ကြားလူလိုပါသည်

0
495

ထားဝယ်လယ်သမားများနှင့် အစိုးရအဖွဲ့တွေ့ဆုံသော်လည်း မပြေလည်ဟု သိရသည်။ တွေ့ဆုံပွဲအပြီးတွင် လယ်သမားများဘက်က ပြောသည်က အဖြေတစ်စုံ တရာ မရ။ ဆန္ဒပြတော့မည်။

တွေ့ဆုံပွဲမတိုင်မီက လယ်သမားများ တောင်းဆိုခဲ့သည့် ငါးပွင့်ဆိုင်ကိစ္စလည်း မပြေလည်ခဲ့ဟု ဆိုသည်။ မည်သည့်အတွက် ငါးပွင့်ဆိုင် တွေ့ဆုံရေးကိုအစိုးရဘက်ကတွန့်ဆုတ်နေ သည်မသိပါ။ မည်သည့်အတွက်ကြောင့် ကြားလူများကိုကြောက်နေသည် မသိပါ။

အချို့တွေ့ဆုံဆွေးနွေးပွဲများတွင် ဆွေးနွေးပွဲကို ပံ့ပိုးကူညီပေးမည့်၊ နှစ်ဦး နှစ်ဖက်ညှိနှိုင်းအကျိုးဆောင်ပေးမည့် ” ကြားလူ” လိုပေသည်။ ဆွေးနွေးပွဲများတွင် Facilitator ဟုခေါ်သော ကြားလူများ၏ ပံ့ပိုးကူညီမှု အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

အထူးသဖြင့် ထားဝယ်မြို့ပြစီမံကိန်း ဧရိယာမြေယာပြဿနာကဲ့သို့သော နှစ်ရှည်လများဖြစ်ပွားနေပြီး သူ့ဘက်ကိုယ့်ဘက်မကျေနပ်မှုများဖြင့် ပြည့်နှက်နေ သည့် ကိစ္စများတွင် ပို၍လိုပေသည်။ တစ်ဦးနှင့်တစ်ဦး မကျေနပ်သည့် စိတ်အခံဖြင့် တွေ့ကြသည့်အခါ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အဖြေရရန်မှာ အင်မတန် ခဲယဉ်းပေသည်။

မကျေနပ်ချက်ဖြင့်အခန်းထဲ ဝင်လာသူများနှင့် မကျေနပ်ချက်ဖြင့် အခန်းထဲက စောင့်နေသည့်အစုအဖွဲ့ နှစ်ခုတွေ့၍ ကျေနပ်ဖွယ် အဖြေ မထွက်သည်မှာ မဆန်းပေ။
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အထအနကောက် အထာကိုင်ရင်း၊ မာနထားရင်းဖြင့် မပြေလည်မှုဆီကိုသာ ဦးတည်သွားပေမည်။

လယ်သမားနှင့် အစိုးရကြားတွင် ကြားလူလုပ်ပေးမည့်သူများ လိုအပ်နေပါသည်။ အစိုးရအနေဖြင့် အကင်းပါးရမည်ဖြစ်သည်။ မာနထားနေ၍ မဖြစ်။အဖြေထွက်ရေးသာ ဦးတည်သင့်ပါသည်။ ကြားလူများပါသည်ဟု ပြောနိုင်သည့်ငါးပွင့်ဆိုင်ကို လက်ခံသင့်ကြောင်း ပြောလိုပါသည်။