တိုင်းအစိုးရနှင့် လယ်သမားများ တွေ့ဆုံပွဲ အဖြေမရ

0
628

ထားဝယ်မြို့ပြ စီမံကိန်းဧရိယာ အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေ ပြဿနာ ဖြေရှင်းပေးရေး ထားဝယ် လယ်သမားများနှင့် တိုင်းအစိုးရအဖွဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ ဆုံခဲ့သော်လည်း အဖြေတစ်စုံတရာမရ ခဲ့ဟု ထားဝယ်ခရိုင် လယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေး က ပြောသည်။

ထို့ကြောင့် မြေယာပြဿနာ တွေ့ ဆုံဆွေးနွေး အဖြေရှာပေးရေးနှင့် ဥပဒေ မဲ့လုပ်ဆောင်မှုများ ရပ်တန့်ပေးရေး အတွက် လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆန္ဒပြမည်ဟု ဒေါ်ရီရီထွေး က ပြောသည်။

တွေ့ဆုံပွဲတွင် လယ်သမားတို့၏ အခြေခံတောင်းဆိုချက်ဖြစ်သော ငါးပွင့် ဆိုင် ရက်သတ်မှတ်ရေး အပါအဝင် လယ်သမားများ၏ လိုအပ်ချက်များကို ပြောဆိုခွင့် ပေးခဲ့သော်လည်း တစ်စုံ တစ်ခုမျှ ဆောင်ရွက်ပေးရန် အဖြေမရ ခဲ့ဟု ဒေါ်ရီရီထွေးက ပြောသည်။

ထို့အပြင် တွေ့ဆုံပွဲအား မှတ်တမ်း တင်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့သည့် အတွက် တရားဝင်တွေ့ဆုံမှုဟု မသတ်မှတ် ခဲ့ကြောင်း လယ်သမားများက ဆိုသည်။
” တာဝန်ရှိသူတွေလို့ လာတွေ့ပြီး တာဝန်တစ်ယောက်မှ မယူကြဘူး”ဟု ဒေါ်ရီရီထွေးက ဆန္ဒပြရန် ဆုံးဖြတ် ရခြင်း အကြောင်းကို ရှင်းပြသည်။
ယင်းတွေ့ဆုံပွဲအား မွန်းလွဲ ၂ နာရီ မှ ညနေ ၅ နာရီအထိ ၃ နာရီ တိတိ တိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘက်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်း အင်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ် ရေးဦးစီဌာန၊ ဥပဒေအရာရှိ စသူတို့ တက်ရောက်ခဲ့ပြီး လယ်သမား များဘက်မှ လယ်သမားကိုယ်စားလှယ် များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲအပြီးတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းအား တနင်္သာရီ အပတ်စဉ်မှ သွားရောက်မေးမြန်းခဲ့သော်လည်း ဝန်ကြီးက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ထားဝယ်ခရိုင် တောင်သူလယ် သမားသမဂ္ဂနှင့် ထားဝယ်လယ်သမား များမှ လွန်ခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့မှ စပြီး လယ်ယာမြေ ပြဿနာများ ဖြေရှင်း ရေး ၅ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သဘော ထား ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ဖူး ပြီး ကြားကာလများတွင် စာဖြင့် တောင်းဆိုမှုများ ရှိခဲ့သည်။

လယ်သမားများ တောင်းဆိုသည့် ၅ ပွင့်ဆိုင်တွင် အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များ၊ အာဏာရပါတီ တာဝန် ရှိသူများ၊ တောင်သူလယ်များ ကိုယ်စား လှယ်များနှင့် လယ်သမားကိုယ်တိုင်တို့ ပါဝင်သည်။ ယင်းသို့ ၅ပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းရန် တောင်းဆိုမှုအား အစိုးရ ဘက်မှ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ ထားသည်ဟုဆိုပြီး လယ်သမားများ ဘက်က လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် အားလုံး ပြင်ဆင်ထားပြီးသည့်နောက် အစိုးရ ဘက်မှ အောက်တိုဘာ ၁၄ ရက်နေ့တွင် တွေ့ဆုံရန် အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

သို့ကြောင့် လယ်သမားများက ဆန္ဒပြရန် ခေတ္တဆိုင်းငံ့ကာ တွေ့ဆုံပွဲ တက်ရောက် ခဲ့ကြခြင်းဖြစ်သည်။တွေ့ဆုံပွဲတွင် ပြသနာဖြေရှင်းရေး အဖြေတစ်စုံတရာ မရခဲ့သည့်အတွက် လယ်သမားများ စုပေါင်းတိုင်ပင်ကာ ဆန္ဒပြမည့် အစီအစဉ်ကို ပြန်လည် ဆုံးဖြတ်ကြကြောင်း ဒေါ်ရီရီထွေးက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ပြ စီမံ ကိန်း ဧရိယာအတွင်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်နေသည့်ဌာနများ၊ ကုမ္ပဏီများ နှင့် ထားဝယ်လယ်သမားများ ထိပ်တိုက် တွေ့ အခင်းဖြစ်မှုများကြောင့် လယ်သမား အချို့ ထောင်ကျခံခဲ့ရခြင်း၊ အမှုရင်ဆိုင် နေရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။
ထားဝယ်ခရိုင်အတွင်းမှ လယ်သမား များသည် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လယ်ယာမြေ အရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြပွဲ ၃ ကြိမ် ပြုလုပ်ဖူးသည်။