသေးသည်။ ကလေးငယ်များကို ပြုစု ပျိုးထောင် မှု မှားယွင်းသည့်အခါ ခံစားရမည့် အကျိုးဆက်မှာ မသေး။ကိုယ်စိုက်ပျိုးသမျှ ကိုယ် ရိတ်သိမ်း ရသည့် သဘောကို ကောင်းစွာ နှလုံးသွင်း ရမည်ဖြစ်သည်။
ကလေးတစ်ယောက်ကို မည်သို့ ပြုစု ပျိုးထောင်ခဲ့သည်ဟူသည့် အချက် အပေါ် မူတည်ပြီး ထိုကလေး ကြီးပြင်း လာချိန်တွင် ကိုယ်အပေါ်၊ ကိုယ့်အသိုင်း အဝိုင်းအပေါ် ကိုယ့်လူ့အဖွဲ့အစည်းပေါ် သက်ရောက်မှုသည် ကွာခြားသွားမည် ဖြစ်သည်။

ထို့ကြောင့် ကိုယ်ဘာတွေ ဘယ်လို စိုက်နေသလဲဟူသည်ကို ကောင်းမွန်စွာ သိရန်၊ နားလည် သဘောပေါက်ရန် အရေးကြီးလှပေသည်။