ပုဂံနှင့် မြိတ်ကျွန်းစု -” အစစ ကွာလွန်း တယ် “

0
598

မြိတ်ကျွန်းစုသို့ခရီးသွား ဝင်ရောက် မှုမှာ ပြီးခဲ့သည့်နှစ်က ပုဂံဒေသထက် များပြားသည့်အတွက် ပုဂံဒေသမှ ဟိုတယ်နှင့် ခရီးသွား လုပ်ကိုင်သူများက ပုဂံသို့ ခရီးသွား အဝင်နည်းမည်စိုး သည့်တွက် မြိတ်ကျွန်းစုသို့ ခရီးသွား ဝင်ရောက်မှု အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၇ ရက်က ဖွင့်လှစ်ခဲ့သည့် မြိတ် အဝေးပြေးကွင်း ဖွင့်ပွဲ အခမ်းအနားတွင် ဝန်ကြီးချူပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်က ယင်းသို့ ပြောဆို သည်နှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာ တချို့တွင် ဖော်ပြခဲ့ပြီးနောက် ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းတွင် ပွက်လောရိုက်သွားခဲ့သည်။

သတင်းဖော်ပြချက်အောက်တွင် မှတ်ချက်ရေး ဝင်ဆွေးနွေးသူ ရာဂဏန်း ခန့်ရှိသည်။ အချို့ကမူ ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် မပြောသင့်သည့် စကားကို ပြောသည်ဟု ပေါက်ကွဲ ကြသည်။ ကိုယ့်ဒေသ ခရီးသွားများလာ အောင် အားမထုတ်ဘဲ သူများကို အပြစ်ပြောနေသည်ဟု စိတ်ပျက်လက် ပျက်ဆိုကြသည်။
အမှန်တကယ်ပင် ပုဂံခရီးသွား လုပ်ငန်းရှင်များက စိုးရိမ်နေ၏လော။

” စိုးရိမ်စိတ် မျှင်မျှင်မျှပင် မဖြစ်မိကြပါ” ဟု ဝါရင့် ဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက New Watch ဂျာနယ် မှ တစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တုန့်ပြန်ရေးသည့် အိတ်ဖွင့်ပေးစာတွင် ရေးသားသည်။ မစိုးရိမ်ရသည့် အကြောင်းလည်း ရှိသည်။ ဝန်ကြီးချူပ်၏ ပြောဆိုချက် အား တုန့်ပြန်ရေးသားထားသည့် သူ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည် မှာ. . . .

ပုဂံသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များသည် လွန်ခဲ့သည့်နှစ် ပေါင်း တစ်ထောင်ခန့်က စေတီ ပုထိုး၊ ဘုရား၊ ကျောင်းကန်များ၏ ဗိသုကာ လက်ရာ၊ နံရံဆေးရေးပန်းချီ၊ ကျောက် ဆစ်လက်ရာ၊ အင်္ဂတေပန်းနှင့် သစ်သား ပန်းပု လက်ရာများကို လေ့လာလို၍ ဖြစ်သည်။မြိတ်ကျွန်းစုနှင့် ကော့သောင်း ဒေသများသို့ သွားရောက် လည်ပတ်သူ များသည် ပင်လယ်၏ အလှအပကို ခံစားရန်၊ ကျွန်းများသို့ လည်ပတ်ရင်း ရေအောက်ရှုခင်းကြည့်ရန်၊ ပင်လယ် စာများ စားသောက်ရန်၊ ပင်လယ်ပျော် ငှက်များ ကြည့်ရန်နှင့် ဆလုံတိုင်းရင်း သားများ၏ လူနေမှု ဓလေ့စရိုက်များကို လေ့လာလိုကြ၍ သွားခြင်း ဖြစ်သည်။

အထက်ပါ အခြေအနေများအရ ပုဂံသည် ယဉ်ကျေးမှုအပေါ် အခြေခံ သည့် ခရီးသွားဖြစ်ပြီး တနင်္သာရီဒေသ သည် သဘာဝ အခြေခံ ခရီးသွားဖြစ် သည်။ ထို့ကြောင့် မတူကွဲပြားသည့် လုပ်ငန်း ပုံစံဖြစ်သည့်အတွက် ပုဂံဒေသ မှ ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် စိုးရိမ်ရန် အကြောင်းမရှိ။ ရန်ကုန်အခြေစိုက် ဧည့်လမ်းညွန် များအပြင် တနင်္သာရီတိုင်းအတွင်းရှိ ခရီးသွားလုပ်ငန်းရှင်းများ ထောက်ပြ သည်မှာ ပုဂံနှင့်တနင်္သာရီသည် အခြေ ခံ အချက်မတူသည့်အတွက် နှိုင်းယှဉ် ရန် မဖြစ်နိုင်။ သူ့ဈေးကွက်နှင့်သူ သီးခြားရှိနေမည်။

သတင်းဖော်ပြမှုတွင် မှတ်ချက်ရေး ဆွေးနွေးသူများနှင့် ဒေသတွင်း ခရီးသွား လုပ်ငန်းရှင်များ နောက်ထပ် ထောက်ပြ သည်မှာ ဝန်ကြီးချုပ်အနေဖြင့် အခြားသူ များအား ယင်းသို့ ပြောနေမည့်အစား ကိုယ့်ဒေသတွင်း ခရီးသွားဖွံ့ဖြိုးရန် မည်သို့ လုပ်ဆောင်မည်ကို စဉ်းစားကြံဆ သင့်ကြောင်း ဖြစ်သည်။
” အစိုးရ တာဝန်ရှိသူတစ်ယောက် အနေနဲ့ ဒီစကားပြောထွက်တာတော့ အတော် စိတ်ပျက်ရတယ်၊ ဒါက တိုင်း အစိုးရအနေနဲ့ တစ်တိုင်းလုံး အတိုင်း အတာနဲ့ တိုးတက်အောင် မဆောင်ရွက် နိုင်သေးတာကို ကာကွယ်တယ်လို့ ယူဆတယ်။ တိုင်းအတွင်း ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး တိကျသေချာ တဲ့ မူဝါဒတွေ မချမှတ်နိုင်သေးဘူး” ဟု ရဟှယ်ရှင် ခရီးသွား လုပ်ငန်းကုမ္ပဏီ ပိုင်ရှင် ဦးဟိန်းထက်က ပြောသည်။

ပုဂံဒေသနှင့် နှိုင်းယှဉ်ပါက တနင်္သာရီ ဒေသသည် ခရီးသွား လုပ် ငန်းအတွက် အဟန့်အတားများစွာ ရှိနေသေးသည်။ကျွန်းများသို့ နိုင်ငံခြားသားများ သွားလည်မည်ဆိုပါက နေ့ချင်းပြန် ခရီးအတွက် တစ်ရက်ကြိုတင်ပြရပြီး ညအိပ်ခရီး ဖြစ်ပါက နေပြည်တော်အထိ တင်ပြရကာ ရက် ၂၀ ခန့်ကြာသည်ဟု မြိတ်အခြေစိုက် ဆာကူရာ ခရီးသွား လုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းဦး က ပြောသည်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် တိုင်း အစိုးရအနေဖြင့် မည်သို့ ပံ့ပိုးရမည်၊ မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစား ရန်လိုသည်ဟု ဦးဇော်မင်းဦးက ဆိုသည်။ ” လျှပ်စစ်မီးက အစပေါ့၊ အခြေခံ လိုအပ်ချက်တွေ လိုတယ်၊ လှေတွေ ကောင်းမွန်အောင်လိုတယ်၊ လှေတွေ ရှိရင်တောင် သက်တောင့် သက်သာနဲ့ အန္တရာယ်ကင်းတဲ့ ဆိပ်ခံ တံတားတွေ လိုတယ်၊ ဆွဲဆောင်မှု ရှိနိုင်တဲ့ဟာတွေ လိုတယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်အနေဖြင့် တိုင်းအတွင်း ပြုလုပ်ထားသည့် အလုပ်ရုံ ဆွေးနွေးပွဲ ထွက်လာသည့် အဖြေများကို အကောင် အထည် ဖော်ရန်လိုသည်ဟု ဦးဇော်မင်းဦး က ထောက်ပြသည်။ ရန်ကုန် အခြေစိုက် ဧည့်လမ်းညွန် များ ထောက်ပြသည်မှာ တနင်္သာရီ တိုင်းတွင် ခရီးသည်များအတွက် နေရာ ထိုင်ခင်း၊ အဆင့်မီ စားသောက်ဆိုင်များ အဆင်မပြေသေးခြင်း၊ ခရီး စရိတ်ကြီး မြင့်ခြင်း၊ ခရီးသွားရချိန် ကြာမြင့်ခြင်း စသည့် အားနည်းချက်များ ရှိနေသေး သည်။
တနင်္သာရီတိုင်းကို ထိုင်းနယ်စပ်မှ နိုင်ငံခြား ခရီးသွားအဝင် ၂၀၁၆ ခုနှစ် အတွင်း သုံးသိန်းနီးပါးရှိခဲ့သည်။ သို့သော် ခရီးသွားအားလုံးသည် မြိတ်ကျွန်းစုသို့ လာရောက်လည်ပတ်ခြင်း မဟုတ်ကြပေ။

” ခရီးသွားအရေအတွက်၊ ပုဂံထက် များသည်ဆိုရာတွင်လည်း၊ ထိုင်းဖက်မှ နေ့ချင်းပြန်ခရီးသည်အရေအတွက် များနေခြင်း ဖြစ်ပါသည်။ သူဋ္ဌေးကျွန်း ဟိုတယ်သို့ ညစဉ်လာပြီး ကာစီနို လာ ကစားသော ထိုင်းလူမျိုးများ ဖြစ်ပါ လိမ့်မည်” ဟု ဧည်လမ်းညွှန် ဦးဇော်ဝင်း ချိုက ဆိုသည်။မြိတ်ကျွန်းစုသို့ နိုင်ငံခြား ခရီးသွား အဝင်မှာ တစ်နှစ်လျှင် ထောင်ဂဏန်း မျှသာ ရှိလေ့ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ၁၁၅၈ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂၁၆၂ ဦး ဖြစ်ကြောင်း မြန်မာဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၏ စာရင်းများအရသိရသည်။

ပုဂံသို့ နိုင်ငံခြား ခရီးသွားအဝင် ၂၀၁၆ ခုနှစ်တွင် ၂၉၀၀၀၀၀ ကျော်ရှိ ကြောင်း အစိုးရ စာရင်းအရ သိရသည်။ထို့အပြင် ပုဂံသို့ ငွေကျပ် သောင်း ဂဏန်းဖြင့် သွားရောက်လည်ပတ်နိုင် သော်လည်း မြိတ်ကျွန်းစုသို့လာရောက် ရန် အနည်းဆုံး ငွေကျပ် သုံးသိန်းခန့် ကုန်ကျနိုင်သည်။ နိုင်ငံခြားသား ခရီးသည် များ ထိုင်းနိုင်ငံမှ ရွက်လှေဖြင့်လာရောက် သည့်နှုန်းထားမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ တစ်ထောင်ကျော် (မြန်မာငွေ ၁၃ သိန်းကျော်) ခန့်ကျသင့် လေ့ရှိသည်။

နိုင်ငံခြားသား ခရီးသွားများ အများဆုံးမေးကြသည့်အထဲတွင် လုံခြုံ ရေးကိစ္စလည်း ပါဝင်သည်ဟု ဆိုသည်။ပုဂံတွင် ထိုအရာများအားလုံး ပြည့်စုံသည်။ ” ဟိုတယ်၊ ပို့ဆောင် ဆက်သွယ် ရေးဝန်ဆောင်မှု၊ ဈေးကွက်အတွေ့အကြုံ ခရီးသွားလုပ်ငန်းတစ်ခုရဲ့ အခြေခံ လိုအပ်ချက်တွေက ပုဂံနဲ့ တနင်္သာရီ ဘာမှ မဆိုင်ဘူး။ အစစ ကွာလွန်း တယ်” ဟု ဦးဟိန်းထက်က ဆိုသည်။ ခရီးသွားလုပ်ငန်းအတွက် တိုင်း အစိုးရအနေဖြင့် တိကျသည့် မူဝါဒ ချမှတ်ရန် လိုအပ်ကြောင်း ဦးဟိန်းထက် က ပြောသည်။

” မူဝါဒ ချမှတ်တဲ့အခါ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ပညာရှင်တွေ သက် ဆိုင်သူတွေနဲ့ လုပ်ဆောင်ရပါမယ်။ ပြီးရင် ဒီမူဝါဒအပေါ် အခြေခံပြီး နှစ်ရှည် နှစ်တို မဟာဗျူဟာမြောက် စီမံကိန်းတွေကို ဗဟိုအစိုးရ၊ နိုင်ငံတကာအလှူရှင် တိုင်းအတွင်းရှိ လုပ်ငန်းရှင်တွေ အပါ အဝင် သက်ဆိုင်သူတွေနဲ့ ရေးဆွဲဆောင် ရွက်ပြီး စနစ်တကျ လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။ ဝါရင့် ဧည့်လမ်းညွန် ဦးဇော်ဝင်း ချိုက သူ့ပေးစာ၏ အဆုံးတွင် ဤသို့ ရေးသည်။

” အမှန်တစ်ကယ်၊ ဒေသခံများ စီးပွားရေး ကောင်းမွန်ရန်၊ မိမိတိုင်း ပြည်အတွင်းတွင် length of stay လို့ ခေါ်တဲ့၊ နေထိုင်ရက်ရှည် ကြာရန် လိုပါ သည်။
အချုပ်အားဖြင့် တနင်္သာရီတိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံဖြိုးတိုး တက်နေသည်ကို ပုဂံသူ၊ ပုဂံသားနှင့် ပုဂံဒေသရှိ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်း ညွှန်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင် များမှ ဝမ်းမြောက်ဝမ်းသာ၊ ကြိုဆိုနေ မည်ဖြစ်ပြီး၊ တနင်္သာရီတိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပုဂံဒေသတွင် ဆွေးနွေး ပွဲဖိုရမ်များ လုပ်လိုပါကလည်း၊ လှိုက် လှဲစွာ ကြိုဆိုဆောင်ရွက် ပေးမည် ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးသို့ ဖိတ်ကြားပြီး အကြံဥာဏ်များ ရယူလို ပါကလည်း၊ လာရောက်၍ ဝမ်းမြောက် ဝမ်းသာပူးပေါင်း ဆောင်ရွက်မည်ဖြစ် ပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား”