မြိတ်တွင် နေ့စဉ် ရေဂါလံ ၆ သန်းခန့်လိုအပ်

0
561

ရွှေ့ပြောင်းလုပ်သားများ အပါ အဝင် လူဦးရေ ၃ သိန်းနီးပါးရှိသည့် မြိတ်မြို့တွင် နေ့စဉ် ရေဂါလံ ၆ သန်း ခန့် လိုအပ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့ရေလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပေးဝေနိုင်သည့် အတွက် မြို့နေ လူထုသည် မြေအောက် ရေတစ်မျိုးတည်းကိုသာ ထုတ်ယူသုံးစွဲ နေလျက်ရှိရာ ရေရှည်တွင် အဆင် မပြေဖြစ်လာနိုင်သည်ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ထို့ကြောင့် မြိတ်မြို့တွင် ရေချို အရင်းအမြစ် စနစ်တကျ စီမံရေး တိုင်း ဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် EDC Engineering Group Co.Ltd မှ တာဝန်ရှိသူများ၊ အရပ်ဖက် အဖွဲ့ အစည်းများ ပါဝင်သော ဆွေးနွေး ပွဲတစ်ရပ်ကို စက်တင်ဘာလ ၃၀ ရက် နေ့က မြိတ်မြို့ Grand Jade ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

မြိတ်မြို့သည် ကျွန်းမြို့ဖြစ် သောကြောင့် ရေကို စနစ်တကျ စီမံမှု မရှိပါက ရေရှည်တွင် အခက်အခဲ ဖြစ် လာနိုင်သည့်အတွက် ယင်းသို့ ဆွေးနွေး ခြင်းဖြစ်ကြောင်း သိရသည်။” မြိတ်မြို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရေချိုအရင်းမြစ်တွေ ရေချိုချောင်းတွေကို ပြန်သန့်စင်ပြီး မြို့ကိုရေပေးဖို့ EDC ကုမ္ပဏီက လာရောက်ကမ်းလှမ်းထားတဲ့ အနေထားအတိုင်း အဲဒီရေပေးဝေရေးနှင့် ပူးပေါင်းဆောင် ရွက်မယ်လို့ ပဏာမ ဆွေးနွေးထားတာ ရှိတယ်၊ တိုင်းအစိုးရ အဖွဲ့ရဲ့ လမ်းညွှန်မှုခံယူပြီး ဆက် လက်ဆောင် လုပ်ဆောင်မယ့် အစီအစဉ် တွေရှိပါတယ်” ဟု ဦးမြတ်ကိုကိုက ဆိုသည်။

ရေကိုစနစ်တကျ စီမံခန့်ခွဲပြီး သုံး စွဲနေခြင်း မဟုတ်သည့်အတွက် မြေ အောက်ရေကိုသာ အဆင်ပြေသလို ထုတ်ယူသုံးစွဲနေကြပြီး ထုတ်ယူ သုံးစွဲ မှုများလာလျှင် ရေငန်များ တိုးဝင်လာ၍ မြေအောက်ရေပျက်စီးကာ ရေနှင့် ပတ် သက်ပြီး မြိတ်မြို့သည် အတော် အခက်အခဲဖြစ်နိုင်ကြောင်း EDC Engineering Group Co.Ltd မှ ဒါရိုက်တာ ဦးအောင်မျိုးလတ်က ပြော သည်။

လက်ရှိ မြိတ်မြို့တွင် နီးစပ်ရာ အဝီစိတွင်းနှင့် ရေတွင်းများမှ ရေကိုသာ ဝယ်ယူ သုံးစွဲနေရပြီး နွေရာသီရောက် လျှင် ရေအတွက် ခက်ခဲမှုများရှိကြောင်း ရေဝယ်ယူသုံးစွဲသူများထံမှ သိရသည်။