လူငယ်များကို စာကြည့်တိုက်ဖြင့် မျှားနိုင်ပါစေ

0
615

အမေရိကန်နိုင်ငံကို အုပ်ချုပ် ခဲ့ဖူးသော သမ္မတလင်ကွန်း၏ ဘ၀ အကြောင်းကို စိတ်ဝင်စား၍ သူ့ဘ၀ အကြောင်း တစ်စေ့တစ်စောင်းကို လေ့လာဖူးသည်။ ထိုထဲတွင် စာကြည့် တိုက်နှင့်ပတ်သက်သည့် သူ့ဘ၀ ဖြတ် သန်းမှုမှာ မှတ်သားလောက်စရာ။

သမ္မတလင်ကွန်း၏ ငယ်စဉ်ဘ၀က အမေရိကန်နိုင်ငံ၌ စာကြည့်တိုက် ရှား ပါးသည်။ သူသည် စာကြည့်တိုက်တွင် စာအုပ်ဖတ်ရန် နေအိမ်မှ မိုင်ပေါင်း များစွာဝေးသောခရီးကို ဖြတ်သန်းသွား ခဲ့ရသည်။ စာကြည့်တိုက်သည် သူ့ဘ၀ တွင် မရှိမဖြစ် အရေးပါသော အရာ တစ်ခု ဖြစ်ခဲ့သည်။ ထိုစာကြည့်တိုက်မှ စာအုပ်စာပေ ပေါင်းများစွာကို ဖတ်ရှုခဲ့ ရသည့်အတွက် အသိပညာများစွာကို ရရှိခဲ့သည်။

ထိုစာကြည့်တိုက်မှ စာအုပ် စာပေ များကပင်လျှင် သမ္မတ တစ်ဦးဖြစ်ရန် အတွက် မှီခိုအားထားစရာ ဖြစ်ခဲ့သည်။ ခွန်အားတစ်ခုလည်း ဖြစ်စေခဲ့ပါသည်။ သူသည် အမေရိကန်နိုင်ငံ၏ သမ္မတ တစ်ဦးဖြစ်အောင် ကြိုးစားခဲ့သည်။ အမှန်တကယ်လည်း သမ္မတ ဖြစ်လာခဲ့ သည်။သမ္မတလင်ကွန်း၏စာအုပ် စာပေ များအပေါ် စိတ်ဝင်စားမှုကို မြန်မာ လူငယ်များ အားကျအတုယူစေချင် မိသည်။

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသော အဆိုရှိသကဲ့သို့ပင် ယနေ့ လူငယ်များကပင်လျှင် နောင်တစ်ချိန်တွင် ခေါင်းဆောင်များ ဖြစ်လာလေမည် မဟုတ်ပါလော။သို့သော် ယနေ့လူငယ်များအနေဖြင့် စာအုပ်စာပေအပေါ် စိတ်ဝင်စားမှု အားနည်းလာ၊ စာဖတ်အား လျော့ကျ လာ၊ စာအုပ်စာပေနှင့် ဝေးကွာလာသည် ကို တွေ့ရသည်။

အကြောင်းအရင်း များစွာအနက် စမတ်ဖုန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
လူငယ်များသည် စမတ်ဖုန်းကို စွဲစွဲမြဲမြဲ တွင်တွင်ကျယ်ကျယ် အသုံး ပြုလာ ကြပါသည်။ ကမ္ဘာနှင့်ရင်ဘောင် တန်းပြီဟု ပြောနိုင်သော်လည်း စမတ် ဖုန်းသည် စာဖတ်ခြင်းအတွက် အန္တရာယ် ဖြစ်လာသည်။

” အခုအချိန်မှာ ဖုန်းတွေ ဒီလောက် ပေါနေတာပဲ၊ စာအုပ်ဝယ်ပြီး ဖတ်နေ စရာ မလိုတော့ပါဘူး၊ စာကြည့်တိုက် သွားပြီးလည်း စာဖတ်နေစရာ မလို တော့ပါဘူး၊ ဖေ့စ်ဘွတ်ပေါ် အင်တာနက် ပေါ်မှာလည်း စာဖတ်လို့ ရနေတာပဲ” ဟု လူငယ်အချို့ ပြောဆိုသည်ကို အမြဲ တမ်းလိုလို ကြားနေရသည်။
စမတ်ဖုန်းဆိုသည်မှာ သုံးတတ် လျှင် ဆေးတစ်ခွက်ဖြစ်ပြီး မသုံးတတ် လျှင်တော့ ဘေးတစ်ရပ် ဖြစ်လာနိုင် သည်။ ဖေ့စ်ဘွတ်ပေါ်၊ အင်တာနက် ပေါ်ဖတ်ရသော စာပေ၏အရသာနှင့် အပြင်မှာ ဖတ်ရသော စာပေ၏ အရသာ၊ စာကြည့်တိုက်တွင် ဖတ်ရသော စာပေ၏ အရသာ လုံးဝ တူမည်မဟုတ်။ အထူး သဖြင့် ဖေ့စ်ဘွတ် ဖြစ်သည်။

ဖေ့စ်ဘွတ်ဆိုသည်က တင်ချင်တိုင်း တင်နေကြ ရေးချင်တိုင်းရေးနေကြ ပြောချင်တိုင်းပြောနေကြသည့် ဆက် သွယ်ရေး လူမှုကွန်ရက် တစ်ခုသာ ဖြစ် သည်။
ပုဂ္ဂိုလ်စွဲ ဝါဒစွဲ ဂိုဏ်းဂဏစွဲ သမား များကလည်း ဖေ့စ်ဘုတ်ပေါ်၊ အင်တာ နက် စာမျက်နှာများပေါ်တွင် တစ်ဦးနှင့် တစ်ဦး ဆဲရေးတိုင်းထွာ ပုတ်ခတ်ဝေဖန် နေကြပြန်သည်။ ဖတ်ရသူများ စိတ်မချမ်း သာ ဒေါမနဿများစွာ ဖြစ်ကြရသည်။

အွန်လိုင်းပေါ် စာဖတ်သည့်အခါ နောက်ထပ် ရင်ဆိုင်ရသည့် ကိစ္စတစ်ခုမှာ အာရုံထွေပြားခြင်း ဖြစ်သည်။စာဖတ်သည်ဆိုဦးတော့ ဖတ်နေချိန် တွင် မက်ဆေ့ခ်ျကနေ စကားလာ ပြော သူများရှိပါက ပြန်ပြန်ပြောမိရင်း စာဖတ် သည်က ဘယ်နားရောက်သွားမှန်း မသိ။စကားလာပြောသူ မရှိသော်လည်း မိမိတင်ထားသည့် ပို့စ်နှင့် ပတ်သက်ပြီး ဖြစ်စေ၊ မိမိ Like လုပ်ထား၊ မှတ်ချက် ရေးထားသည့် ပို့စ်များနှင့် ပတ်သက် ပြီဖြစ်စေ ကိုယ့်ကို အချက်လာပြသည့် အခါ ဝင်ကြည့်မိရင်း အခြားအရာများ နောက်ကို ကောက်ကောက်ပါသွား ပြန်သည်။

ဤမျှလောက် ရှုပ်ထွေးပွေလီ၊ ပျားပန်းခတ်နေသော ဖေ့စ်ဘွတ်ပေါ်တွင် စာဖတ်နေခြင်းဖြင့် လူငယ်များတွင် မည်သို့သော အကျိုးတရားများကို ရနိုင် မည်နည်း။
သုံးသပ် စဉ်းစားကြည့်မိကြဖို့ လိုပါ သည်။အွန်လိုင်းပေါ်တွင် စာဖတ်သည်ဟု ဆိုရာတွေလည်း စာဖတ်သူက ၁၀၀ တွင် ၁၀ ယောက်သာ ရှိမည်။ တစ်ခြားကိစ္စ များဖြင့်သာ စမတ်ဖုန်းများကို အသုံးပြု နေကြသည်က များသည်။

ထို့ကြောင့် စာအုပ်ကို စာကြည့် တိုက်တွင် ဖတ်ခြင်းက အကောင်းဆုံး အထိရောက်ဆုံးဟု စာရေးသူ မြင်မိပါ သည်။စာကြည့်တိုက်ဆိုသည်မှာ စာအုပ် ပေါင်းမြောက်များစွာ စုဝေးရာဌာန ဖြစ် သကဲ့သို့ စာဖတ်ဝါသနာပါသူ အချင်း ချင်းလည်း ပေါင်းဆုံရာနယ်မြေ ဖြစ် သည်။ မိမိဖတ်ချင်သော စာအုပ်များ ကိုလည်း တစ်ကူးတစ်က ရှာဖွေနေစရာ မလိုတော့ဘဲ စာကြည့်တိုက်တွင် အလွယ်တကူ ရနိုင်မည်။

လူငယ်များ စာမဖတ်ကြသည်နှင့် ပတ်သက်သည့် နောက်အကြောင်း အရင်းတစ်ခုမှာ လူငယ်များကို စာကြည့် တိုက်များက မဆွဲဆောင်နိုင်ခြင်း ဖြစ် သည်။
မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့ အပြားတွင် စာကြည့်တိုက်ပေါင်း ထောင်နှင့်ချီပြီး မြောက်များစွာ ရှိနေ ပါသည်။ သို့သော် သက်ဝင်လှုပ်ရှား နေသည်မှာ အနည်းငယ်သာ ရှိသည်။ တံခါးပိတ် သော့ခတ်ထားရသော စာကြည့် တိုက်များက မြောက်များစွာ အဘယ် ကြောင့်နည်း။

၁) စာကြည့်တိုက်ရှိသော ရပ်ကွက် ကျေးရွာများ၌ နေထိုင်ကြသူ များတွင် အထူးအားဖြင့် လူငယ်များသည် တခြား နိုင်ငံများတွင် အလုပ်လုပ် နေကြရသည်။
၂) ကျန်ရှိနေသော လူငယ်များက လည်း ဖုန်းများဖြင့် အချိန်ကုန်နေကြ သည်။
၃) စားဝတ်နေရေးအတွက် အခါ မလပ် လုံးပမ်းနေရသည်။
၎) လူကြီးများကလည်း လူငယ် များအား စာကြည့်တိုက်သို့ စာ ဖတ်ရန် အရောက်မခေါ်နိုင်၊ လူကြီးများ ကိုယ်တိုင်ကလည်း စာဖတ်သည့် အလေ့ နည်းလာသည်။
၅) ဆရာဆရာမများက လည်း ကျောင်းသားများ၏ စာဖတ်သည့် အလေ့ကို မပျိုးထောင်တော့။
၆) ကျောင်းစာကြည့်တိုက်များ သည်လည်း စာဖတ် ဝါသနာမျိုးစေ့ကို မမြှုပ်နှံ ပေးနိုင်တော့။
၇) ရုပ်မြင်သံကြား၊ စမတ် ဖုန်း အပါအဝင် လူတို့အတွက် ဖျော်ဖြေရာ များလာသည်။
အခြားအကြောင်းအရင်း များစွာ လည်း ရှိပေဦးမည်။

စာကြည့်တိုက်တစ်ခု တည်ထောင် ရန် ရပ်ကွက်ရှိ လူကြီးများနှင့် တိုင်ပင် ကြည့်ဖူးသည်။ သူတို့ အားလုံး ခေါင်း ခါကြသည်။
“မောင်ကျော်ဇောရေ အခုချိန်မှာ စာကြည့်တိုက်လုပ်လို့ ဘာထူးတော့ မှာလဲ။ ဘယ်သူကလာပြီး ဖတ်တော့ မှာလဲ။ လူတွေက ဖုန်းတွေနဲ့ အချိန် ကုန်နေကြတာ မင်းလည်း သိရက်သားနဲ့ ငွေကုန်လူပင်ပန်းတာပဲ အဖတ်တင်ပါ တယ်ကွ။ လုပ်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး” ဟု ပြောကြသည်။
ရပ်ကွက်အတွင်းရှိ လူငယ်များနှင့် တိုင်ပင်ကြည့်ပြန်သော်လည်း စိတ်ဝင် စားကြသည့် လူငယ်များက အနည်း ငယ်လောက်သာ ရှိသည်။
အခြေအနေက စာကြည့်တိုက် တစ်ခုဖြစ်လာရန် အတော်ခဲယဉ်းမည့် အနေအထား ဖြစ်သည်။

စာဖတ်ခြင်း၏ ကျေးဇူးတရား များလှသည်။ လူငယ်များ၏ အနာဂတ် သည် စာအုပ်စာပေ ဖတ်ခြင်းအပေါ် များစွာ မူတည်သည်။
ထို့ကြောင့် လူငယ်များစာဖတ်သည့် အလေ့ဖြစ်လာရန် မြို့တိုင်းရပ်ကွက်တိုင်း ကျေးရွာတိုင်း၌ တကယ်အလုပ်ဖြစ်သည့် စာကြည့်တိုက်များကို စနစ်တကျ တည် ထောင်ပေးရမည်ဖြစ်သည်။

အသစ်မလုပ်နိုင်က ရှိပြီးသား များကို အသက်ဝင် ရှင်သန်လာအောင် ဝိုင်းဝန်း စောင့်ရှောက် ထိန်းသိမ်းရန် လိုအပ်သည်။
နယ်ပယ်အသီးသီးက သက်ဆိုင် သူများ လူငယ်များအား စာကြည့်တိုက် ဖြင့် မျှားနိုင်ရေး ကြိုးစားကြစေချင် ပါသည်။
ယင်းသည်ပင် တိုင်းပြည် တည် ဆောက်ခြင်းဖြစ်သည်ကို သက်ဆိုင် သူများ အလေးအနက် သက်ဝင်ရန် လိုပေသည်။