တနင်္သာရီမြစ်တစ်လျှောက် ပြဒါးဆိပ်သင့်သူများတွေ့

0
405

တနင်္သာရီတိုင်း၏ အရှည်ဆုံးမြစ်တစ်ခုဖြစ်သည့် တနင်္သာရီမြစ်တစ်လျှောက်နေထိုင်သော ကိုယ်ဝန်ဆောင်နိုင် သည့်အရွယ် အမျိုးသမီးများတွင် ပြဒါးဆိပ်သင့်နေသည်ကို တွေ့ရှိရကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။

ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ပြည်သူ့ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက် IPEN နှင့် အမေရိ ကန်နိုင်ငံ အခြေစိုက်ဇီဝမျိုးစိတ်ကွဲပြားခြင်းသုတေသနအဖွဲ့ (Biodiversity Research Institute) အဖွဲ့တို့က လေ့လာချက် အသစ်တစ်ရပ်ကို စက်တင်ဘာလ တတိယ အပတ်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တိုင်းအတွင်း တနင်္သာရီမြစ်ကြောင်းတစ်လျှောက်နေထိုင်သည့် ကျေးရွာအချို့မှ ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ် အမျိုးသမီးများ(အသက် ၁၈ နှစ်မှ ၄၄ နှစ်အတွင်း)ထံမှ ဆံပင် နမူနာများကို ၂၀၁၆ ခုနှစ် မတ်လက ကောက်ယူ ခဲ့ကြောင်း သိရသည်။

နမူနာအနေဖြင့် ကောက်ယူခဲ့သည့် ကိုယ်ဝန်ဆောင်နိုင်သည့် အရွယ် ၃၀ ဦးအနက်၂၈ဦးတွင် ပြဒါးဓာတ်ပါဝင်မှု 1 ppm ထက်များနေသည်ကို တွေ့ရှိရသည်။

ယင်းပမာဏသည် အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) က သတ်မှတ်ထားသည့် ကျန်းမာရေး စံချိန်စံညွှန်းထက် ပြဒါးအဆိပ်သင့်မှု အဆပေါင်းများစွာပိုများနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ပြဒါးပမာဏ 1ppm ထက်ကျော်လွန်ပါက ဦးနှောက်ထိခိုက်ခြင်း၊ အသိဉာဏ်ပျောက်ခြင်း၊ ကျောက်ကပ်နှင့် နှလုံးသွေး ကြောပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်သည်။

မိခင်တစ်ဦး၏ခန္ဓာကိုယ်မှ ပြဒါးဓာတ်သည် ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသားထံသို့ ကူးပြောင်းနိုင်ပြီး သန္ဓေသား ၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။

“ဒီစစ်ဆေးမှုအတွက် ကျွန်တော်တို့ ၂ နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ ခုကတော့ တွေ့ရှိချက် အပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားရမယ့် အဆင့်ပါ။ ကျွန်တော်တို့အတွက်ကတော့ ဝမ်းနည်းစိတ်မကောင်းဖွယ်ရာ ရလဒ်ဖြစ်ပါတယ်”ဟု ထားဝယ်ဖွံဖြိုးရေးအဖွဲ့(DDA)မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။

ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့(DDA) သည် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် လေ့လာစစ်ဆေးမှုကို IPEN အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဒေသခံအဖွဲ့အစည်း ဖြစ်သည်။

တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် ပြဒါးသုံးစွဲမှုကို စနစ်တကျရှိလာစေရန် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

အဆိုပါ လေ့လာတွေ့ရှိချက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပ်မဟာ ၄ ကရင်အမျိုးအသားအစည်းရုံး(KNU) တို့အား ပဏာမအားဖြင့် တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

လေ့လာချက်အရ ပြဒါးဆိပ်သင့်သူများမှာ ပြဒါးဆိပ်သင့်နေသည့်ငါးကို စားမိခြင်းနှင့်ပြဒါးအသုံးပြုသည့် အသေးစား ရွှေတူးဖော်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ခြင်းမှ ပြဒါးဆိပ်ကူးစက်ခြင်း ဖြစ်သည်။

တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် တစ်နိုင်တစ်ပိုင် ရွှေဖောင်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

သို့သော် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းများကို တရားဝင်ခွင့် ပြုထားခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ဒီကိစ္စ(လေ့လာချက်ရလဒ်)ကို လာမယ့် တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြသွားဖို့ ရှိပါတယ်” ဟု ၀န်ကြီး ဦးမြင့်မောင်က ပြောသည်။

တရားမ၀င်ရွှေဖောင်လုပ်ငန်းများနှင့် ပြဒါးဆိပ်သင့်နေသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများကို တိုင်းအစိုးရ အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပြဒါးဆိပ်သင့်မှုမှ ရှောင်လွှဲရန် ခက်ခဲမည်ဖြစ်ကြောင်း Ecological Alert and Recovery-Thailand (Earth) အဖွဲ့မှ ဒါရိုက်တာ ပန်ချွန်စေတန်က တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

Ecological Alert and Recovery-Thailand(Earth) အဖွဲ့သည် အဆိုပါ သုတေသနတွင် ထိုင်းနိုင်ငံအတွက် IPEN နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။

“ပြဒါးကိုအသုံးပြုတဲ့ ရွာသားများအနေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းက အဆိပ်သင့်နိုင်ပြီး ပြဒါးအငွေ့ပျံခြင်းကလည်း အဆိပ်သင့်နိင်တယ်”ဟု ပန်ချွန်စေတန်က ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြဒါးအဆိပ်သင့်မှုဖြစ်စေသည့်အဓိကအကြောင်းအရင်းဖြစ်သည့် ကျောက်မီးသွေး စက်ရုံများ၊ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ရေနံဓာတုစက်မှုလုပ်ငန်းများကို ထိန်းချုပ်မှုလုပ်ဆောင်သင့်ကြောင်း ပန်ချွန်စေတန်က ပြောသည်။

နိုင်ငံပေါင်း၂၅နိုင်ငံတွင် သုတေသနပြုလုပ်ထားသည့် အဆိုပါ အစီရင်ခံစာသည် လူ့ခန္ဓာကိုယ်တွင် ပြဒါးဓာတ် ပါဝင်နေသည့်အဆင့်သည် ဦးနှောက်နှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည့် အဆင့်ရှိ၊ မရှိကို တိုင်းတာခြင်း ဖြစ်သည်။

မတူညီသည့်တိုက်ကြီး ၆တိုက်ရှိ နိုင်ငံပေါင်း၂၅နိုင်ငံ၏နေရာဒေသ ၃၇နေရာမှကိုယ်ဝန်ဆောင်နိုင်သည့် အသက် အရွယ် (၁၈မှ၄၄နှစ်အတွင်း) ရှိအမျိုးသမီးပေါင်း ၁၀၄၄ဦးထံမှ ဆံပင်နမူနာများကို IPEN အဖွဲ့က စုဆောင်းခဲ့သည်။

တစ်နိုင်ငံလျှင် အမျိုးသမီး၃၀ ဦး မှ ၃၅ ဦးအထိမှ နမူနာများရယူခဲ့ခြင်း ဖြစ်သည်။

ပြဒါးဆိပ်သင့်နိုင်ခြေရှိသည့်နေရာများ၊ ပြဒါးသင့်နေသည့် အစားအသောက် ဥပမာငါးများကို စားသောက်ခြင်းမှ တဆင့်ပြဒါးဆိပ်သင့်နိုင်သည့် အခြေအနေရှိသည့် ဒေသများမှ နမူနာများရယူ လေ့လာထားသည်။

ဒေသထွက် အစားအသောက်များကို ကြီးကြပ်သည့်အဖွဲ့များအနေဖြင့် မိမိတို့၏ ဒေသတွင် မည်သည့်ငါး အမျိုး အစားနှင့် ရေထွက်ကုန်အစားအသောက်များက လူထုအတွက်၊ အထူးသဖြင့် အမျိုးသမီးများအတွက် အန္တရာယ် ကင်းစွာ စားသောက်နိုင်သည်ကို ကြေညာပေးသင့်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။

အရေးယူဆောင်ရွက်ခြင်းမရှိပါက နောက်မျိုးဆက်များအနေဖြင့် ပြဒါးဆိပ်သင့်သည့် နောက်ဆက်တွဲအကျိုးဆက်ကို ခံစားရမည်ဟု ဆိုသည်။

လေ့လာဆန်းစစ်ချက်အရ သုတေသနပြုလုပ်ခဲ့သည့် အမျိုးသမီးစုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းတွင် အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) ကသတ်မှတ်ထားသည့် ကျန်းမာရေးစံချိန်စံညွှန်းဖြစ်သည့် 1 ppm ပမာဏ (အပုံတစ်သန်းပုံလျှင်တပုံ) ထက်ပိုများနေသည်ကိုတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတွင်ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများတွင်လည်း ပြဒါးဆိပ်သင့်နိုင်သည်ဟု သံသယရှိကြသည်။