ပွင့်လင်းရာသီ ဆန်နှင့် မီးဖိုချောင်သုံးပစ္စည်းအချို့ ဈေးတက်

0
426

ထားဝယ်တွင် ဆန်နှင့် ကြက်သွန်နီ ကဲ့သို့သော မီးဖိုချောင်သုံးပစ္စည်းအချို့ သီတင်းကျွတ်ပြီးချိန်မှစကာ ဈေးနှုန်းများ ထိုးတက်လာကြောင်း ဆန်ဆိုင်နှင့် ကုန်စုံ ဆိုင်(ပွဲရုံ) အချို့ထံမှ သိရသည်။အလှူအတန်းများသည့် ကာလဖြစ် သည့်အတွက် ရန်ကုန်မှ တင်သွင်းသည့် ပေါ်ဆန်းမွှေးနှင့် မှော်ရှယ် အစရှိသည့် ဆန် အမျိုးအစားများ တစ်ဖြည်းဖြည်း ဈေးတက် လာကြောင်း ထားဝယ်မြို့စည်ပင်သာယာ ဈေးအနီးရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

အဆိုပါ ဆန်အမျိုးအစားများမှာ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် သီတင်း ကျွတ်ရာသီ မတိုင်ခင်အချိန်ထက် ငွေကျပ် လေးထောင်ခန့် ဈေးတက်လာကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

” အလှူအတန်းများလို့ နှစ်စဉ်လိုလို ဈေးတက်တာပါ၊ နတ်တော်လ လောက်ဆို ဈေးပြန်ကျလေ့ရှိတယ်” ဟု အဆိုပါ ဆန်လုပ်ငန်းရှင်က ဆိုသည်။လက်ရှိ ကြက်သွန်နီဈေးမှာ ၁ ပိဿာလျှင် ငွေကျပ် ၂၅၀၀ အထိ ပေါက် ဈေးရှိကာ စက်တင်ဘာလအတွင်းက တစ်ပိဿာလျှင် ကျပ် ၂၀၀၀ သာ ရှိကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တောင်ဘက်ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” ကြက်သွန် အသစ်နဲ့ အဟောင်း စပ်ကူးမတ်ကူးအချိန်ဖြစ်တာရယ်၊ စိုက်ခင်း တွေ ရေကြီးနစ်မြှုပ်တာတွေကြောင့် ဈေး တက်တာလို့ သိရတယ်” ဟု အထက်ပါ ပွဲရုံလုပ်ငန်းရှင်က ဆိုသည်။ထို့အတူ ငါးဈေးနှုန်းနှင့် ကွမ်းရွက် ဈေးနှုန်း အပါအဝင် အခြား မီးဖိုချောင်သုံး ပစ္စည့်အချို့လည်း ယခင်ထက် ဈေးတက် လာကြောင်း ထားဝယ်မြို့ခံ အိမ်ရှင်မအချို့ ထံမှ သိရသည်။