ကြက်မွေးမြူခွင့်အတွက် ကြက်ငှက်တုပ်ကွေးဗိုင်းရပ် စစ်ဆေးမည်

0
443

ထားဝယ်မြို့တွင် ပြင်းထန် ကြက် ငှက်တုပ်ကွေးရောဂါ ကင်းစင်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပေါင်း ၉၀ ပြည့်ချိန်တွင် ကြက် ပြန်လည်မွေးမြူခွင့် အတွက် ဗိုင်းရပ်ရှိ၊ မရှိကို ဓာတ်ခွဲစမ်း သပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(တိမွေးကု)ထံမှ သိရသည်။
ရောဂါဖြစ်ပွားခဲ့သည့် ကြက်ခြံ များမှ ကြမ်းခင်း၊ အသုံးအဆောင်ပစ္စည်း များနှင့် အနီးဝန်းကျင်ရှိ ကြက်များ၏ ခန္ဓာကိုယ်အတွင်းမှ အရည်နမူနာများ ကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တိမွေးကုဌာနမှ တာဝန်ရှိသူက ဆိုသည်။

ဓာတ်ခွဲစစ်ဆေးပြီး ဗိုင်းရပ် မတွေ့ ပါက ကြက်များ ပြန်လည်မွေးမြူခွင့် အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်နှင့် ပတ်ဝန်းကျင်နေ ပြည်သူ များ၏ သဘောထားကို ရယူကာ ပြန် လည်ဆွေးနွေးရမည်ဖြစ်ကြောင်း အဆို ပါ တာဝန်ရှိသူက ပြောသည်။” ဗိုင်းရပ်စ်ရှိ၊ မရှိကို တိုင်းအစိုးရ ကိုလည်း တင်ပြသွားမယ်” ဟု အထက် ပါ တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့ရှိ ကြက်ခြံအချို့တွင် ကြက်ကောင်ရေ ထောင်ချီသေဆုံးနေမှုကို ရန်ကုန်မြို့ရှိ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်း စစ်ဆေးချက်အရ ဇူလိုင်လ ၂၃ ရက်က ကြက်ငှက်တုပ်ကွေး H5N1 တွေ့ရှိ အတည်ပြုနိုင်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်တွင် ရောဂါကင်းစင်ပြီဖြစ် ကြောင်းတိုင်းအစိုးရအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ ဘဲများ ပြန်လည်မွေးမြူခွင့်ရမည် ဖြစ် ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

” သူတို့လုပ်ထုံး လုပ်နည်းအရ မွေးလို့ ရပြီ မွေးခွင့်ပေးသင့်ပြီလို့ တင်ပြရင် မွေးခွင့်ပေးရမှာပေါ့” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ထားဝယ်မြို့တွင် ကြက်ငှက်တုပ် ကွေး ဖြစ်ပွားခဲ့သည့် ကြက်ခြံအများစုမှာ စာသင်ကျောင်း၊ လူနေအိမ်များနှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် ပြည်သူ များ အကြား ဝေဖန်မှုရှိသည်။

ထားဝယ်မြို့နယ် ပခပ်ကျေးရွာ အနီးတွင် ကြက်မွေးမြူဇုန် နေရာအတွက် မြေဧရိယာ ၄၀၉ ဧကကို ကနဦး သတ် မှတ်ရွေးချယ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။