ဆက်ရန်ရှိသေးသည်

0
566

အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီကျော်ကျော်တွင် ထားဝယ် လယ်သမားများ စီတန်း လှည့်လည် ရန်အသင့်..။ သူတို့လက်ထဲရှိ ကြွေး ကြော်သံ စာရွက်များက မိုးဖွဲဖွဲကြောင့် စိုရွှဲနေသည်။ သို့သော် ယင်းစာရွက်ပါ စာသားများကို သူတို့ မကြည့်၊ အလွတ် ရနေကြဟန် ရှိသည်။

” ခရိုနီအားပေး ဝန်ကြီးချုပ်အား အလိုမရှိ.. (အလိုမရှိ)၂ ”

“မြေယာပြဿနာများအား တွေ့ဆုံ ဆွေးနွေး ဖြေရှင်းပေးရေး .. (ဒို့အရေး)၂ ”

“ဥပဒေမဲ့ လုပ်ဆောင်မှုများ ရပ် တန့်ပေး.. (ရပ်တန့်ပေး)၂ ”
သူတို့စုရပ်က ကမြောကင်းတံတား အနီးရှိ ဝဲကျွန်းမြို့သစ်ကူးတို့ဟောင်း လမ်းရှိ ထားဝယ်ခရိုင် လယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေး တို့ မိသားစုနေအိမ်ရှေ့လမ်းကြား။

အသင့်ဖြစ်နေသည့် လယ်သမား အင်အားက ၁၀၀ ကျော်။ သီတင်းကျွတ် ပြီးမှ ရွာသည့် ထားဝယ် နောက်တွဲ မိုးကြောင့် သူတို့ ကိုယ်များ စိုရွှဲနေ သော်လည်း သူတို့ကိုင်ထားသည့် ဗွီနိုင်း ပိုစတာများကိုမူ စိုရွှဲရန် မစွမ်းသာ။

” အစိုးရမလုပ်တတ်သော တိုင်း ဝန်ကြီးချုပ် နုတ်ထွက်ပေး”
“မြေယာအရေး ဖြေရှင်းပေး မဖြေ ရှင်းနိုင်က တိုင်းလယ်ဆည်ဝန်ကြီး နုတ် ထွက်ပေး”
“ဥပဒေမဲ့ သိမ်းဆည်း မြေယာ ပေါ်တွင် ဥပဒေမဲ့ ဆောက်လုပ်ခွင့် ပေးသော တိုင်းစည်ပင်ဝန်ကြီး အလို မရှိ…” စသော ပိုစတာများ..။
ယင်း ပိုစတာများနှင့် ကြွေးကြော်သံ များကြောင့်ပင် သူတို့ စီတန်းလှည့်လည်မှု တားမြစ်ခံလိုက်ရသည်။

လယ်သမားတို့ ခြေလှမ်း ၅၀ ခန့် လှမ်းပြီးချိန်တွင် ယင်းလမ်းကြားကို ပိတ်ဆို့ချထားသော သံဆူးကြိုးတပ် ဘယ်ရီဂိတ်။ ယင်းဘယ်ရီဂိတ်နောက် တွင် ကပ်၍ ပိတ်ရပ်နေသော ရဲသား ရဲမေ ၂၀ ခန့်နှင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုး အပါအဝင် တာဝန်ရှိသူများ။
ထို ဘယ်ရီဂိတ်ကို ဖြတ်ကာ ထားဝယ်မြို့တွင်း စီတန်းလှည့်လည် လိုက လယ်သမားတို့ ကိုင်ဆောင်ထား သည့် အထက်စာသားပါ ပိုစတာ ဗွီနိုင်းများ ထားခဲ့ရမည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ နုတ် ထွက်ပေးရေးနှင့် ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ပိုစတာများ၊ ကြွေးကြော် သံများ ပါနေပြီး ၎င်းတို့ တင်ပြသည့် ရည်ရွယ်ချက်နှင့် လွဲချော်နေသဖြင့် တားမြစ်ရကြောင်း ရဲမှူးကြီးနေမျိုးက ဆိုသည်။”မြေယာစီမံခန့်ခွဲဖို့ အစိုးရက သေချာ ဆောင်ရွက်ပေးဖို့ ဆန္ဒပြတာလို့ ပြောတယ်၊ တကယ်တမ်းကျတော့ အစိုးရ နုတ်ထွက်ပေးတို့ ဘာတို့ ပါနေတယ်၊ အဲဒါမပါဘဲနဲ့ မြေကိစ္စကိုပဲ ဆန္ဒပြ၊ ဒါပဲ ပြောတယ်” ဟု ရဲမှူးကြီး နေမျိုးက ဆိုသည်။

လယ်သမားများ ဆန္ဒပြရန် လျှောက်ထားစဉ်က ရည်ရွယ်ချက်တွင် ” လယ်သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်မှု ရပ်ဆိုင်းရန်နှင့် တရားဥပဒေစိုးမိုးရေး၊ တာဝန်ယူတာဝန်ခံမှု ရှိသော အစိုးရ တစ်ရပ် ဖြစ်လာစေရန်” ဟု ပါရှိသည်။ကြွေးကြော်သံနှင့် အသုံးပြုမည့် ပိုစတာနှင့် ဆိုင်းဘုတ်ပါ စာသားများ ကိုမူ အထက်ပါ ကြွေးကြော်သံနှင့် ဗွီနိုင်း စာသားများအတိုင်း လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

ယင်း စာသားများအား လာရောက် ညှိနှိုင်းပြင်ဆင်ရန် ဆန္ဒပြရန် လျှောက် ထားသူများကို ရဲတပ်ဖွဲ့မှ ခေါ်ယူခဲ့ပြီး ဆန္ဒပြခေါင်းဆောင်များက ၎င်း စာသားများသည် လယ်သမားတို့၏ ဆန္ဒဖြင့် ထည့်သွင်းထားခြင်း ဖြစ်သည့် အတွက် ဆန္ဒပြသည့်နေ့တွင် အများ သဘောတူ ညှိနှိုင်းမည်ဟု အကြောင်း ပြန်ခဲ့ကြသည်။
ဆန္ဒပြသည့်နေ့တွင် လယ်သမား များက ယင်းစာသားပိုစတာများကိုင် ဆောင်ကာ၊ ကြွေးကြော်သံများကိုလည်း မပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။
လယ်သမားများက တနင်္သာရီတိုင်း တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဆန္ဒပြခွင့် မရှိတော့လောဟု မေးခွန်း ထုတ်ကြသည်။ ပဲခူးတိုင်းတွင် အောက်တို ဘာလ ၁၀ ရက်နေ့က ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ပါးအား နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့သည်ကို ထောက်ပြကြသည်။

ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် တစ်ဦးဦးအား နုတ်ထွက်ပေးရန် ဆန္ဒပြ မည်ဆိုက လုံလောက်သည့် အကြောင်း ရှိရန်လိုကြောင်း ရဲမှူးကြီး နေမျိုးက ပြောသည်။
” အစိုးရနုတ်ထွက်ပေးဖို့ (တောင်း ဆိုတယ်)ဆိုတာက လုံလောက်တဲ့ အကြောင်း ရှိရမှာပေါ့၊ ဒီဟာတွေ ဒီလို ဖြစ်တဲ့အတွက် ဒီလို အားနည်းတဲ့အတွက် အစိုးရနုတ်ထွက်ပေး ဒီလိုမျိုးပြောရင် တော့ ဖြစ်တယ်” ဟု ရဲမှူးကြီး နေမျိုးက ဖြေဆိုပါသည်။လယ်သမားတို့၏ ” တာဝန်ယူ၊ တာဝန်ခံမှုရှိသော အစိုးရဖြစ်လာစေရန်” ရည်ရွယ်လှည့်လည် ဆန္ဒပြမည့်လမ်းကား အတားခံ ခဲ့ရသည်။သံဆူးကြိုးတပ် ဘယ်ရီဂိတ်မျှ မကပါ။

ထို ဘယ်ရီဂိတ်နှင့် ရဲတပ်ဖွဲ့တန်း နောက်တွင် ထားဝယ်ဒေသတွင် မြင်ရခဲ သည့် အဓိကရုဏ်းနှိမ်နှင်းဖြိုးခွဲရန် အ သင့်ပြင်ထားသော ရဲတပ်သား နှစ်တန်း ဆင့်။
တစ်တန်းက ဒိုင်းများ တုတ်များဖြင့် အသင့်။ နောက်ဆုံးတန်းက အဓိကရုဏ်း နှိမ်နှင်းရေးလက်နက်များ အသင့်ဆောင် ထားသည့် ရဲတပ်သားများ..။
ထို အဓိကရုဏ်းနှိမ်နှင်းဖြိုခွဲရန် အသင့်ဖြစ်နေသော ရဲတပ်သားများ နောက်တွင် အချုပ်ကားကြီး ၁ စီးက အသင့်။

အပြင်စည်းမှ ဝန်းရံကြသူများနှင့် ပွဲအခင်းအကျင်းကို လာရောက်ကြည့်ရှုသူ အများစုက အကြမ်းဖက်သမားများ မဟုတ်သော သာမန်အရပ်သား ပြည်သူတို့၏ ဆန္ဒပြပွဲတစ်ခုအား ရဲတပ် ဖွဲ့မှ ထိုမျှ အင်းအားသုံးကာ သေနတ် များ အရန်သင့် ပြင်ဆင်ထားခြင်းမျိုး အထိ မလိုအပ်ကြောင်း ဝေဖန်ကြသည်။
” အဓိကရုဏ်းလက်နက် အဆင့်ထိ မလိုအပ်ဘူးလို့ ထင်တယ်” ဟု ထားဝယ်မြို့မိမြို့ဖ ဦးကျော်ကျော်ဦးက ပြောသည်။

ဆန္ဒပြသူများက အင်အား ၂၀၀ ဟု တင်ပြထားပြီး မမျှော်မှန်းနိုင်သည့် ပြ ဿနာများအတွက် ကြိုတင်ပြင်ထား ခြင်းဟု ရဲမှူးကြီး နေမျိုးက ပြောသည်။
” ဒါကတော့ ပြင်တော့ ပြင်ထား ရတာပေါ့၊ သူတို့ အတင်းတိုးမယ် ဆိုရင် ဘယ်လို လုပ်မလဲပေါ့၊ ဒါတွေက တော့ တို့ရဲ့ လုပ်ငန်းသဘောအရပဲ၊ လုပ် (ဖြိုခွင်း)ချင်မှလည်း လုပ်မှာပါ” ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။

ယင်းလုပ်ဆောင်ချက် အားလုံး သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ဥပဒေအတိုင်း လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၆ အရ တားမြစ်သော်လည်း ဆက်လက်စည်းကမ်းဖောက်ဖျက်ခြင်းများ၊ လူစုမခွဲဘဲ စုဝေးခြင်း၊ သို့မဟုတ် စီတန်းလှည့် လည်ခြင်းများ ရှိနေပါက လုပ်ထုံး လုပ်နည်းများနှင့်အညီ လူစုခွဲသည်အထိ အရေးယူ ဆောင်ရွက်နိုင်သော်လည်း ထိုသို့ အရေးယူဆောင်ရွက်ရာတွင် အင်အား အလွန်အကျွံ သုံးစွဲခြင်း မရှိစေရန် ကြီးကြပ်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ယခု ဆန္ဒပြပွဲတွင် လယ်သမားတို့ သံဆူးကြိုးတပ် ဘယ်ရီဂိတ်ကို မကျော်ခဲ့။ အထက်ပါ ဆိုင်းဘုတ်များကို ထားခဲ့ပြီး ခြေထောက် အညောင်းခံ လမ်းပေါ် မထွက်တော့ဟု ဆိုကာ လှည့်ပြန် ခဲ့ကြသည်။ထိုသို့ လှည်ပြန်ခဲ့သဖြင့် ယင်းနေ့ လယ်သမားတို့ ဆန္ဒထုတ်ဖော်ပွဲ မိုးဖွဲဖွဲ အောက်တွင် ငြိမ်းချမ်းစွာ အဆုံးသတ် သွားသည်။သို့သော် ဆက်ရန်ကား ကျန်သေး ၏။

” လောလောဆယ် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်တယ်” ဟု ဆန္ဒပြ ခေါင်းဆောင် ထားဝယ်ခရိုင် တောင်သူ လယ်သမားသမဂ္ဂ အထွေထွေအတွင်း ရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။မြေယာပြဿနာ ဖြေရှင်းရေး အချိန် တစ်လအတွင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ဒေါ်ရီရီထွေးက ပြောသည်။ လယ်သမားတို့ တောင်းဆို နေသည်ကား မြေယာပြဿနာများအား ငါးပွင်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေ ရှာရေး။အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အာဏာရပါတီတာဝန်ရှိသူများ၊ တောင် သူလယ်သမားများ၊ ကိုယ်စားလှယ် များနှင့် လယ်သမားကိုယ်တိုင်တို့ တွေ့ဆုံကာ ထားဝယ်မြို့ပြစီမံကိန်း ဧရိယာအတွင်းရှိ မြေယာ ပြဿနာများကို အဖြေရှာရေး ဖြစ်သည်။
ယင်းကို လွန်ခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့မှအစ တောင်းဆိုခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။

ဆန္ဒပြပွဲ ပြုလုပ်ရန် ၄ ရက်အလို အောက်တိုဘာ ၁၄ ရက်နေ့တွင် တိုင်း အစိုးရ၊ ဌာနတာဝန်ရှိသူများနှင့် လယ် သမားတို့ တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သော်လည်း ယင်းပွဲကို အလွတ် သဘောတွေ့ဆုံပွဲဟု တိုင်းအစိုးရမှ ထုတ် ပြန်ခဲ့သည်။ထို့တွေ့ဆုံပွဲတွင် အဖြေတစ်စုံတစ် ရာ မထွက်သည့်အပြင် ၅ ပွင့်ဆိုင် တွေ့ ဆုံရေးအတွက်ပင် အဖြေမရဟုဆိုကာလယ်သမားတို့ လမ်းပေါ် တက်ခဲ့သည်။

တိုင်းအစိုးရအဖွဲ့မှ ၅ပွင့်ဆိုင် တွေ့ဆုံမည်ဟု ပြောခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ၅ ပွင့်ဆိုင်တွေ့ဆုံရန် အကြောင်း စကား မဟတော့။
လျော်ကြေးမယူသေးသည့် လယ် သမားများအတွက် လျော်ကြေး(၃ ဧက လျှင် ၄၀_၆၀ အိမ်ရာမြေတစ်ကွက်)ပေးဆောင်ရန် မြေကွက်များ အသင့်ပြင် ထားပြီးဖြစ်ကြောင်း ဝန်ကြီးဦးမြင့်စန်းက အောက်တိုဘာ ၁၉ရက်နေ့တွင် ပြောသည်။

လယ်သမားတို့၏ အခြေခံ တောင်း ဆိုချက်များဖြစ်သည့် ပြဿနာ ဖြစ်ပွား နေသည့် ထားဝယ်မြို့ပြစီမံကိန်း ဧရိယာ အတွင်းရှိ သိမ်းဆည်းလယ်ယာမြေ ပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန်လည်း မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
” မဆောက်လို့ မရဘူး၊ မဆောက် ရင် အစိုးရယန္တရား ရပ်ထားရမယ်” ဟု ဦးမြင့်စန်းက ပြောသည်။

ဒုတိယ အခြေခံတောင်းဆိုမှု ဖြစ် သော တရားစွဲဆိုထားသည့် ပုဒ်မများအား ပယ်ဖျက်ပေးရန်မှာလည်း အစိုးရ အုပ် ချုပ်ရေး ယန္တရားနှင့် မသက်ဆိုင်ဘဲ တရားဥပဒေရေး ဖြစ်သည့်အတွက် ” တရားစွဲတာကလည်း တို့နဲ့ မဆိုင်ဘူး၊ တရားရေးမဏ္ဍိုင်က တရားရေး မဏ္ဍိုင်” ဟု ဝန်ကြီးက ပြောသည်။
ယင်းသည် ဆန္ဒပြပွဲများ ထပ်ဖြစ် လာနိုင်သည့် အခင်းအကျင်းမျိုး ဖြစ်သည်။

အစိုးရဘက်က ညှိနှိုင်းမှုကို လက် မခံပါက လက်ရှိဆန္ဒပြပွဲထက် ပိုမို အားကောင်းပြင်းထန်သော လှုပ်ရှား မှုများ ပြုလုပ်ကြရန် လယ်သမားများ အများသဘောတူ သဘောတူ ဆုံးဖြတ် ထားပြီးဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင် ထားဝယ်ခရိုင် တောင်သူ လယ်သမား သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

ဖြစ်ပေါ်လာနိုင်သည့် နောက်ဆန္ဒ ပြပွဲများကို အစိုးရနှင့် ရဲတပ်ဖွဲ့ဝင်များ မည်သို့ ကိုင်တွယ်ကြမည်ကို ထားဝယ် မက၊ မြန်မာမက ကမ္ဘာတစ်ဝှမ်းကပင် စောင့်ကြည့်နေကြသည်။