မြိတ်တွင် ဓားထောက်ခြိမ်းခြောက် အလစ်သုတ်မှု ဆက်တိုက်ဖြစ်

0
369

မြိတ်မြို့တွင် ယခုတစ်ပတ်အတွင်း ဓားထောက် ခြိမ်းခြောက်ခြင်းနှင့် အလစ် သုတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအသိုင်း အဝိုင်းနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။

မြစ်ငယ်ရပ်ကွက်ရှိ ကန်ကြီး ရေကန် ဘောင်တွင် အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အမျိုးသမီး နှစ်ဦး ဆိုင်ကယ်ဖြင့် ကန်ဘောင်ဘေးလမ်းမှ ဖြတ်လာစဉ် အမျိုးသား ၃ ဦးက ဓားထောက် ခြိမ်းခြောက်သဖြင့် ငွေသောင်း ဂဏန်း၊ လက်ဝတ်ရတနာ တစ်ချို့နှင့် ဖုန်းတို့ကို ပါသွားခဲ့ကြောင်း ကာယကံရှင်နှင့် ရင်းနှီး သူတစ်ချို့ထံမှ သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၁ ရက်က ကန်ဘောင်ဘေးလမ်း ညဘက် အချိန်တွင် သမီးရည်းစား စုံတွဲတစ်တွဲအား လူတစ်ဦးက ဓားဖြင့် လိုက်ထိုးသဖြင့် ထွက်ပြေးခဲ့ရသည် ကို မြင်တွေ့ရကြောင်း ကန်ဘောင်အနီး နေထိုင်သူတစ်ချို့မှ သိရသည်။အောက်တိုဘာ ၁၂ ရက်တွင် ဆိပ်ငယ် ဈေးကြီးရှိ အထည်တစ်ဆိုင်တွင် အမျိုး သမီးတစ်ဦးမှ အထည်ရွေးဝယ်စဉ် ပိုက်ဆံ အိတ်ကို ဘေးတွင်ချထားမိပြီးနောက် အလစ် သုတ်ခံလိုက်ရကြောင်း ယင်း အထည်ဆိုင်မှ သိရသည်။

ယင်းပိုက်ဆံအိတ်တွင် ငွေ ၂၃ သိန်း ကျော်နှင့် ဖုန်းတစ်လုံးပါသွားခဲ့ပြီး ပိုက်ဆံ အိတ်၊ မှတ်ပုံတင်နှင့် ဘဏ်စာအုပ် တို့အား အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြိတ် အဝေးပြေးကားဝင်းအနီးမှ တွေ့ရှိခဲ့ကြောင်း မြို့မ ရဲစခန်းမှ သိရသည်။အဆိုပါ ဖြစ်စဉ်တို့အတွက် ကာယ ကံရှင်တို့ဘက်မှ ရဲစခန်းတွင် အမှုဖွင့် ဆောင် ရွက်ထားခြင်း မရှိကြောင်း မြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်က ပြောပြသည်။