” မရိုက်ရ” ဟုဆိုသော်…..

0
109

အခြေခံပညာကျောင်းများ၌ ကျောင်းသူကျောင်းသားများကို ကာယိ နြေ္ဒပျက်ပြားစေမည့် ဆုံးမမှုမျိုး မပြု လုပ်ရန်နှင့် လက်ဖြင့်သော်လည်းကောင်း၊ တုတ်ဖြင့်သော်လည်းကောင်းရိုက်နှက်ဆုံးမခြင်းမပြုရန် အခြေခံပညာ ဦးစီးဌာန က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီး သီးရှိ ပညာရေးညွှန်ကြားရေးမှူးရုံးများမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ အားလုံးသို့ စက်တင်ဘာ လ ၂၄ရက်တွင် ညွှန်ကြားခဲ့သည်။

ထိုသို့ ညွှန်ကြားချက် ထုတ်ပြန် ခြင်းမှာ စက်တင်ဘာလ ၂၂ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ရွာ မူလတန်းလွန်ကျောင်းတွင် စာမရသည့် ဒုတိယတန်းကျောင်းသူ ကျောင်းသားများကို ခန္ဓာကိုယ်အောက် ပိုင်းဗလာဖြင့် လက်ပိုက်ကာ မတ်တပ် ရပ်ခိုင်း၍ ဆရာမက အပြစ်ပေးနေသည့် ဓာတ်ပုံဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံသွားသော ကြောင့် ဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်မျိုးကို အရင် အစိုးရလက်ထက်တည်းက ထုတ် ပြန်ခဲ့ပြီး ဖြစ်သည်။ထိုစဉ်က မန္တလေးဘက်တွင် ဆရာမ တစ်ဦးက ကျောင်းသားတစ်ယောက်ကို အနောက်မှ ရိုက်လိုက်မိရာ အရှေ့တွင် ရှိသော တုတ်ဖြင့် မျက်လုံးကို မတော်တဆ ထိုးမိသောကြောင့် အဆိုပါကျောင်းသား ၏ မျက်လုံးကွယ်ခဲ့ရသည်။ အဆိုပါ အဖြစ်အပျက်ကြောင့် ကျောင်းသားများ ကို ဆုံးမရာတွင် ရိုက်နှက်ခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် အဆိုပါဖြစ်ရပ် မျိုး မဖြစ်ခဲ့လျှင် ကျောင်းသားကျောင်းသူ များကို မရိုက်ရန်အတွက် ညွှန်ကြားချက် ထုတ်ပြန်ပေးဖွယ် ရှိမရှိဆိုသည်မှာ စဉ်း စားစရာပင်။

ရိုက်နှက်ဆုံးမခြင်းကို အားမပေး သည့် မိဘများအနေဖြင့် ထိုညွှန်ကြား ချက် ထွက်လာအောင် လုပ်ပေးခဲ့သည့် ဆရာမနှစ်ဦးကိုပင် ကြံဖန်၍ ကျေးဇူး တင်ရမလို ဖြစ်နေသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ ဤညွှန်ကြား ချက်ကို ကျွန်တော်တို့ ထောက်ခံအား ပေးပေမည်။ရိုက်သင့်၊ မရိုက်သင့်နှင့် ပတ်သက် ၍ ဆရာဆရာမများအကြားတွင် သော် လည်းကောင်း၊ မိဘများအကြားတွင်သော် လည်းကောင်း အမြင်ကွဲပြားလျက်ရှိ သည်။ ခံယူချက်သည်လည်း အမျိုးမျိုး အဖုံဖုံ။
ငယ်စဉ်ကတည်းက ရိုက်နှက်ဆုံးမ ခြင်းနှင့် အကျွမ်းတဝင်ရှိပြီး ရိုက်နှက် ဆုံးမခြင်းကို ဖြစ်ရိုးဖြစ်စဉ် သာမန် ကိစ္စတစ်ခုကဲ့သို့ သဘောထားသည့် ဆရာ၊ မိဘများသည် သတ္တမတန်း သင်ရိုးတွင်ပါသော “နှမ်းခိုး၍ စားသော မင်းသား ” သင်ရိုးကို ကိုးကား၍ ရိုက် သင့်သည်ဟု ကောက်ချက်ဆွဲသည်။ ငယ်စဉ်က ရိုက်နှက်ဆုံးမခဲ့၍သာ နောင် တွင် ဘုရင်ဖြစ်လာခဲ့သည်ဟု တထစ်ချ ယုံကြည်ကြသည်။

မကောင်းသည့် အကျင့်တစ်ခုကို ရိုက်နှက်ဆုံးမရုံဖြင့် ပျောက်သွားသည် ဆိုခြင်းမှာ ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင် ပါ။ လူတစ်ယောက် ပြောင်းလဲသွားရန် အတွက် ရိုက်နှက်ဆုံးမနည်း၊ ခြိမ်းခြောက် အကြပ်ကိုင်နည်း သက်သက်ဖြင့် အလုပ် မဖြစ်။အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်သုံးသပ် နိုင်စွမ်းရှိသည့် အသိဥာဏ်ရှိရန်သာ အရေးကြီးသည်။

ငယ်ရွယ်စဉ်အချိန်တွင် အပျော် သဘောဖြစ်စေ၊ မရှိ၍ဖြစ်စေ သူတစ်ပါး ပစ္စည်းကို ခိုးယူဖူးကြပေမည်။ သို့သော် အရွယ်ရောက်၍ အသိဥာဏ်ရှိလာသော အခါ မကောင်းမှန်းသိ၍ ရှောင်ကြဉ်ကြ သည်။ ထို့ကြောင့် ရိုက်နှက်ဆုံးမခြင်း ထက် အကျိုးသင့် အကြောင်းသင့် ရှင်း ပြဆုံးမ၍ အသိတရားရှိလာအောင်၊ ဆင်ခြင်စဉ်းစား တတ်လာအောင် လုပ် ပေးခြင်းကသာ ပို၍မှန်ကန်မှု ရှိပေမည်။

သို့ဆိုလျှင် မရိုက်ဘဲ အသိတရားရ လာအောင်၊ ဆင်ခြင်စဉ်းစားတတ်လာ အောင် မည်သို့ လုပ်မည်နည်း။ မရိုက်ရ ဟု ညွှန်ကြားချက် ထုတ်ရုံဖြင့် ပြီးသွား သလော။ ညွှန်ကြားချက်နောက်တွင် ယင်းညွန်ကြားချက် အသက်ဝင်ရေး ထောက်ပံ့မည့် အစီအစဉ် အတွဲလိုက်ရှိ ပါ၏လော။

၁) စိတ်နေသဘောထားကိစ္စ
ရိုက်ခြင်း၊ မရိုက်ခြင်းသည် ဆရာ၊ ဆရာမတစ်ဦးချင်းစီ၏ ပင်ကို စိတ်နေ သဘောထား၊ စိတ်ခံစားချက်ပေါ်တွင် လည်း မှီတည်နေနိုင်သည်။ အနေအေး၍ စိတ်သဘောထားနူးညံ့သော ဆရာဆ ရာမများမှာ ရိုက်ဖို့ မဆိုထားဘိ စကား ကိုပင် ကြမ်းကြမ်းတမ်းတမ်း မပြောကြ ပေ။ စိတ်တို၊ စိတ်ဆတ်သော ဆရာ၊ ဆရာမများမှာမူ ရိုက်လိုက်၊ ပုတ်လိုက် ရမှ နေသာထိုင်သာ ရှိကြသည်။

ဤသို့ အမျိုးမျိုး အဖုံဖုံ အစုံစုံ သော စိတ်နေသဘောထားများ ရှိသည့် ဆရာ ဆရာမများကို မရိုက်ရဟူသည့် ညွှန်ကြားချက်နှင့်အညီ စိတ်နေ သဘော ထားပြောင်းရေး သက်ဆိုင်ရာက မည်မျှ အလေးအနက်ထား စဉ်းစားထားပါ သနည်း။

၂) လူမှုဘ၀ ဖိအားများ၏ ထွက် ပေါက်
ရိုက်နှက်ဆုံးမသည့် ကိစ္စတချို့တွင် တွေ့ရလေ့ရှိသည်မှာ စာသင်ခန်း ပင်ပမှ အဆင်မပြေမှု၊ စိတ်ဖိစီးမှုနှင့် ချုပ်တည်းထားရသော ဒေါသများကို စာသင်ခန်းတွင်း သယ်လာပြီး ကလေး များကို သားကောင်အဖြစ် ပစ်မှတ်ထား မိတတ်ကြသည်မျိုးလည်း ရှိသည်။ ဆရာဆရာမများတွင် လူမှုဘ၀ ဖိအား များ တတ်နိုင်သမျှ လျော့ပါးအောင် ကြိုးစားခြင်းသည် ရိုက်နှက် မဆုံးမရ ဟူသည့် ညွှန်ကြားချက်အတွက် များစွာ အထောက်အပံ့ ဖြစ်ပေသည်။ ” အိမ်က ထွက်လာကတည်းက ရိုက်ချင်နေတာ” ဟူသည့် ဆရာဆရာမ များအတွက် သက်ဆိုင်ရာက ယင်းအတွက် မည်မျှလေးအနက်ထား စဉ်းစားထားပါ သနည်း။

၃) သက်ဝင်ယုံကြည်နေမှု
အထက်တွင် ပြောခဲ့သလိုပင် ရိုက် ပြီးဆုံးမခြင်းနှင့် ပတ်သက်ပြီး ဆရာ မိဘများကြားတွင် ယုံကြည်မှု အမျိုးမျိုး ရှိသည်။ ” အိုးကောင်းလိုလျှင် နာနာ ရိုက်ရမည်” ဟူသည့် ယုံကြည်မှုမျိုး လက်ရှိ မြန်မာ့လူအဖွဲ့အစည်းတွင် မည်မျှအထိ စိမ့်ဝင် နေသနည်း။ မရိုက် လျှင် အလုပ်မဖြစ်ဟု ယုံကြည်နေသည့် ဆရာဆရာမများကို မည်သို့ နားလည် အောင် ပြောပြစည်းရုံးမည်နည်း။
ယင်းအတွက် သက်ဆိုင်ရာက မည် သို့ စဉ်းစားထားပါသနည်း။

၎) မရိုက်ဘဲ ကိုင်တွယ်နည်း
စိတ်နေသဘောထားအစုံ၊ မိသားစု အစုံ၊ နောက်ခံအကြောင်းအချက်မျိုးစုံရှိ သည့် ကျောင်းသားများကို ၎င်းတို့၏ ကွဲပြားမှုအလိုက် မည်သို့ကိုင်တွယ်မည် နည်း။ ကျောင်းသားဆိုးများကို နားဝင် အောင် ဆုံးမရန်ဆိုသည်မှာ အပြော လွယ်သလောက် အလုပ်ခက်လှပေသည်။ ယင်းအတွက် သက်ဆိုင်ရာက မည်မျှ အလေးအနက်ထား စဉ်းစားထား ပါသနည်း။

ဤသည်မှာ စာရေးသူစဉ်းစားမိသမျှ ဖြစ်သည်။ တတ်သိသူများ ပိုမြင်၊ ပိုစဉ်း စားမိကြပေမည်။တိုက်ပွဲတစ်ခု အောင်မြင်ရန်မှာ လက်နက် ကိရိယာအစုံရှိမှ၊ စစ်မြေ ပင်အခြေအနေကို ကောင်းစွာ သဘော ပေါက်မှ၊ စစ်ရေးစစ်ရာ ကျွမ်းကျင်မှ စသဖြင့် များစွာသော အထောက်အပံ့များ လိုပေသည်။
ပြောင်းလိုက်သည့်မူ^ညွှန်ကြား ချက်တစ်ခု မည်မျှ အသက်ဝင်သည်မှာ အဆိုပါ မူဝါဒကို ထောက်ပံ့ပေးမည့် အခင်းအကျင်း မည်မျှကောင်းသည် အပေါ်တွင် မူတည်သည်။

အချုပ်အနေဖြင့် မေးခွန်းမေးလို သည်မှာ မရိုက်ရဟူသည့် ညွန်ကြားချက် နောက်တွင် ထိုအရာများရှိပါ၏လော။