ထားဝယ်ခရိုင်တွင် လူငယ်တစ်ရာလျှင် ခြောက်ဆယ်ဦး ပြည်ပရောက်နေ

0
384

ထားဝယ်ခရိုင်အတွင်းရှိ အသက် ၁၅နှစ်မှ ၂၄နှစ်ကြား အရွယ် လူငယ် တစ်ရာဦးလျှင် ခြောက်ဆယ်ဦးမှာ ပြည်ပရောက်ရှိနေကြောင်း အောက် တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ကလေး သူငယ်နှင့် လူငယ် အကြောင်း အရာ သုတေသန စာတမ်းအရ သိရ သည်။

ကလေးသူငယ်နှင့် လူငယ် အ ကြောင်းအရာ သုတေသနစာတမ်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစု ထားခြင်းဖြစ်ပြီး အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန၊ ပြည်သူ့အင်အားဦးစီဋ္ဌာန က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ်ခရိုင်ရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား အရွယ် လူငယ် လေးသောင်း ခွဲနီးပါး(၄၃၄၄၉ဦး) ပြည်ပတွင် ရောက် ရှိနေသည်။
၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ထားဝယ်ခရိုင်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ် ရှစ်သောင်းနီးပါး(၇၈၃၅၀ဦး) ရှိသည်။

” အဲဒါက ကောင်းတဲ့ အလားအလာ တော့ မဟုတ်ဘူး။ ဒီအရွယ်တွေက ပညာသင်ရမယ့်အရွယ်၊ ကျောင်းမှာပဲ ရှိနေရမယ့် အရွယ်တွေဖြစ်တယ်”ဟု ထားဝယ်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်မင်းထိုက်က ပြောသည်။ပြည်ပတွင် လူငယ်များ ရောက်ရှိ နေခြင်းမှာ အကြောင်းအမျိုးအမျိုး ကြောင့်ဖြစ်နိုင်ပြီး အများစုသည် အလုပ် အကိုင် အခွင့်အလမ်းကြောင့် ဖြစ်နိုင် သည်ဟု ကိုကျော်မင်းထိုက်က ဆိုသည်။

ယင်းသို့ အခြေအနေမျိုး မဖြစ် စေရန် ပြည်တွင်းတွင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေး ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။ထားဝယ်ခရိုင်သည် တစ်နိုင်ငံလုံး ရှိ ပြည်ပရောက် လူငယ်အများဆုံး ခရိုင်များအနက် ဒုတိယ အများဆုံးခရိုင် ဖြစ်ကြောင်း အဆိုပါ သုတေသနအရ သိရသည်။

အများဆုံးခရိုင်မှာ ကရင်ပြည်နယ် ရှိ ဘားအံခရိုင်ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် ၁၀၀ဦးလျှင် ၆၅ဦး ပြည်ပတွင် ရောက်ရှိနေသည်။
တနင်္သာရီတစ်တိုင်းလုံးတွင်မူ အသက် ၁၅ နှစ်မှ ၂၄နှစ်ကြားအရွယ် လူငယ် ၁၀၀ ဦးလျှင် ၃၀ ဦး ပြည်ပ ရောက်ရှိသည်။