ရှင်ဓာတ်ဝဲစေတီပြုပြင်မှု စုံစမ်းရေးအဖွဲ့ ဆင်းစစ်

0
383

ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲ စေတီတော်ကိုငုံကာ ပြုပြင်တည်ဆောက် မှုကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ အောက်တိုဘာလ ၉ ရက်က စုံစမ်းရေးအဖွဲ့ဖြင့် လာရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သာသနာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စုံစမ်းရေးအဖွဲ့တွင် ဂိုဏ်းပေါင်းစုံ နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင် ဆရာတော်ကြီးသုံးပါးနှင့် အခြား လူ ပုဂ္ဂိုလ်တစ်ဦး ပါဝင်ကြောင်း သိရသည်။
စုံစမ်းရေးအဖွဲ့က စေတီတော် ဂေါပကအဖွဲ့၊ စေတီတော် ဩဝါဒစရိယ ဆရာတော်များနှင့် ဌာနဆိုင်ရာများ အပါအဝင် အခြားလူပုဂ္ဂိုလ်များကို မေး မြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းဒေ သကြီး သာသနာရေးမှူး ဦးရဲနိုင်ဝင်းက ဆိုသည်။

စုံစမ်းမေးမြန်းချက်များအပေါ် အ ခြေခံကာ အထက်ပါ ဆရာတော်ကြီး များ၏ သဘောထားမှတ်ချက်များဖြင့် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၄၇ ပါးစုံညီ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရှေးဟောင်း ဥပဒေနဲ့လည်း မကျော်လွန်အောင် အလှူရှင်တွေလည်း သဒ္ဓါတရားမပျက်အောင် ဆုံးဖြတ်ပေး မယ် ထင်တယ်” ဟု ဦးရဲနိုင်ဝင်းက ဆိုသည်။
သာမန်ထက် အတွေးအခေါ်အမြော် အမြင် ကြီးမားသည့် ဆရာတော်ကြီးများ ဆုံးဖြတ်မည်ဆိုပါက အလွန်ကောင်းမွန် ပြီး ယဉ်ကျေးမှုတန်ဖိုး၊ သမိုင်းတန်ဖိုးကို ချင့်ချိန်ဆုံးဖြတ်မည်ဆိုက ငြင်းစရာ မလိုကြောင်း အဆိုပါစေတီပြုပြင်နေမှု အပေါ် နိုင်ငံတော်သမ္မတထံ ကန့်ကွက် စာ ပေးပို့ခဲ့ဖူးသည့် ထားဝယ်မြို့ခံ ဦးအောင်မိုးသူက ပြောသည်။

” အသစ်ဆောက်တိုင်း ကောင်းတာ မဟုတ်ဘူးလေ” ဟု ဦးအောင်မိုးသူက ဆိုသည်။ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲ စေတီကိုငုံကာ တည်ဆောက်ခြင်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လက စတင် ဆောင်ရွက်ခဲ့သည်။၂၀၁၇ခုနှစ် ဇွန်လ ၂၈ရက်တွင် ကျင်းပသော တိုင်းလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ဥပဒေ၊ နည်း ဥပဒေများအတိုင်း မလုပ်ဆောင် နိုင်မီ ရပ်ဆိုင်းထားရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

“ထွေထွေထူးထူးတော့ ပြောစရာ မလိုဘူး၊ ပြုပြင်ခွင့်ရရင် ပြုပြင်မယ်၊ မရရင် မပြင်ပါဘူး” ဟု ရှင်ဓာတ်ဝဲ စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်အေးက ပြောသည်။

ရှင်ဓာတ်ဝဲဘုရားသည် တနင်္သာရီ တိုင်းအတွင်း နိုင်ငံတော် ပြန်တမ်းဝင် ဘုရား ၃ ဆူတွင် ပါဝင်ပြီး ယခုကဲ့သို့ ပြင်ဆင်နေမှုအပေါ် နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း အချို့က ကန့် ကွက်မှုများ ရှိခဲ့သည်။