လူထုနှင့် ပိုပိုနီးလာသော အရပ်သားများ၏ သေနတ်သံများ

0
400

သေနတ်များ သာမန် အရပ်သား များ၏ လက်ထဲ ရောက်ရှိနေခြင်းမှ တစ်ဆင့် ထားဝယ်ခရိုင် တောင်သုံးလုံး ဒေသတွင် တစ်နှစ်အတွင်း သေနတ် ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။လွန်ခဲ့သည့် မတ်လ ၂၂ ရက် နေ့က တောင်သုံးလုံးဒေသ သစ်ခက် ချောင်းကျေးရွာတွင် အမျိုးသားတစ်ဦးက ညီအစ်ကို ၂ ဦးအား တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

လတ်တလော အောက်တိုဘာလ ၁၃ ရက် အရုဏ်တက်ချိန်တွင် တောင် သုံးလုံးရွာအတွင်း အရပ်သားနှင့် ရဲတပ် ဖွဲ့တို့ သေနတ် အပြန်အလှန် ပစ်ခတ်ခဲ့ ရာမှ လက်နက်ကိုင် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ယခုအခါ တောင်သုံးလုံး ဒေသ ခံများ စိုးရိမ်တကြီး မေးခွန်းထုတ်လာ ကြသည်။
သေနတ်သံတွေက လူတို့နှင့် ပိုနီး လာပြီလား။ အရပ်သားတွေလက်ထဲ သေနတ်တွေ ဘယ်လောက် စိမ့်ဝင်နေ ပြီလဲ..။

” နယ်လူထုအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့သဘော ရှိတယ်။ တောပုန်း(တူမီး)တွေလည်း တောလိုက် မုဆိုးတွေက တော်တော်များများကို သုံး နေကြတာပဲ။ လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ ပေါ်တင်ကြီးယူသွားတာ တွေ့နေရ တာပဲ” ဟု တောင်သုံးလုံးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြော သည်။ထိုမေးခွန်းများက ထားဝယ် ဒေသသို့ပါ ကူးစက်လာပြီး လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့ လယ်ခေါင် သေနတ်ပစ်ပွဲကို ထားဝယ် လူထုပြန် အမှတ်ရစေသည်။

၂၀၁၆ ခုနှစ် မေလ ၁၄ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် ယင်း မြို့လယ် ခေါင် သေနတ်ပစ်ပွဲတွင် မူးယစ်ဝရမ်း ပြေးတစ်ဦးက ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးသည်။ ” သာမာန်လူတွေ သေနတ်ကိုင် ထားတော့ စိုးရိမ်စရာတွေ ဖြစ်လာ တာပေါ့။ အနုကြမ်းစီးမှု၊ လုယက်မှုတွေ ဆိုလည်း သေနတ်တွေနဲ့ ဖြစ်လာ နိုင်တယ်၊ ဆေးဝါးသုံးစွဲပြီး သာမန်စိတ် မဟုတ်ချိန် လက်ထဲ သေနတ်ရှိနေရင် ဘေးလူတွေအတွက် စိုးရိမ်စရာပေါ့” အထက်ပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ် အား ကိုယ်တိုင်မြင်ခဲ့သူ မြောက် ရွာရပ် နေ အသက် ၅၀အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း အကြောင်း အမျိုးမျိုးဖြင့် သေနတ်ကိုင် ဆောင်သူ များက လက်လုပ်တူမီးသေနတ်နှင့် ခေတ်မီ သေနတ်များ ကိုင်ဆောင်ကြသည်။
တနင်္သာရီတိုင်းအတွင်း ၂၀၁၇ ခုနှစ် တစ်နှစ်တည်းတွင်ပင် နှစ်စမှ အောက်တိုဘာ ၁၂ ရက်အထိ တူမီး ၁၄ လက်နှင့် ပွိုင့်၂၂၊ ပစ္စတို စသည့် ခေတ်မီသေနတ် ၁၀လက် ဖမ်းဆီးရမိခဲကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။ယင်းစာရင်းတွင် အောက်တိုဘာ ၁၃ရက်တွင် ဖမ်းမိသည့် တောင်သုံးလုံး ရွာမှ ပွိုင့် ၂၂ သေနတ် ၁ လက်နှင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဖမ်းမိသည့် လက်လုပ်သေနတ် ၁ လက် တို့ မပါဝင်သေးပေ။

အထက်ပါစာရင်းများအရ မြိတ် ခရိုင်တွင်လည်း ယခုနှစ်အတွင်း တွင် လက်လုပ်သေနတ် ၇ လက်နှင့် ပစ္စတို ၁ ဖမ်းမိထားသည်။
” လက်နက်ရှိတဲ့သူတွေက အားကိုး တစ်ခုရှိနေတယ်လေ တစ်ခုကို အဆင် မပြေရင် တစ်ခုကိုလုပ်တာ သူတို့စိတ်ကူး ပေါက်ရာ လုပ်နိုင်တယ်ပေါ့၊ စိုးရိမ်စိတ် တော့ ရှိတယ်ပေါ့နော်” မြိတ်မြို့ အင်းလေး မြိုင်ရပ်ကွက်နေ ကိုမောင်ရွှေက ပြော သည်။

ကော့သောင်းခရိုင်တွင်လည်း ယခုနှစ်အတွင်း လက်လုပ်သေနတ် ၅ လက်နှင့် ခေတ်မီသေနတ် ၃ လက် ဖမ်းမိထားသည်။
” မြို့နယ်၊ ကျေးရွာတချို့မှာ သေ နတ်ဖမ်းမိတဲ့သတင်းတွေ ကြားရတယ်၊ အဲလိုကြားရတိုင်း အဲဒီဒေသက ပြည်သူ တွေအတွက် စိုးရိမ်တဲ့ ခံစားမှုမျိုး ဖြစ်မိပါတယ်” ဟု ကော့သောင်းမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်နွယ်ရီလင်း က ပြောသည်။ကော့သောင်းကဲ့သို့သော နယ်စပ် နေရာမျိုးတွင် ခေတ်မီသေနတ်များ ငွေ ရှိက အလွယ်တကူဝယ်နိုင်ပြီး ငွေကြေး ဖောသီစွာ သုံးစွဲနိုင်သော ဒုစရိုက်သမား များက ပိုမိုဝယ်ယူထားနိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းကို ထားဝယ်မြို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး လုပ်ခဲ့ဖူးသူ ဦးနိုင် မျိုးသွင်ကလည်း ထောက်ခံ ပြောဆို သည်။တိုင်းအတွင်း သေနတ်များ ဖမ်းမိ မှု၊ ပစ်ခတ်မှုများကို လေ့လာ သုံးသပ် ပါက မူးယစ်ဆေးဝါး အပါအဝင် ဒုစရိုက် လုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်သူများ လက်ထဲတွင် သေနတ်များ ကိုင်ဆောင် ထားနိုင်ကြောင်း ဦးနိုင်မျိုးသွင်က ဆို သည်။” မူးယစ်ဆေး၊ သေနတ်တွေ ဖမ်းတဲ့ အခါမှာ ရဲရဲတင်းတင်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ ပြည်သူအများ ထိခိုက် နစ်နာနိုင်တဲ့ ကိစ္စတွေကို အရေးစိုက်ပြီး ပြတ်ပြတ်သားသား လုပ်သင့်တယ်။ နယ်စပ်က ဝင်လာတဲ့ကား၊ ဆိုင်ကယ် တွေကို ဂိတ်တွေမှာ တိတိကျကျနဲ့ ပုံမှန်စစ်ဆေးသင့်တယ်။ အဟန့်အတား တစ်ခုဖြစ်အောင်ပေါ့” ဟု ဦးနိုင်မျိုးသွင် က ပြောသည်။

စာရင်းဇယား အတိအကျ မသိ ရသော်လည်း လွန်ခဲ့သည့် နှစ်များ တွင်လည်း လူထုကြားက သေနတ်များ အနည်းနှင့်အများ ဖမ်းမိခဲ့သည်မှာ အသေအချာ။
လက်ရှိတွင် သေနတ်များ သာမန် အရပ်သားများကြား မည်မျှ စိမ့်ဝင် ပျံ့နှံ့နေမည်ကို မည်သူမျှ မခန့်မှန်းနိုင်။သေနတ်များက လူထုကြားထဲ ပျံ့နှံ့နေခြင်း မဟုတ်ဘဲ မကောင်းသည့် ဒုစရိုက်အလုပ် လုပ်နေသူ တစ်ချို့တွင် သာ တွေ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။
” ငါတို့မိတဲ့သူ အတော်များများက ဟိုဖက်တွေက ဝယ်တာများတယ်၊ ဟို ဖက်(ထိုင်းနိုင်ငံ)တွေက ဝယ်ပြီးတော့ ဆောင်ထားကြ တယ်ပေါ့နော်၊ အဲဒီ အထဲမှာ မူးယစ် အရောင်းအဝယ်လုပ် တဲ့သူတွေကလည်း ဆောင်တတ်တဲ့ သဘောတွေ လာတွေ့တယ်၊ အရန်ပေါ့ နော်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် သူအချို့က ၎င်းတို့အန္တရာယ် ဖြစ်လာ ချိန်တွင် ကာကွယ်ရန်အတွက် သေနတ် ဆောင်ကြသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။တနင်္သာရီအပတ်စဉ်မှ မေးမြန်းသူ အားနီးပါးက သေနတ်များ အရပ်သား များကြားသို့ စိမ့်ဝင်ရောက်ရှိနေမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ကိုင်တွယ် နေမှုမှာ အားရဖွယ်မရှိကြောင်း ဖြေဆို ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာ လဲ့လဲ့မော်ကကလည်း ယခင် ကတည်းက မထိန်းချုပ်နိုင်ခဲ့သည့် နယ် စပ်ဂိတ်ပေါက်များကို လက်ရှိ အချိန် အထိလည်း ” ဒီဒေသမှာ သေနတ် ဘယ်လောက် ရှိတယ်ဆိုတာ ကျွန်မကလည်း မသိဘူး ပေါ့ရှင်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုအထိ တော်တော် များများတော့ ပျံနှံ့နေတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ သေနတ်ကိစ္စနှင့် ပက်သက် သည့် စီမံချက်များကို ယခင်ကလည်း လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန် အထိ လုပ်ဆောင်နေသည့်အပြင် မူဝါဒရေးရာ ပိုမိုအားကောင်းလာစေရန် ပြည်ထောင်စု အစိုးရသို့လည်း အမြဲတမ်း တင်ပြနေ သည်ဟု ဒေါက်တာ လဲ့လဲ့မော်က ဆို သည်။သေနတ်ကိုင်ဆောင်သူများကိစ္စမှာ မူဝါဒရေးရာအရ တိုင်းဒေသကြီး အစိုး ရက အပြည့်အဝ လုပ်နိုင်စွမ်း မရှိသည့် ကိစ္စဖြစ်သောကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း အရေးကြီးကဏ္ဍအနေ ဖြင့် တင်ပြထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ပြည်သူလူထုအနေဖြင့် သေနတ် ကိစ္စကို စိုးရိမ် ပူပန်နေရုံဖြင့်မပြီးဘဲ သေနတ်သတင်းကြားပါက သက်ဆိုင် ရာ အဖွဲ့အစည်းများကို သတင်းပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။” ဒီအိမ်မှာတော့ သေနတ်ရှိ နိုင် တယ်ဆိုပြီး တိုးတိုးတိတ်တိတ် ကျွန်မ တို့ကို သတင်းပေးရမှာ။ သတင်း ပေးလို့ရှိရင်တော့ ကျွန်မတို့က ဖြစ်နိုင် ချေရှိမရှိ ကျွန်မတို့ဘက်က ကျွန်မ တို့နည်း ကျွန်မတို့ဟန်နဲ့ စုံစမ်း၊ စုံစမ်း ပြီးတော့မှ တကယ်ဖြစ်တယ် ဆိုလို့ ရှိရင် ကင်းပုန်းဝပ်ဖမ်းတာပဲဖြစ်ဖြစ် လုပ်ဆောင်ရမှာ” ဟု ၎င်းက ဆိုသည်။

တနင်္သာရီအပတ်စဉ်မှ မေးမြန်းသူ များက တာဝန်ရှိသူများက သေနတ် ကိစ္စကို လက်ရှိကိုင်တွယ် ဆောင်ရွက် နေမှုထက် ပိုမို အားထုတ် ဆောင်ရွက် စေလိုကြောင်း ပြောကြသည်။

” အစိုးရအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီး ပံ့ပိုးသင့်တယ်၊ ကြံ့ခိုင်ပြီးစွမ်းရည်မြင့်တဲ့ ပြည်သူ့ ရဲလက်နက်ကိုင် အဖွဲ့အစည်းဖြစ်အောင် ပြုလုပ်ပေးသင့်တယ်၊ သေနတ်ကို တရားမဝင် ကိုင်ဆောင်မှု လျော့ကျ အောင်၊ မရှိအောင် ပူးပေါင်း ဆောင် ရွက်ပေးသင့်တယ်၊ ထိထိမိမိ စစ်ဆေး ရေးတွေ ပြုလုပ်ပေးသင့်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်နွယ်ရီလင်း ကပြောသည်။