မြိတ်တွင် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၈ ခု ထပ်တိုး

0
482

မြိတ်ခရိုင်အတွင်း ၂၀၁၄ ခုနှစ်မှ စ၍ ခရီးသွားလုပ်ငန်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာရာ ၂၀၁၇ ခုနှစ်တွင် လိုင်စင်ရ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၈ ခု ထပ်တိုးကြောင်း မြိတ်ခရိုင် ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အထိ ခရီး သွား ကုမ္ပဏီ ၁၈ ခုရှိပြီး ယခုနှစ်တွင် ၈ ခု ထပ်တိုးလာပြီး ၂၆ ခု ရှိလာပြီဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူးက ပြော သည်။
“နောက်ထပ်ည်း ၂ ခု၊ ၃ ခု လောက် ထပ်တိုးဖို့ ရှိတယ်” ဟု ခရိုင်ဦးစီးမှူးက ပြောသည်။ထပ်တိုးသည့်ခရီးသွား ဝန်ဆောင် မှုကုမ္ပဏီ ၈ ခုမှာ မြိတ်မြို့မှ ဒေသခံ လုပ်ငန်းရှင်များဖြစ်ကြောင်း သိရသည်။ ယခင်ရှိသည့် ၁၈ ခုတွင် ရန်ကုန်မှ လာရောက် ဖွင့်လှစ်ထားသော ရုံးခွဲ ၂ ခု နှင့် မောတောင်မှ လာရောက် ဖွင့်လှစ် ထားသော ရုံးခွဲ ၁ ခုရှိကြောင်း အထက် ပါရုံးမှ သိရသည်။

ထို့အပြင် လိုင်စင်ရ ပို့ဆောင်ရေး လုပ်ငန်း (နိုင်ငံခြားသားတင်ဆောင်ခွင့် ရှိသော လှေ) ၁၁ ခု ရှိသည်။မောတောင် နယ်စပ် အပါအဝင် ရေ၊ လေ၊ ကုန်းကြောင်းမှ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု ၂၀၁၆ ခုနှစ်တွင် ၁၄၁၉၃ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စက်တင်ဘာလအထိ ၁၀၈၃၁ ဦး ရှိခဲ့ကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးမှ စာရင်းအရ သိရသည်။

မြိတ်ခရိုင်တွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိသော်လည်း ခရီးသွားလုပ်ငန်း ပြုလုပ်နိုင်သည့် ကျွန်းမှာ ၁၀ ကျွန်းပင် မရှိကြောင်း၊ ယခုလက်ရှိတွင် ပန္နဲကျွန်း၊ လေးကျွန်း၊ ဒုံးကျွန်း၊ နတ်သမီးရေတွင်း ကျွန်း၊ ကြယ်လိပ်ကျွန်းများသို နေ့ချင်း ပြန်ခရီးစဉ်များ ပြေးဆွဲနေကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

|”ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မှာဆိုရင်ရှိတဲ့ ဩအေ (လှေ)တွေတောင် မလောက်ဘူး၊ အခု ၂၀၁၇-၁၈ မှာက အခုမှ ခရီးသွားရာသီအစမို့ ပြင်ဆင် နေသေးတဲ့အတွက် ခရီးသည် ဝင်တဲ့ နှုန်းကို အတိအကျ မပြောနိုင်သေး” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြော သည်။

ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် သတ်မှတ် ထားသော စည်းကမ်းချက်များနှင့် ကိုက် ညီမှသာ လိုင်စင်ချထားပေးကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန် ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။