မီဒီယာကို အသုံးချတတ်ပါစေ

0
506

မီဒီယာဟူသည် အတိုက်အခံမဟုတ်၊ သရုပ်မှန်ကို ဖော်ပြသည်။ပြဒါးမှန်နှင့်တူသည်။ ပြုံးပြလျှင်အပြုံးရိပ်ထင်မည်။ မဲ့ပြလျှင်မဲ့ရိပ်ထင်မည်။ ထိုသဘောတရားကို သတိမထားမိသူများ၊ မိမိကိုယ်မိမိ ပြန်မမြင်သူများက မိမိ၏ မဲ့နေပုံများ၊ မဲ့နေသည်ကိုသိသာစေသည့်စကားလုံးများ မီဒီယာတွင်ဖော်ပြခံရပါကအဆိုပါမီဒီယာအား အတိုက်အခံဟု ထင်မြင်ယူဆ လိုက်တတ်ကြသည်။

မီဒီယာ၏ တာဝန်များအနက် တစ်ခုမှာအများနှင့်သက်ဆိုင်သူတို့၏ လှုပ်ရှား လုပ်ဆောင်မှု၊ ထင်မြင်ချက်စသည်တို့ကို ပြည်သူထံ မှန်ကန်တိကျစွာ တင်ဆက်ဖြန့် ဝေရန် ဖြစ်သည်။အများနှင့်သက်ဆိုင်သူ (အစိုးရ၊ တက်ကြွလှုပ်ရှားသူ၊ ပါတီအဖွဲ့အစည်း၊ ပြည်သူနှင့် ဆက်နွယ်လုပ်ကိုင်သည့်စီးပွားရေး၊ အနုပညာရှင်စသဖြင့်)တို့က မိမိပြော လိုသောစကား၊ မိမိပြလိုသောပုံရိပ်ကိုလူအများ သိစေမြင်စေရန်တစ်ယောက်ခြင်း တစ်ဖွဲ့ခြင်းကို ခေါ်ပြော၊ လိုက်လံပြောကြားရန် မဖြစ်နိုင်။

ထိုသူတို့နှင့် ပြည်သူကြား မီဒီယာကအသံချဲ့စက်ကဲ့သို့ကျင့်သည်။ ကမ္ဘာတစ်ဝန်း လုံးကြားနိုင်သည့် အသံချက်စက် ဖြစ်သည်။သို့ကြောင့်မီဒီယာသည် ကောင်းစွာ အသုံးချတတ်သူတို့အတွက် မိမိလုပ်ဆောင် ချက်ကို၊ မိမိအဖွဲ့အစည်း၊ မိမိကုန်ပစ္စည်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အခမဲ့ ကြော်ငြာပေးသူများ ဖြစ်သည်။ထို့အတူ အများပြည်သူအပေါ် မိမိလုပ်ဆောင်ခဲ့မှုများ မှားယွင်း ချွတ်ချော်ခဲ့ပါက လည်း တစ်အိမ်တက်ဆင်း လိုက်လံတောင်းပန်နေစရာမလိုဘဲ မီဒီယာမှတစ်ဆင့် တောင်းပန်စကား သက်ဆိုင်သူများထံ အမှာပါးနိုင်ပေသည်။

တစ်ဦးချင်း တစ်ဖွဲ့ခြင်းကြား ပဋိပက္ခဖြစ်ဖွယ်ကိစ္စရပ်များကြောင့်သော်လည်း ကောင်း၊ အခြားအကြောင်း အမျိုးမျိုးကြောင့်သော်လည်းကောင်း မျက်နှာခြင်းဆိုင် မဖြေရှင်းနိုင်၊ ဖြေရှင်းရန်အကြောင်းမဖန်ပါကလည်း မီဒီယာပေါ်တွင်တွေ့ဆုံ အသံ ထုတ်ကာ တစ်ဦးလိုအပ်ချက်ကိုတစ်ဦး အပြန်အလှန်သိနိုင်ကြပါသည်။
မီဒီယာကိုတွေ့ဆုံရန် ကြောက်ရွံ့နေသူသည် အများပြည်သူအား မိမိအကြောင်း၊ မိမိကျူးလွန်ခဲ့သည့် အမှားများအကြောင်း ဖုံးကွယ်လိုသူ၊ အမှားကို ဝန်မခံလိုသူသာ ဖြစ်ပေမည်။

တခါတရံ အများပြည်သူဆိုင်ရာ အရေးအရာများတွင် မိမိဘက်မှ အမှန်ဖြစ်ပါ လျက်လူအများက သံသယဖြစ်နေချိန် မီဒီယာအား တွေ့ဆုံရန်ငြင်းဆန်မိခဲ့လျှင် ထို သူသည် အမှန်တရားကိုဖြေရှင်းခွင့် လက်လွှတ်လိုက်ရခြင်းသား ဖြစ်တော့သည်။ ထိုသူသည် မိမိမှန်ကန်မှုအား အခမဲ့ထုတ်ဖော်ကြေညာခွင့် ဆုံးရှုံးရခြင်း ဖြစ်လေ သည်။

သို့ကြောင့် မီဒီယာက သင့်ရှေ့ကိုရောက်လာလျှင် မိမိအကြောင်း ကမ္ဘာအား အခမဲ့ကြော်ငြာပေးမည့်သူအဖြစ် ပြုံးပြုံးလေး အသုံးချတတ်ရန် ပြောလိုပါသည်။