တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ တနင်္သာရီအသင်း အုပ်စုအဆင့်မှထွက်

0
466

တိုင်းနှင့်ပြည်နယ်အဆင့် အသက် ၁၈ နှစ်အောက် ဘောလုံး ပြိုင်ပွဲတွင် တနင်္သာရီအသင်းသည် မွန်၊ ရှမ်း၊ ပဲခူး အသင်းတို့ကို အရှုံးပေးခဲ့ရပြီး အုပ်စုမှ ထွက်ခဲ့ရကြောင်း ယင်းအသင်း နည်းပြ ထံမှ သိရသည်။အဖွင့်ပွဲစဉ်တွင် တနင်္သာရီအသင်း က မွန်ပြည်နယ်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ခဲ့သော်လည်း တနင်္သာရီ တိုင်းမှ ကစားသမားတစ်ဦး နေရှင်နယ် လိဂ် (၂)တွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရှုံးပေးလိုက်ရကြောင်း နည်းပြ ဦးဝေယံနိုင်က ပြောသည်။

” ကျွန်တော်တို့အသင်း ရှုံးနေတဲ့ အချိန်မှာ အဲဒီကစားသမားကို ထည့် လိုက်တော့ ဂိုးတွေ တဒုန်းဒုန်း တက် လာပြီး နိုင်သွားတယ်။ ဒါပေမဲ့ မွန် အသင်းက ပွဲအပြီးမှာ ကန့်ကွက်လို့ ၃ ဂိုး ၃ မှတ်ပေးပြီး ကျွန်တော်တို့ အသင်း က အရှုံးပေးလိုက်ရတော့ ကစားသမား တွေ စိတ်ဓာတ်ကျ သွားတယ်” ဟု ဦးဝေယံနိုင်က ဆိုသည်။ ပြိုင်ပွဲစည်းကမ်းတွင် နေရှင်နယ် လိဂ် တစ်ခုခုတွင် ဝင်ရောက်ကစား ဖူးသည့် ကစားသမား ပါဝင်ခွင့်မရှိဟု ထည့်သွင်းသတ်မှတ်ထားကြောင်း ၎င်း က ပြောသည်။

ယင်းကန့်ကွက်ခံရသည့် ကစား သမားမှာ ရန်ကုန်တက္ကသိုလ် အသင်း တွင် ကစားခဲ့စဉ်က အတွေ့အကြုံရရှိရန် နေရှင်နယ်လိဂ်(၂)တွင် ဝင်ရောက်ကစား ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ကိုယ်စားပြုအ သင်းကို မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့် ဆင့် ကျင်းပကာ အကောင်းဆုံးဆုရ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အဆင့် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကို နေပြည်တော်တွင် အောက်တိုဘာလ ၂ ရက်နေ့မှ စတင် ကျင်းပလျက်ရှိသည်။