ငါးဖမ်းလိုင်စင်ရရှိရေး သမ္မတထံ အသနားခံထားသော်လည်း အကြောင်းမထူးသေး

0
727

ဒေသခံငါးဖမ်းလှေများအတွက် ကမ်းနီးငါးဖမ်းလိုင်စင်များ အမြန်ချ ထားပေးရန် လောင်းလုံးမြို့နယ် အတွင်း ရှိ ရေလုပ်သားများက နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ အသနားခံထား သော်လည်း နှစ်လကျော် ကြာမြင့်သည် အထိ တစ်စုံတရာအကြောင်း ထူးခြားမှု မရှိသေးကြောင်း စုပေါင်း အသနားခံစာ တင်ပြထားသူများထံမှ သိရသည်။

ယခင်က ကမ်းနီးငါးဖမ်း လိုင်စင် များကို မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးလေ့ ရှိသော်လည်း ယခုအခါ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ကမ်းနီးငါးဖမ်းလှေတစ်စီး၏ သတ်မှတ် စံနှုန်းထက် ကြီးမားနေသောကြောင့် မြို့နယ်အဆင့်မှ လိုင်စင်ထုတ်ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခံနေရကြောင်း ၎င်း တို့က ပြောသည်။ယင်းကြောင့် လုပ်ပိုင်ခွင့်ရှိသူသမ္မတ နှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနဆိုင်ရာများထံ လိုင်စင် ထုတ်ပေးပါရန် လှေပိုင်ရှင် ငါးဆယ် ကျော် လက်မှတ်ရေးထိုးကာ ဩဂုတ်လ ၃ ရက်က အသနားခံစာ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။

“မျှော်လင့်ချက်တွေ အများကြီး ထားပြီး(အသနားခံစာ)တင်တယ်၊ ရလာ လေမလား၊ လုပ်ပေးလေမလား၊ သနား ငဲ့ညှာပေးလေမလားပေါ့၊ ခု သုံးလလောက် ထိ ဘာမှ အဓိပ္ပါယ် မပေါ်ဘူးပေါ့” ဟု သဘော့ဆိပ်-ပြင်ကြီး မိရိုးဖလာ မျှောပိုက် လှေများအသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်းက ပြောသည်။ငါးဖမ်းလိုင်စင်မရှိဘဲ ငါးထွက် ဖမ်းသည့်လှေများမှာ ပင်လယ်ပြင်တွင် တာဝန်ရှိသူတို့၏ စစ်ဆေးမှု ရင်ဆိုင် ခံယူရမည်ကို ကြောက်ရွံ့နေကြရခြင်း၊ ကမ်းဝေး ငါးဖမ်းလှေများနှင့်တကွ အခြား လိုင်စင်ရှိငါးဖမ်းလှေများနှင့် ငါးဖမ်းရင်း ပြဿနာတစုံတရာ ကြုံတွေ့ပါက အထောက်အထားမပြည့် စသဖြင့် မိမိ တို့ဘက်မှ မှန်နေသည့်တိုင် အရှုံးနှင့်သာ အလျှော့ပေးရင်ဆိုင်နေရပြီး ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရန် အခက်ကြုံနေရ ကြောင်း ပြောကြသည်။

၁၉၉၀ ခုနှစ် မြန်မာပင်လယ် ငါး လုပ်ငန်းဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာအရ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကမ်းနီး ငါးဖမ်း လိုင်စင်အတွက် သတ်မှတ်ချက် များမှာ လှေအလျား ၃၀ ပေ၊ မောင်းနှင် သော စက်၏ စွမ်းအားသည် မြင်းကောင်ရေ ၂၀ ထက်မပိုရဟု ပါရှိကြောင်း ရေလုပ် သားများထံမှ သိရသည်။

လက်ရှိ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ညွှန်ကြားရေးမှူးချုပ်၏ သတ်မှတ်ချက်ထက် ကျော်လွန်လျက် ရှိသည်။ယင်းသို့ ကျော်လွန်ခြင်းမှာ ပင် လယ်ပြင်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကမ်းနီးတွင် ငါးဖမ်းဆီးရရှိမှု ကျဆင်း လာခြင်း၊ ငါးဖမ်းလုပ်ငန်းခွင် အလှမ်း ဝေးလာခြင်း စသည့် အခက်အခဲများ ကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက် ပိုမိုကြီးမားအောင် တည် ဆောက် တပ်ဆင်လာရခြင်းတို့ကြောင့် ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြော ကြသည်။

ထားဝယ်ခရိုင်အတွင်း ကမ်းနီး ငါးဖမ်းလှေ ၁၈၀၀ ကျော်ရှိပြီး ၁၀၀၀ ကျော်မှာ အထက်ပါ ငါးဖမ်းလိုင်စင် မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရ ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် အကြံပေး ဦးဇော်သူရက ထံမှ သိရသည်။”လူတွေက ငါးဖမ်းထွက်ဖို့အတွက် အခက်အခဲ ဖြစ်နေပြီ၊ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒါကို အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်၊ မဖြေရှင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာ ကိုလည်း စိုးရိမ်တယ်” ဟု ဦးဇော်သူရ က ပြောသည်။

ငါးဖမ်းလိုင်စင်ပြဿနာအား နိုင်ငံတော်သမ္မတနှင့်တကွ တာဝန်ရှိ သူများ သတိပြုမိစေရေးအတွက် လှေ သမားများက လှေများ စုပေါင်းကာ ကမ်းခြေတွင် စီတန်းမောင်းနှင် ဆန္ဒ ပြရန်အထိ ပြင်ဆင်ထားပြီး ဖြစ်သော် လည်း တိုင်းပြည်အတွင်း ရခိုင်အရေးနှင့် အခြား နိုင်ငံရေးအကြပ်အတည်းများ ကြုံတွေ့နေသည်ကို ထောက်ရှုချိန်ဆ နေကြကြောင်း မိရိုးဖလာ မျှောပိုက်လှေ များအသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ် ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ထွေးကမူ ရေလုပ်သားများ လက်ရှိကြုံတွေ့နေရ သည့် အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ တင်ပြနိုင်ရေး ကြိုးစားနေပြီး ပြည်ထောင်စုရောက် တနင်္သာရီတိုင်းသား လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း ချိတ် ဆက် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပြော သည်။
ရေလုပ်ငန်းတွင် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ၎င်းတို့၏ မိသား စုဝင်များသာမက အခြားဆက်စပ် လုပ် ငန်းစုများစွာ ပါဝင်နေပြီး ယင်းဆက်စပ် လုပ်ငန်းများကို အမျိုးသမီး အလုပ် သမားများစွာကလည်း မှီခိုလျက် ရှိ သည်။